ကိုရီးယားနဲ့
မြန်မာပြည်က လူငယ်တွေအကြောင်း နှိုင်းယှဉ်ကြည့်ရင်လည်း မြန်မာပြည်မှာဆိုရင် လူတွေရဲ့
စိတ်ပိုင်းဆိုင်ရာတွေ အတော်လေး ထိခိုက်ပျက်စီးနေတာတွေ့ရတယ်၊ အုပ်ချုပ်သူတွေကိုယ်တိုင်
ပြည်သူတွေပေါ်မှာ စေတနာမမှန်လေတော့ ငါတဘို့ထဲအတွက်ပဲ စဉ်းစားပြီး စည်းကမ်းမရှိ ဓါးမိုးအုပ်ချုပ်နေသမျှတော့
စည်းကမ်းရှိပြီး အသိပညာကြွယ်ဝတဲ့ ပြည်သူတွေဖြစ်ဖို့ လူငယ်တွေကို ပြုစုပျိုးထောင်ရတဲ့
အလုပ်ဟာလည်း မြန်မြန်နဲ့ လွယ်ကူလိမ့်မယ့် ကိစ္စတော့ မဟုတ်လောက်ပါဘူး။ ပညာရေးပိုင်းမှာကြည့်ရင်လည်း
မြန်မာပြည်မှာ စီးပွားရေး အခက်ခဲကြောင့် ပညာမသင်ကြားနိုင်တဲ့ လူငယ်တွေ၊ မူလတန်း၊ အလယ်တန်း ပညာရေးအဆင့်တောင် ပညာရေး မပြည့်စုံတဲ့ လူငယ်တွေ၊
အာဏာရှင် အစိုးရ အဆက်ဆက် တိုင်းပြည်ရဲ့ ပညာရေးနဲ့ ကျမ္မာရေးစားရိပ်ကို အနဲဆုံးသုံးပြီး
စစ်သုံးစားရိပ်ကို တိုင်းပြည်ဘတ်ဂျက်ရဲ့ တဝက်လောက်သုံးစွဲ၊ လူငယ်တွေရဲ့ အနာဂါတ်ဟာ တိုင်းပြည်ရဲ့
အနာဂါတ်ဆိုတာ နားမလည်ချင်ယောင်ဆောင်ပြီး ဖျက်စီး၊ ကိုယ်အာဏာတည်မြဲဖို့ ကိုယ်အသိုင်းဝိုင်းတစု
ကောင်းစားဖို့လောက်ပဲသိတဲ့ အာဏာရှင်တွေကြောင့် အနာဂါတ်မဲ့နေတဲ့ လူငယ်တွေ မွန်းကျပ်မှုတွေ
အပြည့်နဲ့ အသိပညာ နည်းပါးတဲ့ လူငယ်တွေဟာ တခါတခါမှာတော့ အထိန်းအကွပ်မရှိ လေလွင့်ခြင်း
ပေါက်ကွဲခြင်းတွေ ဖြစ်တတ်စမြဲပါ။ နိုင်ငံတိုင်းမှာတော့ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ လူတွေရှိတတ်ကြပါတယ်။
ကိုရီးယားမှာလည်း ရှိတတ်ကြပါတယ်။ အရေအတွက်ရ ကြည့်မယ်ဆိုရင်တောင် မြန်မာပြည်မှာ ပျက်စီးနေတဲ့
လူငယ်တွေက ကိုရီးယားထက် အဆမတန် ပိုများပါတယ်။ အရမ်းရိုင်းတတ်ပါတယ်ဆိုတဲ့ ကိုရီးယားတွေလည်း
မြန်မာတွေထက်ပိုပြီး ယဉ်ကျေးမှု နားလည်တဲ့နေရာတွေလည်း ရှိပါတယ်။ ကိုရီးယားမှာ ရိုးရာပွဲတော်တွေလုပ်တာပဲဖြစ်ဖြစ်
ဂီတပွဲတော်တွေ လုပ်တာပဲဖြစ်ဖြစ် ပရိတ်သတ်တွေဟာ အားပေးကြတဲ့ ကိုရီးယား လူကြီး လူလတ်
လူငယ်တွေဟာ တည်ငြိမ်စွာနဲက ပျော်ပျော်ပါးပါး အားပေးတတ်ကြတာကိုတွေ့ရပါတယ်။ မြန်မာတွေကတော့
ပွဲလုပ်တိုင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် မူးယစ်ရမ်းတဲ့သူတွေ ရန်ဖြစ်တဲ့သူတွေဟာ ပွဲလုပ်တိုင်းလိုလိုမှာ
တွေ့ဖူးတယ်၊ မြန်မာပြည်က အဆိုတော်တွေကို ကိုရီးယားကို ခေါ်ပြီး ပွဲလုပ်တိုင်း မူးယစ်ရမ်းကား
ပြဿနာရှာ ရန်ဖြစ်တတ်တာကတော့ ပွဲလုပ်တိုင်းပါပဲ၊ တနှစ်တခါ ကိုရီးယားမှာ သင်္ကြန်ပွဲ လုပ်လည်း
နှစ်တိုင်း ရန်ဖြစ်ကြတာပဲ၊ အခုနောက်ပိုင်း မြန်မာတွေ စတိတ်ရှိုးပွဲလုပ်မယ်ဆိုရင်တောင်
ငှားခဲ့ဖူးတဲ့ ခန်းမတွေက မြန်မာတွေအကြောင်း သိနေကြလို့ ခန်းမငှားဖို့ဆိုတာ မလွယ်သလောက်ပါပဲ။