22.12.10

ခွပ်ဒေါင်းအက

ဘာကြောင့်လဲရယ်တော့မသိ ကြည့်မိတိုင်း မျက်ရည်ကျကျနေမိတာ ရင်ထဲအရမ်းထိနေတာတော့ သေချာတယ် တော်လှန်ရေး ခရီးရှည်ထဲက အားသစ်အခုပေးနေသလို ကြေကွဲမှုတွေကို ပြန်မြိုချရင်း ခရီးရှည်တွေအတွက် သမီးလေးရဲ့ကကွက်လေးတွေက ဦးဦးအတွက် အလင်းစက်လေးတွေပါပဲ ...။

16.12.10

နှင်းထုရဲ့ကြား


ပြီးခဲ့သောအပါတ်က အရင်ဦးဆုံး ဆောင်းနှင်းကျတာနဲ့ လွမ်းခဲ့ဘူးသော အကြောင်းလေးတွေကို စဉ်းစားပြီး အားရုံထဲပေါ်လာတဲ့ စကားလုံး အပိုင်းစ လေးတွေကို နေရာချမိလိုက်တယ် ။
နှင်းထုရဲ့ကြား


ခြေရာမရှိသော နှင်းပွင့်လေးတွေလို
အရိပ်မရှိသော မင်းရဲ့အပြုံးတို့
ထင်ကျန်ခဲ့ဘူးသောနေရာ
ပျောက်ဆုံးပြန်ရှာခက်လှတယ် ။

သတိရခြင်းတို့ တခြားဘက်မှာ
မင်းအပြုံးတို့ လှနေလျှက်ပါ
အမှတ်တရတို့နောက်ကွယ်
မင်းရဲ့ခြေရာတို့
နှင်းထုရဲ့ကြားထဲမှာ
တရွေ့ရွေ့နဲ့ ဝေးလွင့်ပျောက်ကွယ် ။

ကျော်စွာလင်း (ရိုးမ)
၁၆.၁၂.၂၀၁၀

30.11.10

တခါခါ အခက်သား

တခါခါ အခက်သား

တခါခါ ငါ့အတွက်
အလေးဆုံး မျက်ခုံးနှစ်ဘက်
ညနက်တွေထဲ ထမ်းနေရတာ အခက်သား။

မမြင်ရတဲ့ အချစ်နဲ့အမုန်း
ရင်ခုန်လိုက် ကြေကွဲလိုက်နဲ့
ကျိန်စာသင့်ပန်းတပွင့်ပေါ်က
အဆိပ်သင့်သွားတဲ့ လိပ်ပြာတကောင်လို
ရူးကြောင်ကြောင် ဖြစ်နေတော့လည်း အခက်သား။

အရိုးသားဆုံးသစ္စာတရားတွေ
အတုံးရုံးနဲ့ကျဆုံး
အဆင်မပြေမှုတွေက အနိုင်ကျင့်
ကြီးနိုင်ငယ်ညှင်းနဲ့
လောကငရဲတွင်းထဲက အတ္တ
ဆရာတွေများတဲ့လောကထဲ
ကျင့်သားမရသေးတော့လည်း အခက်သား။

ဒါပေမယ့် တခါခါ...ငါ
အိမ်နားက တောင်ကုန်းပေါ်ကိုပြေးတက်
ကောင်ကင်ကြီးကို ခြေနှစ်ဘက်နဲ့ စုံနင်းပြီး
ဒီကမ္ဘာလောကကြီးကို
လက်နှစ်ဘက်နဲ့ မ,မကြည့်နေလိုက်တာ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီနဲ့လည်သွားတယ်။

ကျော်စွာလင်း (ရိုးမ)
၂၆.၁၁.၂ဝ၁ဝ


25.11.10

ဝေးလွင့်လိပ်ပြာ

အချစ်နဲ့ပတ်သတ်တဲ့ ကဗျာလိုလို စာလိုလိုလေးတွေကို ရေးတတ်သလို ရေးနေရင်း ကဗျာမဟုတ်တဲ့ ရဿစာလေး ရေးချင်စိတ်ပေါက်လာတယ် ၊ တိုင်တိုက်ဆိုင်ဆိုင်ပဲ ရေးဖို့လဲ အကြောင်းတွေ ဖြစ်လာခဲ့ပါတယ်။ တခါခါ ညဘက် ကျနာ့် ကုတင်ဘေး ပြတင်းတံခါးအပြင်ဘက်က ချယ်ရီပင်တို့ရဲ့ သစ်ခတ်လေးတွေကြားထဲကနေ ကျနော့်ရင်ဘက်ပေါ်ထိုးဆ
င်းလာတဲ့ လရောင်လေးရဲ့အောက်မှာ မြင်နေရတဲ့ လဝန်းလေးကိုကြည့်ပြီး အလွမ်းလေးတွေ မကြာမကြာ ဆင့်ကဲလို့နေကြသလိုပင်၊ ဒီနေ့ အပြင်ထွက်ဖို့ ဒုတိယထပ်ရှိ ကျနော့်အိမ်မှ ဆင်းလာစဉ် လှေခါးခြေရင်းတလျောက် ဝါရင့်ရောင် ချယ်ရီရွက်တို့ ကြွေလွင့်နေကြပြီး လေပြေညှင်းတို့၏ တီးတိုးတိုက်ခတ်မှုအောက် မှာစော့ကစားနေကြတယ်၊ အိမ်အဝင်လမ်း ဘေးတဖက်တချက်မှာလည်း ချယ်ရီပင်တွေအပြည့်မို့ ဧပရယ်လရောက်တိုင်း ခရမ်းရောင် ချယ်ရီပန်းအလှတွေကို အပြည့်အဝခံစားရင်း ကြည်နူးနေမိသလောက် ဆောင်းအဝင် ဒီလိုအချိန်တွေမှာလည်း ကြွေလွင့်နေကြတဲ့ ချယ်ရီရွက်လေးတွေနဲ့ လေအေးနုနုလေးတွေကြား လွမ်းမောဖွယ်ရာလေးတွေက ဒဏ်ရာဟောင်းတွေရှိတဲ့ ကျနော့်ကို လက်ပြခေါ်နေသလိုပင်။


ဒီလိုနဲ့ အပြင်သွားတုန်း အသိအကိုတယောက်နဲ့တွေ့ရာမှ စကားစပ်မိရာ ကိုရီးယားရောက်ပြီး သားမယားနဲ့ မိဘတွေကို လုပ်ကြွေးရင်း နိုင်ငံခြားမှာ ဆယ်စုနှစ်ကျော် အထီးကျန်မှု ဒုက္ခ၊ အနှိမ်ခံဘဝ၊ ပင်ပန်းဆင်းရဲမှု ဒုက္ခတွေကိုသာ အဖေါ်ပြုနေထိုင်ရင်း အချိန်တွေကို ကုန်လွန်စေခဲ့တာတွေရယ် တချို့ဆို စက်ရုံတွေထဲမှာ ထိခိုက်ပြီး အသက်ဆုံးရှုံးရသည်ထိ ဘဝဆိုးခဲ့ရပါတယ် နောက်ဆုံးထိ အသက်လျော်ကြေးပါ မိသားစုကို ပေးပြီး ဒီလောကကြီးထဲက ကြေကွဲရင်နင့်စွာ ထွက်ခွာသွားခဲ့ရပါတယ်၊ သေဆုံးခဲ့သူ တချို့ရဲ့ အချစ်ကို ကျန်ရစ်သူတွေ ဘယ်လောက် တန်ဘိုးထားကြလဲဆိုတာနဲ့ ပတ်သက်လို့ အသိအကိုတယောက်က သူ့ဇာတိ အထက်မန္တလေးဘက်မှာ သူဆယ်တန်းကျောင်းသား ဘဝတုန်းက သူရဲ့ကျောင်းဆရာကြီးတယောက် ကွယ်လွန်သူ သူ့ဇနီးကို ဘယ်လောက်စွဲလန်း မြတ်နိုးခဲ့တဲ့ အကြောင်းရယ် ကျနော့်တွေ့ကြုံ တချို့ထဲက ကွယ်လွန်သူ အဖိုးလေး တယောက်ရဲ့ အချစ်နဲ့ပတ်သတ်တဲ့ အဆွဲလန်း မြတ်နိုးမှု့ တချို့ကိုလည်း အဖိုးကို သတိရတာနဲ့ ရေးချင်စိတ်ပေါက်လာတယ်။


ကိုရီးယားမှာ အလုပ်လာလုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ (၄၀၀၀) ပတ်ဝန်းကျင်လောက် ရှိပါတယ်၊ အလုပ်လာလုပ်ရင်း ကိုရီးယားမှာ အက်စီးဒင့် ဖြစ်ပြီး သေဆုံးသွားကြတဲ့ မြန်မာတွေလဲ ၁၉၉၅ ခုနှစ်မှ ယနေ့ထိ (၃၀) လောက်ရှိပါတယ်။ ပြီးခဲ့သောနှစ်က တယောက်က စက်ရုံတိုက်တန်းယားပေါ်က ခုန်ချပြီး မိမိကိုယ့်ကို အဆုံးစီရင်သွားပါတယ်။ သူ အဆုံးမစီရင်ခင်မှာလည်း သူငယ်ချင်းတချို့ကို သူနဲ့ပတ်သက်တဲ့ မှားယွင်းမှု့တွေရှိရင် ခွင့်လွှတ်နားလည်ပေးဖို့ ဖုန်းဆက်တောင်းပန်ရှာတယ်။ စက်ရုံသူဌေးကိုလည်း ကန်တော့ပြီး သူဟာ အလုပ်ချိန်တွင်း တကြိမ် ခဏ ခိုးအိပ်ခဲ့ဘူးကြောင်း သူ့ကိုနားလည်း ခွင့်လွှတ်ပေးပါရန်လည်း ပြောခဲ့ပါသေးတယ်။ နောက်တယောက်ကတော့ ချည်စက်ရုံမှာ အက်စီးဒင့် ဖြစ်ပြီး ဦးခေါင်းကို ထိခိုက်ကာ ဆေးရုံမှာပဲ ဆုံးသွားခဲ့သူပါ။ အရင်က သူ့ဇနီးလည်း ကိုရီးယားမှာ အတူအလုပ်လာလုပ်ဖူးသေးတယ်၊ ဇနီးသည် ကိုယ်ဝန်ရတော့ မြန်မာပြည်ကို ပြန်သွားခဲ့ပါတယ် သားယောက်ကျားလေး ထွန်းကားခဲ့ပြီး သူ့သားလေး တနှစ်သားအရွက်ကျော်မှာ အိမ်ကိုဖုန်းဆက်တဲ့နေ့မှာပဲ သူ့သားလေးက သူ့ကို ဖေဖေလို့ခေါ်လို့ အရမ်းပျော်နေတဲ့နေ့ပါပဲ အဲ့ဒီနေ့ပဲ သူအက်စီးဒင့်ဖြစ်တာ။

ကျနော် မြန်မာလူမျိုးတွေ ဆေးရုံရောက်လို့ လိုက်ကူညီတာတွေ ဆွေမျိုးမရှိလို့ ပြုစုပေးခဲ့တာတွေ လည်း တော်တော် လုပ်ပေးခဲ့ဘူးပါတယ်၊ ကို့အရှေ့မှာတင် ဆေးရုံမှာသေဆုံးခဲ့သူတွေလည်း ကြုံခဲ့ဖူးပါတယ်၊ သေဆုံးသူ အများစုဟာ မြန်မာ့အသင်းရဲ့ ကူညီမှုနဲ့ပဲ ကိုရီးယား ဘုန်းကြီးကျောင်းရှိ ရေခဲတိုက်တွင်ထားရှိကာ ရက်လည်ဆွမ်းသွပ် ကိုလည်း ရေခဲတိုက် အဆောက်ဦးမှာပဲ လုပ်လေ့ရှိပြီး မီးသင်းဂြိုလ်တဲ့ အထိချောမွေ့ အဆင်ပြေအောင် ကူညီပါတယ်။ သေဆုံးသူတို့ရဲ့ မြန်မာပြည်က မိသားစုတွေကို ခေါ်ပေးတာရယ် လျော်ကြေးရသည်အထိ မြန်မာ့အသင်းနဲ့ နိုင်ငံခြားသား အလုပ်သမားများကို ကူညီတဲ့ အဖွဲ့က ကိုရီးယားတွေနဲ့ပေါင်းပြီး ကူညီသည်အထိပေါ့။ သေဆုံးသူတို့ရဲ့ အရိုးပြာအိုးကိုလည်း ကောင်းစွာ သိမ်းစည်းပေးလေ့ရှိသည်။ တချို့မိသားစုတွေကတော့ အရိုးပြာအိုးကို ယူလေ့မရှိပဲ သင်ချိုင်းမှာပဲ ဝဲခိုင်းလိုက်ကြတယ်၊ တချို့ကြတော့ မြန်မာပြည်ထိ ပြန်သယ်သွားကြပြီး ဂူသွင်းတဲ့ သူလည်းရှိပါတယ်။ တရားသဘောရ အရိုးပြာကို ဆွဲလန်းမှု့ မရှိတော့လို့ ဝဲတာဆိုရင်တော့လည်း တမျိုးပေါ့၊ ဒါပေမယ့် တချို့ကြတော့လည်း အရိုးပြာအိုးကို ပြန်သယ်သွားပြီးမှ ဘယ်အိမ်မှာ ထားရမှန်းမသိအောင် ကြောက်ရွန့်နေကြတာလဲ ကျနော်ကြားလိုက်တော့ အသက်ပေးပြီး မိသားစုကို လုပ်ကြွေးခဲ့တာလေးကိုတောင် ပြန်မစဉ်းစားတော့တဲ့ သူတို့တွေကို သေသွားသူတွေရဲ့အစား စိတ်မကောင်းဖြစ်မိတယ်၊ သူတို့တွေ မသေခင် မိသားစုတွေကို ဒုက္ခမျိုးစုံတွေနဲ့ ရင်ဆိုင်ပြီး ကြိုးစားပမ်းစား ငွေရှာပြီး အိမ်မှာ ကျန်ခဲ့တဲ့ မိဘ သားမယားတွေကို ပို့ပေးခဲ့ကြတယ် သေပြီးနောက်မှာလဲ အသက်ဖိုးကိုလဲ မိသားစုတွေ ခံစားရပါတယ်၊ အသက်လျော်ကြေးဆို ဒေါ်လာ တသိန်းနီးပါး ရကြပါတယ်၊ မကြာသေးခင်ကပဲ ကြားမိလိုက်တာကတော့ ကိုရီးယားကိုလာပြီး အသက်လျော်ကြေး လာယူသွားတဲ့ ဇနီးသည်က အရိုးပြာအိုးကို မြန်မာပြည် ပြန်သယ်သွားပေမယ့် ဟိုရောက်တော့ မိဘအိမ်မှာ သွားထားတော့ မိဘတွေကလည်း အယူသည်းလို့ လက်မခံ နောက်ဆုံး သူ့အိမ်မှာပဲ ဂူမသွင်းခင်အထိ ကြောက်ကြောက် လန့်လန့်နဲ့ပဲ ထားထားရတယ်လို့ဆိုပါတယ်။ ကိုချစ်တဲ့ သား လင်ယောက်ကျား ကို ဘာလို့များ အရိုးပြာဖြစ်မှ ကြောက်နေကြပါလိမ့် စဉ်းစားမရပါ အချစ်ဆိုတာ ဘာများပါလိမ့် ငွေလောက် မက်မောစရာ အမြဲမရှိပါလားလို့ ဆိုရမလား၊ နောက်တယောက်ကတော့ ယောက်ကျားရဲ့ အသက်လျော်ကြေးလာယူတဲ့ သူကတော့ ယောက်ကျားရဲ့ အရိုးပြာအိုးကို သင်းချိုင်းမှာတင် ဝဲခိုင်းစေခဲ့ပါတယ်။ သူ့တို့အယူအဆနဲ့ သူတို့ဆိုတော့ ဘာမှ မဝေဖန်လိုကတော့ပါ။

အသိအကိုရဲ့ ဆယ်တန်းကျောင်းသားဘဝတုန်းက သူ၏ဆရာကြီး အကြောင်းကိုလဲ လမ်းလျောက်ရင်း စကားလက်စုံပြောပြတာလေးကိုလည်း နားထောင်မိပါတယ်။ ၁၉၈၅ ခုနှစ်ပတ်ဝန်းကျင်လောက်က ဖြစ်ပါလိမ့်မယ် သူ၏ကျောင်းဆရာကြီးရဲ့ ဇနီးသည်ဟာ ၁၉၇၇/၇၈ လောက်က သည်းခြေပျက်ရောဂါနဲ့ စိတ်တွေမမှန်တော့ပဲ ရူးကြောင်ကြောင်ဝေဒနာကို ခံစားခဲ့ရပါတယ်၊ ဆရာကြီးဟာ ဇနီးသည်ကို ကျောင်းဆရာဘဝနဲ့ပဲ ဆေးဝါးကုသပေးရင်း ကြင်နာနွေးထွးစွာနဲ့ ပြုစုခဲ့ရှာပေမယ့် ဇနီးသည်ဟာ ဆယ်နှစ်နီးပါ သည်းခြေပျက် ဝေဒနာကို ခံစားရပြီးတဲ့နောက် ဆုံးပါးသွားရှာခဲ့ပါတယ်။ ဆရာကြီးဟာ ဇနီးသည် ချစ်လွန်းလို့ နှစ်တွေ အတော်ကြာသည်အထိ သတိရတိုင်းငိုရှာနေခဲ့ပါတယ်၊ ဆရာကြီး စာသင်ပေးနေတဲ့အချိန် စိတ်မကောင်းစရာ ဆရာကြီးရဲ့ အဖြစ်ပျက်တွေကတော့ မိုးတွေရွာတဲ့အခါတိုင်း စာသင်ပေးနေရင်း သူကိုင်ထားတဲ့ မြေဖြူတွေ စာအုပ်တွေပြစ်ချပြီး သူ့စက်ဘီးလေးကို မိုးရွာထဲမှာ အပြေးလေး နင်းပြီး သူ့ဇနီး အုပ်ဂူလေးရှိတဲ့ သုဿန်ကို သွားရှာတယ်။ သူ့စက်ဘီးလေးရဲ့ ဘေးမှာတော့ ထီးတချောင်းအမြဲထိုးထားတယ်၊ သုဿန်ကိုရောက်တာနဲ့ သူ့ဇနီးအုတ်ဂူလေးဘေးကိုသွားပြီး သူယူလာတဲ့ ထီးကိုဖွင့်ပြီး မိုးတိတ်တဲ့အထိ မိုးပေးရှာတယ်။ လေတွေတိုက်ခတ်နေတဲ့ မိုးရေထဲမှာ ထီးကလေးမိုးပေးကာ စကားတွေပြောရင်း မိုးရေတွေ မျက်ရည်တွေနဲ့ရောပြီးငိုရှာလေ့ရှိတယ်၊ နောက် မိသားစုဝင်တွေ အတင်းသွားခေါ်မှာ ပြန်လာတတ်ပြီး မိုးတွေရွာတိုင်း နေ့ည အပြေးလေး ချစ်သူဇနီးရှိရာ အုပ်ဂူလေးကို ထီးသွားမိုးပေးလေ့ရှိတဲ့ ဆရာကြီးကို ကျန်တဲ့ သားသမီးတွေက ဆွေမျိုးတွေက သနားဂရုဏာ သက်ကာ စောင့်ကြည့်သွားပြန်ခေါ်လေ့ရှိပါတယ်။ နှစ်တွေအတော်ကြာတဲ့အထိ အသိအကို ဆယ်တန်းအောင် တက္ကသိုလ်ရောက်တဲ့အထိ ဆရာကြီးဟာ မပြောင်းလဲပဲ ဇနီးအုတ်ဂူလေးကို သွားမြဲသွားလေ့ရှိခဲ့တယ်။ အဆိုတော် ကိုင်ဇာရဲ့ သီချင်းလေးထဲကလိုပဲပေါ့ “မနိုးပါစေနဲ့မိုးရယ်”တဲ့ အောက်က youtube လေးကိုဖွင့်ပြီး ခဏလောက်နားထောင်ကြည့်ပါအုံးနော်။



ကျနော့်အဖိုးလေးရဲ့ စွဲလန်းမှု့အချစ်
ကျနော့်အဖိုးလေး တော်စပ်သူ ပဲခူးမြို့ လွတ်လပ်ရေး တော်လှန်ရေးသမားဟောင်း၊ အင်္ဂလိပ် သတင်းစာ သတင်းထောက်နဲ့ သတင်းစာတိုက် ပိုင်ခဲ့ဖူးသူ၊ ဗိုလ်နေဝင်း အာဏာသိမ်းတော့ သူ့သတင်းစာတိုက်ပါ အသိမ်းခံလိုက်ရသူပေါ့၊ ဆယ်တန်းကျောင်းသားဘဝက တယောက်တည်း အထီးကျန်နေတဲ့ အဖိုးနဲ့ အတူနေလိုက် အဖိုးက အင်္ဂလိပ်စာ သင်ပေးရင်း သူတော်လှန်ရေးသမားဘဝက အကြောင်းတွေ သူ့ရဲ့ ချစ်ဇနီးနဲ့ ရည်းစားဘဝက အကြောင်းတွေကို မကြာခဏ ဆိုသလို ပြန်ပြောပြတိုင်း အဖိုးလေးရဲ့ အချစ်ဇာတ်အရှိန်ထဲမှာ နားထောင်ရင်း နစ်မျောနေမိပါတယ်။ အဖိုးဟာ မြေးအရင်းမဟုတ်တဲ့ ကျနော့်ကို သံယောဇဉ် အတော်ထားခဲ့ပါတယ်၊ မကြာခဏဆိုသလို ကျန်ာမလိုချင်တဲ့ မုန့်ဖိုးကိုလည်း အတင်းပေးတတ်သူ၊ ဆယ်တန်းကျောင်းသားဘဝ ရွာကနေ ကျောင်းတက်တော့ နေ့လည်စာ ထမင်းဘူး ကျနော်မထည့်လာတတ်တော့ တနေ့ နေ့လည်ခင်း ကျောင်းရှေ့မှာ ကျနော့်နံမည် အော်ခေါ်တာကြားတာနဲ့ သူငယ်ချင်းတယောက်က ထွက်ကြည့်ပြီးလာပြောလို့ သွားကြည့်တော့ အဖိုးလေးပါ.. ကျနော့်ကို ထမင်းလာပို့တာ၊ လေးဆင့်ချိုင့် ဝါညစ်ညစ် သံထည် ကြွေသုပ်ထားတဲ့ချိုင့်လေးနဲ့ပေါ့၊ ချိုင့်က ဟောင်းနေလို့ ကြွေတွေက ကွာနေတဲ့နေရာတွေမှာ သံချေးတွေလဲတတ်နေတယ်၊ လေးဆင့်ချိုင့်လေးထဲမှာ ထမင်းကတဆင့်၊ ဝက်သားဟင်းကတဆင့်၊ ငါးပိရည်ကတဆင့်၊ နံနံပင်နဲ့ ဒညင်းသီး တို့စရာနဲ့ အစုံပါပဲ၊ မျက်မှန် အထူကြီးတပ်ထားတဲ့အဖိုး ထမင်းချိုင့်ဘေးမှာ ငါးပိရည်နဲ့ ဝက်သားဟင်းရည်တွေကလည်း စီးကျ တို့စရာ နံနံပင်တွေကလည်း ချိုင့်အပြင်ထွက်လို့၊ ချိုင့်ကိုဆွဲရင်း ကျောင်းရှေ့ တံခါးဝမှာ ကျနော့်ကို စောင့်နေတဲ့အဖိုးကို မျက်လုံးထဲက မထွက်တော့ပါဘူး၊ အဲ့ဒီနေ့က အဖိုးလေးလာပို့တဲ့ နေ့လည်စာထမင်း အရသာကိုလည်း မမေ့နိုင်သေးပါ။

အင်္ဂလိပ်လက်ထက် အဖိုးလေးက ကျောင်းသားဘဝနဲ့ မြန်မာပြည် လွတ်လပ်ရေးအတွက် မြေအောက်လှုပ်ရှားမှု့တွေလုပ်ရင်း အဖွားလေးကို ဘယ်လို ပိုးပန်းခဲ့တာကို ပြောပြခဲ့တာကို သတိရနေမိတယ် အဖွားလေးဆုံးသွားပြီးနောက် အဖိုးလေးရဲ့ အဖွားလေးပေါ် စွဲလန်းချက်ကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ကျောင်းသားဘဝက အဖွားလေးကို အကြိမ်ကြိမ်ပိုးပမ်း ခဲ့ပေမယ့် မရတဲ့အဆုံး အဖွားလေးအိမ်ရှေ့ကနေ အင်္ကျီ ပုဆိုး ဆံပင်တွေကို ဘိုသီဘတ်သီ ဝတ်ဆင်ပြီး အရက်မူးနေချင်ယောင်ကာ အကြိမ်ကြိမ် ဖြတ်လျောက်ပြီး အဖွားစိတ်ကို ကလိခဲ့တယ် အဖွားကတော့ မသိရှာခဲ့၊ နောက်ဆုံး အောင်သွယ်တော်က အဖွားကိုသွားပြောပြီး နင့်ကြောင့် ဟိုကောင်လေး ထွန်းမြို့ ကျောင်းလဲမတက်တော့ဘူး အရက်သမားဖြစ်တာ့မယ်လို့ပြောတော့မှ အဖွားလဲ ဟတ်ထိသွားတယ် ထင်ပါတယ်၊ နောက်နေ့ ပြန်စာတစောင်ပေးလိုက်ပါတယ် ကိုထွန်းမြို့ ရှင်အရက်တွေ မသောက်ပါနဲ့ ကျောင်းမှန်မှန်ပြန်တက်ပါ ရှင့်မေတ္တာကို လက်ခံပါတယ်တဲ့ အဲ့ဒီနေ့ကနေစပြီး အဖိုးလေးနဲ့ အဖွားလေး ချစ်သူတွေ ဖြစ်ကြလေသတည်းပေါ့၊ အဖိုးလေးဘက်က ငွေကြေးပြည့်စုံပေမယ့် အဖွားလေးဘက်က ချို့တဲ့လေတော့ အဖိုးလေးရဲ့ အမေက သဘောမတူခဲ့ပါဘူး။

ဒီလိုနဲ့ တော်လှန်ရေးရဲ့ အခြေနေအရ စစ်ပညာသင်ဖို့ အင်္ဂလိပ်တပ်ထဲကို ဝင်ခဲ့ပြီး အင်္ဂလိပ်တပ်ထဲမှာ တပ်ကြပ်ကြီး အဆင့်နဲ့ပဲ မြေအောက်လျှို့ဝှက်လုပ်ငန်းတွေလုပ်ခဲ့တယ် ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ BIA တပ်တွေနဲ့ ဂျပန်တွေဝင်လာတော့ အင်္ဂလိပ်တွေက အိန္ဒိယ ဘက်ကိုဆုတ်ရင်း အဖိုးလေးပါ အိန္ဒိယ နယ်စပ်ထိ လိုက်ခဲ့ရတယ်၊ အင်္ဂလိပ်စစ်တပ်နဲ့ မလိုက်သွားခင် အဖိုးလေးက အဖွားလေးကို သူပြန်လာတဲ့အထိ သစ္စာရှိရှိစောင့်နေဖို့ မှာခဲ့ပါတယ်၊ အိန္ဒိယ နယ်စပ်ရောက်တော့ အင်္ဂလိပ်စစ်ဗိုလ်က အိန္ဒိယထိ လိုက်ခဲ့ဖို့ ခေါ်ပေမယ့် အဖိုးလေးက အမေကို အကြောင်းပြပြီး နယ်စပ်မှာနေခဲ့တယ် ပြီးတော့ အင်္ဂလိပ်စစ်တပ်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဂျပန်တပ်တွေကိုလည်း နည်းမျိုးစုံဖြင့် ပြန်လည်တိုက်ခိုက် ခြေမှုန်းခဲ့ပါတယ်။ အဲ့ဒီတုန်းက သူနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတယောက်လည်း ရှိခဲ့တယ် နှစ်ဦးစလုံး ချစ်သူတွေကိုထားခဲ့ကြရတဲ့သူတွေပြီး တကယ်လို့ တယောက်ယောက်က ကျဆုံးသွားခဲ့ရင် ကျဆုံးသွားသူရဲ့ ချစ်သူစီကိုသွားပြီး အရမ်းချစ်တဲ့အကြောင်း ကိုယ်စားပြောပေးဖို့ ပြီးတော့ စာလည်းတစောင်စီ အစဉ်သင့်ရေးထားကြတယ်၊ နောက်တော့ အောက်ပြည် ပဲခူးကို ပြန်ဆင်းကြဖို့ အကြောင်းဖြစ်လာတော့ အဖိုးလေးက ငှက်ဖျား အပြင်းထန်ဖြစ်ရာက ပြန်မဆင်းနိုင်ခဲ့ပဲ နယ်စပ်ရွာလေးမှာ ကျန်နေခဲ့ပြီး အဖိုးလေး သူငယ်ချင်းကတော့ အရင်ပြန်သွားနှင့်တယ်၊ အဖိုးလေးလည်း သေမလိုဖြစ်ရာက နယ်စပ်ရွာလေးမှ ရွားသားတွေရဲ့ စောင့်ရှောက်မှု့ကြောင့် အတော်ကြာတော့ ပြန်ကောင်းလာပြီး အောက်ပြည် ပဲခူးကို ပြန်ဆင်းခဲ့ပါတယ။်

အဖိုးလေး ပြန်ရောက်တာနဲ့ သူ့ရဲ့ချစ်သူစီကို အပြေးသွားခဲ့တယ် ချစ်သူအဖွားက မြန်မာတပြည်လုံး တိုက်ပွဲတွေဖြစ်နေတော့ အဖိုးလေးသေပြီထင်နေတာ ပြန်လာတော့ ငိုရှာလေသတဲ့ ၊ အဖိုးက နှစ်နဲ့ချီပြီး ပြန်မလာနိုင်တဲ့ အချိန်မှာ အဖွားကို အဖွားရဲ့ အမေက အိမ်ထောင်ချပေးဖို့ ကြိုးစားခဲ့တယ် လာတောင်းတဲ့သူတွေလဲရှိခဲ့တယ်၊ အဖွားက ချစ်သူရှိတဲ့အကြောင်း သူ့ချစ်သူကလွဲရင် ဘယ်သူ့မှ မယူနိုင်ကြောင်းပြောတော့ အားလုံးက နင့်ရည်းစား ထွန်းမြို့ အထက်နယ်စပ်မှာ သေသွားပြီဆိုပြီး ပြောကြတယ်၊ လုပ်ကြံဇာတ်လမ်းခင်းပြီး တခြားလူတွေက အဖိုးလေး တိုက်ပွဲမှာ သေပြီဆိုတဲ့အကြောင်း အဖွားလေးကို လာပြောကြပေမယ့်လည်း အဖွားလေးက သူ့ချစ်သူ သေသွားရင်တောင် သူမမြင်မချင်း မယုံဘူး ဘယ်သူ့မှလည်း မယူနိုင်ဘူးလို့ ခါးခါးသည်းသည်း ငြင်းခဲ့တယ် ၊ အဖိုးလေးပြန်ရောက်ပြီး မကြာခင်မှာပဲ လက်ထပ်ဖို့ အဖိုးလေးကစီစဉ်တာ့ အဖိုးလေးရဲ့ အမေက သဘောမတူခဲ့ပါဘူး ၊ အဖွားလေးရဲ့ မိဘတွေကလည်း မငြင်းလိုတော့ပေမယ့် အဖိုးလေးရဲ့ အမေက သဘောမတူမှန်းသိလို့ မင်္ဂလာဆောင်ပွဲကိုတော့ နှစ်ဖက်မိဘတွေနဲ့တော့ စုံစုံလင်လင်ဖြစ်အောင် စီစဉ်ဖို့ အဖိုးလေးကို ပြောခဲ့ပါတယ်။

ဒီလိုနဲ့ မင်္ဂလာဆောင်ပွဲကို အဖွားလေးရဲ့အိမ်မှာ ကျင်းပရော အဖိုးလေးရဲ့ ဘက်က ဘယ်သူမှ မလာခဲ့ပါဘူး၊ မင်္ဂလာဆောင်ပွဲ ပြီးသည်အထိ မလာခဲ့တာကတော့ အတော်လေးကို စိတ်မကောင်းစရာပါ၊ ဒါပေမယ့် ဒီလိုဖြစ်လိမ့်မယ်လို အဖိုးလေးက ကြိုသိနေပါတယ် အဖွားလေးကို ဖွင့်မပြောခဲ့ပေမယ့်လည်း အဖွားလေးက ရိပ်မိပြီးသားပါ၊ အဖိုးလေးရဲ့ အမေက သူသဘောမတူတဲ့ မိန်းမနဲ့ယူရင် လုံးဝ မင်္ဂလာ မဆောင်ပေးနိုင်ဘူး ကိုယ့်ဘာသာ ကိုယ်လုပ် မင်္ဂလာဆောင်ပွဲကိုလည်း မလာနိုင်ဘူးလို့ ပြောခဲ့ပါတယ်။ အဖိုးလေးကလည်း သူ့ချစ်သူနဲ့ ဖြစ်တဲ့နည်းနဲ့ မင်္ဂလာဆောင်မယ်ဆိုပြီး အဖွားလေးရဲ့ မိဘဆွေမျိုးတွေကိုလည်း မင်္ဂလာပွဲမှာ သူ့မိဘတွေ လာမယ်ဆိုပြီး လိမ်ခဲ့ပါတယ်။ မင်္ဂလာပွဲရဲ့ ညဘက်ရောက်တော့ ရပ်ကွပ်ထဲက လူတချို့က အဖိုးလေးကို အပြစ်ပြောပြီး ခနဲ့ကြတော့ အဖိုးလေးက ကျုပ်မိန်းမတောင် ဘာမှမပြောဘူး ခင်ဗျားတို့က ဘာဆိုင်လို့လဲဆိုပြီး ရန်ပြန်တွေ့ခဲ့တယ် အဖွားလေးကိုတော့ သူတောင်းပန်ရှာခဲ့ပါတယ်၊ အဖွားလေးကတော့ ဒီမင်္ဂလာပွဲမှာ ရှင်နဲ့ကျမ နှစ်ယောက်ထဲရှိလည်း ကျမ ကျေနပ်တယ် လို့ပြန်ပြီး အဖိုးလေးကို တယောက်တည်းမို့ သနားပြီး ပြန်နှစ်သိပ်ခဲ့ပါတယ်။

ဒီလိုနဲ့ အဖိုးလေးနဲ့ အဖွားလေးဟာ သားတဦးနဲ့ သမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ အကြီးဆုံးက သမီးကြီး အလတ်က သား အငယ်ဆုံးက သမီး စုစုပေါင်း သုံးဦးပါ၊ ကျနော်ပဲခူးမှာ ရှိနေတဲ့အချိန်မှာ သားကြီးက ဘူမိဘေဓနဲ့ ကျောင်းပြီးထားသူမို့ ဓါတ်သတ္ထု ရှာဖွေရေးဌာနမှာ နယ်တကာလှည့်ကာ တောတောင်တွေထဲမှာ အရာရှိ အဖြစ်နဲ့ အလုပ်လုပ်နေပြီး သမီး ၂ ဦးကတော့ မော်လမြိုင်ဘက်မှာ ကျောင်းဆရာမလုပ်နေတယ်၊ သမီးကြီးလည်း မော်လမြိုင်ဘက်မှာပဲ အိမ်ထောင်ကျပြီး မြေးဘယ်နှစ်ယောက်ရှိတယ်ဆိုတာတော့ မမှတ်မိတော့ပါ။

ဒါနဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း အဖိုးလေးဟာ သူနဲ့အတူ အိန္ဒိယနယ်စပ်မှာ တိုက်ပွဲခဲ့တဲ့ သူငယ်ချင်းကို ပြန်တွေ့ခဲ့ပါတယ်။ သူ့သူငယ်ချင်းကတော့ သူပြန်ရောက်တဲ့အချိန်မှာ သူ့ချစ်သူဟာ တခြားတယောက်နဲ့ လက်ထပ်လိုက်တဲ့ဆိုတဲ့အကြောင်း သိလိုက်ရတယ်။ အဖိုးလေးရဲ့အကြောင်းကို မေးကြည့်ပြီး အကြောင်းစုံသိရတဲ့နောက် သူတို့နှစ်ယောက်အကြောင်းကို မဂ္ဂဇင်းတဆောင်မှာ “အချစ်စစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စာရေးဖူးခဲ့အကြောင်းကိုလဲ အဖိုးလေးက ပြောပြခဲ့ဖူးပါတယ်။

ခုနှစ်တွေတော့ ကျနော်မမှတ်မိတော့ပါ အဖွားလေးက အသက် ၅၅/၆၀ ပတ်ဝန်းကျင်လောက်မှာ ဆုံးပါးသွားခဲ့တယ်၊ အဖွားလေးကိုတော့ ဖေါင်တော်ဦး သင်းချိုင်းကုန်းမှာ မြေမြှုပ် သင်းဂြိုလ်ခဲ့တယ်၊ အဖိုးလေးဟာ အဖွားလေးကို သိပ်ချစ်လွန်းလို့ အဆွဲလန်းကြီးပြီး အဖွားလေး မြေပုံကို မကြာခဏ သွားပြီး စကားသွားပြောရင်း မျက်ရည်ကျလေ့ရှိပါတယ်၊ တနှစ်လောက်ကြာတာ့ အဖိုးလေးက သင်းချိုင်းစောင့်ကို ပိုက်ဆံပေးပြီး အဖွားလေးရဲ့ အရိုးတွေကို ပြန်တူးခိုင်းကာ ဂုန်နီအိပ်နဲ့ ထုပ်ပြီး အိမ်ကိုပြန်သယ်လာခဲ့တယ်၊ အဖွားလေးရဲ့ အရိုးတွေကို သူ့အိပ်ယာဘေးက သေတ္တာထဲ ထည့်ပြီး သိမ်းထားခဲ့ပါတယ်၊ တခါတလေ သူ့အိပ်ယာဘေးမှာ အဖွားရဲ့ အရိုးတွေကို ခေါင်းနေရာခေါင်း၊ ကိုယ်နေရာကိုယ်၊ လက်နေရာလက်၊ ခြေနေရာခြေ အစဉ်လိုက်တိုင်းစီပြီး ဘေးချင်းကပ် အိပ်လေ့ရှိပါတယ်၊ အရင်တုန်းက အကြောင်းတွေကို တယောက်ထဲ အဖွားရဲ့ အရိုးစုတွေကိုကြည့်ပြီး သက်ရှိထင်ရှားရှိနေသလို ပြန်ပြောရင်း ကြည်နူးနေတတ်ပါတယ်၊ အိမ်မှာလဲ တယောက်ထဲဆိုသည်မို့ အဖိုးလေးအတွက် ပိုလွတ်လပ်တယ်လို့ ဆိုရပေမယ့် မကြာခဏဆိုသလို အဖွားရဲ့ အရိုးစုတွေကို ထုပ်လိုက် ခင်းလိုက်နဲ့ စကားတွေ တယောက်ထဲပြောနေတော့ အချိန်တွေကြာလာတာနဲ့အမျှ အောက်ထပ်က အိမ်ငှားတွေရယ် ပတ်ဝန်းကျင်ကလူတွေ ရိပ်မိသွားရာက ဝိုင်းချောင်းကြည့်ရာမှ အားလုံးသိသွားကာ လူအရိုးတွေကို အိမ်မှာထားရင် ရပ်ကွက်ခိုက်တယ်ဆိုပြီး သင်းချိုင်းကုန်းမှာ ပြန်ထားစေခဲ့ပါတယ်၊ အဖိုးလေးလည်း ရပ်ကွပ်လူတွေရဲ့ အယူသည်းမှုတွေကြောင့် အဖွားလေးရဲ့ အရိုးတွေကို သင်းချိုင်းစောင့်စီမှာ ခဏ ပြန်ထားခဲ့ပါတယ်။ နောက်ပိုင်း မော်လမြိုင်မှာရှိတဲ့ သမီးကြီးကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းက စေတီဘေးမှာ ငှက်တွေကို အစာကြွေးတဲ့ ကွန်ဂရစ်လင်ပန်းလုပ်လှူပြီး လင်ပန်းရဲ့ တိုင်ထဲမှာအရိုးတွေကို အမှုတ်ပြုလုပ်ကာ ထည့်လို့ရတဲ့ပုံစံလုပ်ပြီး ထည့်ကာ ဇနီးသည် အဖွားလေးအတွက် ကောင်းမှုကုသိုလ်လုပ်ပေးခဲ့ပါတယ်။ အဖိုးလေးရဲ့ အချစ်ကို ကျန်ာအရမ်း လေးစားမိတယ်။ (ဒါပေမယ့် အဖိုးလေးရယ် အဖိုးလေး ကျနော့်လို နာနာကျင်ကျင်နဲ့ အသဲမကွဲခဲ့ဘူး ပါဘူးနော် ကျနော်ကတော့ ရက်ရက်စက်စက် ပိုင်ဆိုင်ခွင့်ရခဲ့ဖူးတာ မျက်ရည်တွေပဲ ရှိခဲ့ဘူးပါတယ်။ တခါခါကျတော့လဲ ယောင်ချာချာ ရူးရူးပေါပေါ ဘဝကို သဘောကျနေသလိုပါပဲ အဖိုးလေးရေ ။)

အဖိုးလေးဟာ ကျနာ့်ကို သူငယ်ငယ်ကအကြောင်းတွေ ပြောပြလေတိုင်း သူ့သေတ္တာထဲက သူနဲ့အဖွားဓါတ်ပုံတွေ တော်လှန်ရေးဘဝတုန်းက ဓါတ်ပုံတွေ စာရွက်တွေကို ထုပ်ပြလေ့ရှိပါတယ်၊ ကျနော်စိတ်ဝင်စားတဲ့ အဖိုးလေးနဲ့ အဖွားလေးတို့ ဘယ်လိုကျူခဲ့ကြတာတွေက အစပေါ့၊ နောက်တော့ ထူးထူးဆန်းဆန်း ကျနော့်ကို တခုမှာရှာတယ် သူသေရင် သူ့ရဲ့ အခေါင်းထဲကို အတူထည့်ပေးဖို့ အဝတ်စလေးနဲ့ထုပ်ထားတဲ့ အထုပ်ကလေးတခုပြတယ် ကျနော်ဖြေကြည့်လိုက်တော့ လူလက်ညှိုးနဲ့တူတဲ့ အရိုးတခု နောက် ဆံပင်ချည် အထုံးသေးသေးလေးရယ်ပေါ့ ၊ သေချာတာပေါ့ မေးကြည့်တော့ အဖွားလေးရဲ့ လက်ညှိုးအရိုးနဲ့ ဆံပင်ချည်ပါပဲ အဖိုးလေးက အဲ့သည်လောက်အောင် သူ့ဇနီး အဖွားလေးကို ချစ်ခင်စွဲလန်းတာ ၊ ဒါပေမယ့် ကျနော်တာဝန်မကျေခဲ့ဘူး အဖိုးလေးဆုံးတော့ ကျနော်နိုင်ငံခြားရောက်နေပြီ၊ အဖိုးလေးဆုံးခါနည်း ဆေးရုံမှာ ကျနော်ဘယ်တော့ ပြန်လာမှာလည်းလို့ အဖေဆေးရုံသွားကြည့်တိုင်း ခဏခဏ မေးရှာတယ်လို့ပြေပြတယ်။ အဖိုးလေးကို မြေချ သင်းဂြိုလ်ခဲ့တုန်းက အဖွားလေးရဲ့ လက်ညှိုးအရိုးလေးနဲ့ ဆံချည်လေးရော ပါသွားရဲ့လားလို့ ကျနော်စဉ်းစား စိုးရိမ်မိခဲ့တယ်၊ အဖိုးလေး ကောင်းရာ သုကတိ ဘုံဌာနမှာ ငြိမ်းချမ်းပါစေ အဖွားလေးနဲ့ ဘဝဆက်တိုင်းမှာပြန်လည်ဆုံစည်း ပေါင်းသင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် အဖိုးလေးရေ…။

ဒီစာလေးကိုရေးပြီးနောက် ခေါင်းစဉ်ပေးဖို့ စဉ်းစားရာက ကျနော်ရေးခဲ့ဘူးသော “ဝေးလွင့်လိပ်ပြာ” ဆိုတဲ့ ကဗျာ ခေါင်းစဉ်လေးကို သတိရမိပြီး ပေးမိပါတယ်။ တိုက်ဆိုင်မှု နည်းနည်းလေးတော့ ရှိမယ်ထင်လို့ပါ။ ဖတ်ရှုခံစားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ချင်ဗျာ။

ကျော်စွာလင်း (ရိုးမ)
၂၄.၁၁.၂ဝ၁ဝ


8.11.10

ကျနော့်အမနှင့် မဲဆောက်က အမှိုက်ပုံ

အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံကို မရောက်ခင်မှာပဲ ရွာက အမျိုးတွေ သူငယ်ချင်းတွေ အသိတွေ မဲဆောက်မှာရော ဘန်ကောက်မှာပါ အလုပ်လုပ်နေကြတာ သိရတယ်။ မဲဆောက်မရောက်ခင် မဲစောက်က သူငယ်ချင်းကို ကျနော့အမဝမ်းကွဲ (အမေဘက်မှ အမေ့အမရဲ့သမီး)နဲ့ ယောက်ဖ ရှိတဲ့နေရာကို သွားတွေ့ခိုင်းထားခဲ့တယ်။ ကျနော်မဲဆောက်ရောက်ပြီး အလုပ်ကိစ္စလေးတွေ ပြီးတော့ အမဝမ်းကွဲရှိတဲ့နေရာကို သွားရှာပါတယ်။ သူငယ်ချင်းက ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်လို့ အမနေတဲ့နေရာကို ရောက်ခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး။ ပေ ၂၀၀ လောက်အကွာမှာရှိတဲ့ လူနေတဲ့ အိမ်တန်းယားအရှေ့မှာ အမျိုးသမီးတယောက် တွေ့တာနဲ့ မေးကြည့်တော့ အမကိုသိတဲ့အကြောင်း သူတို့အလုပ်သွားကြလို့ ညနေလောက်ကြမှ ပြန်လာမည်ဖြစ်ကြောင်း ပြောပြလေသည်။ ထို့နောက် ထိုအမျိုးသမီးမှ ကျနော့်အား သေချာစွာကြည့်ပြီးမှ နင် ကျော်စွာလင်း မဟုတ်ဘူးလားလို့ပြောလေပြီး ကျနော်မှ ဟုတ်ပါတယ် ကျနော့်ကို သိလားလို့မေးတော့မှ သူက မည်သူဖြစ်ကြောင်းကို ရှင်းပြတော့မှ ကျနော်တို့ရွာက သူမှန်းကျနော်သိသွားတယ်။ ပြီးမှ သူက ကျနော့်အား ထိုင်း သောမော( Immigration )နဲ့ တူလို့ကြည့်နေကြောင်း သူတို့လည်း အလုပ်သမားလက်မှတ် (ဘတ်) ဖြင့် အလုပ်လုပ်နေကြောင်း ရှင်းပြလေတော့သည်။ မတွေ့ရတာ ၁၀နှစ်ကျော်ခဲ့လို့ ကလေး(၂) ယောက် အမေဖြစ်နေသော သူ့အား အရင်တုန်းကထက် ပိုဝနေပြီး ပုံစံပြောင်းသွားသောကြောင့် ကျန်ာရုတ်တရက် မမှတ်မိတော့တာ ဖြစ်ပါသည်။

ဒီလိုနဲ့ ည(၇) နာရီလောက်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဆိုင်ကယ် နှစ်စီးဖြင့် အမဝမ်းကွဲ ရှိတဲ့နေရာ မဲစောက်မြို့စွန်ကို ရောက်ခဲ့ပါတယ်။ အမနေတဲ့ အိမ်လမ်းလေးထဲကို ဆိုင်ကယ်နှစ်စီးနဲ့ ဝင်လိုက်တာနဲ့ အိမ်ရှေ့ မီးရောင်အောက်မှာ အမကို တမ်းတွေ့လိုက်ပါတယ်။ ကျနော်က အမကို ချက်ချင်းမှတ်မိပါတယ် အမကတော့ ကျနောတို့ ဝင်လာတာကိုမြင်တာနဲ့ အထဲမှာ ထမင်းစားနေတဲ့ ရွာက တခြားလူတွေကို အသံ ခပ်အုပ်အုပ်လေးဖြင့် သောမော( Immigration ) လာပြီးပြေးလို့ ပြောနေပါတယ်။ ကျနော်လည်း ထိုင်းလိုမသိတော့ အမစီကိုပဲ ဝမ်းသာအားရဲ့ သွားပြီး အတင်းဖက်ထားပါတယ် ကျနော့ မျက်နှာကိုလဲ မပြ စကားလဲ မပြောပဲ အတင်းဖက်ထားတော့ အမက ထိုင်းလို “နူမီဘတ် နူမီဘတ်” လို့ သူ့မှာ အလုပ်သမား လက်မှတ်ရှိတဲ့အကြောင်း ထပ်ခါတလဲလဲ ပြောနေပါတယ် အသားတွေလဲ တုန်နေတာပေါ့။ ကျနော်လဲ ဘာမှနားမလဲ ရုပ်ရှင်ထဲကလိုပဲ အမကို အတင်းဖက်ထားရင်း အမမျက်နှာလေးကို လက်နှစ်ဖက်နဲ့ ညှပ် ကျနော့် မျက်နှာကို အမမျက်နှာနဲ့ကပ်ပြီး ဖြေးဖြေးခြင်းခွာကာ အမကိုပြုံးပြပြီး စပ်ဖြဲဖြဲနဲ့ ကြည့်နေတယ် အမလဲ မျက်လုံးကလေး ပေကလပ်ပေကလပ် နဲ့ ကျနော့်ကို သေချာကြည့်ပြီးမှ မှတ်မိသွားပြီး “ကျော်စွာ ကျော်စွာ ငါ့မောင် ကျော်စွာ” လို့အော်ပြောလေတော့သည်။ သည်တော့မှ အထဲမှ ယောက်ဖဖြစ်သူက ပြေးထွက်လာပြီး “ယောက်ဖကြီး ယောက်ဖကြီး” ဟု ပြေးဖက်ပါတော့သည်။ ဆယ်နှစ်ကျော် ခွဲခွာခဲ့ရတာမို့ ဝမ်းသာမဆုံးတော့ပါ။ ကျနော်ကျောင်းသားဘဝက ကျနော့်ကို မုန့်ဖိုးအမြဲပေးတတ်သောအမ ဘယ်သွားသွား ကျနော့်ကို ခေါ်သွားတတ်တယ် ယောက်ဖနဲ့ ချိန်းတွေ့တော့လဲ ကျနော်ပါတယ် အမရည်းစားစာတွေကိုလည်း ကျနော်က မုန့်ဖိုးယူပြီး လက်ရေးလှလှလေးဖြင့် ပြန်ရေးပေးရတယ်၊ ကြီးဒေါ်ဆဲတာလဲခံတယ် အမက ယောက်ဖနဲ့ ချိန်းပြီးရုပ်ရှင်ခိုးကြည့်တော့ ကြီးဒေါ်သိသွားပြီး ရုပ်ရှင်ရုံရှေ့ကနေ ကြိမ်လုံးကြီးနဲ့စောင့်ပြီး လူပုံအလယ်တွင် ဆဲဆိုရိုက်ပါတော့သည်။ အဲ့ဒီညက အမလည်းယောက်ဖနဲ့ ခိုးရာလိုက်ပြေးခဲ့သည်။ ရက်အနည်းငယ်အကြာ အမနဲ့ ယောက်ဖရှိတဲ့နေရာ ကျနော်လိုက်သွားခဲ့ပြီး လူပုံအလယ် ကြီးဒေါ်အရိုက်ခံခဲ့ရတဲ့ အမကို အရမ်းသနားမိသည်။

(ရယ်စရာ တခုလောက် ပြောပြချင်သေးသည် ကျနော့် အဖေရွာကို ကျောင်းပိတ်တုန်း အဖေ့အမရဲ့ လယ်ထဲမှာ အလုပ်ကူလုပ်ပေးဖူးခဲ့ပါတယ် ရွာကခြံထဲမှာ ဖေ့အမအိမ်နဲ့ အဖေ့ရဲ့ အကိုအိမ်လဲရှိပါတယ် ခြံကကျယ်သည်မို့ အိမ်နှစ်လုံးကြားမှာ စပါးနယ်သော ကောက်ပုံရှိပါသည် တနေ့ တနှစ်ငယ်တဲ့ ညီဝမ်းကွဲ(အဖေ့အကို၏သား)မှ ရွာထဲမှ ခိုင်လုံသော သတင်းထူးရလာတယ် ဒီည ဘေးရွာမှ အမရည်းစား(အဖေ့အကို၏သမီး) အေးသောင်ဆိုတဲ့ သူက အမကိုလာခိုးမယ်ဆိုတဲ့သတင်း၊ ကျနော်နှင့် ညီဝမ်းကွဲလည်း ဘယ်သူမှမပြောပဲ နှစ်ယောက်သားတိုင်ပင်ကာ သူရဲကောင်းတို့၏ အစွမ်းစကိုပြရန် စီစဉ်လေတော့သည် အဲ့ဒီညက ရွာထဲက ထန်းရည်ဆိုင်မှ ထန်းရည်ဝယ်ပြီး နှစ်ယောက်သား ထန်းရည်သောက်ကာ လှံတွေ ဒါးတွေ ကိုင်ပြီး ကြိမ်းဝါးပါတော့သည် ဒီညလာရဲတဲ့ အကောင်လာခဲ့ ဓါးစာလှံစာကြွေးပစ်မယ် ထန်းရည်လေးကလည်းမူး လှံတွေဓါးတွေကိုင်ကာ တောက်ခေါက်လိုက် ခြံစပ်တွေကို လေးခွနဲ့ပစ်လိုက်နဲ့ ကြွတက်နေကြသည် အမလဲ နည်းနည်းတော့ ရိပ်မိနေပြီး မျက်နှာတည်ကြီးဖြင့် နင်တို့ဘာဖြစ်နေကြတာလဲဆိုပြီး အော်ငေါက်သလိုလိုနဲ့ ဆူတော့သည် ကျနော်တို့ကလည် “ဟား ဟား ဟား ငါတို့ကို ဘာမှမသိဘူးများမှတ်နေလား တွေ့ကြသေးတာပေါ့ ဒီညတော့ လာရဲတဲ့အကောင်လာခဲ့ဟေ့” ဟု သွေးကြွပြီး အော်ဟစ်နေကြသည် ကျား..ကျား လို့အော်ပြီး ကောက်လှိုင်းတွေကို ဓါးတွေနဲ့ခုတ်လိုက် ခရင်းတွေနဲ့ထိုးလိုက်နဲ့ အရူးတွေလိုပဲ၊ အိမ်ပေါ်တွင်ရှိသော ဘကြီးမှလည်း မင်းတို့ထန်းရည်မူးပြီး ဘာဖြစ်နေတာလဲဟု ငေါက်တော့သည် ကျနော့်ညီဝမ်းကွဲကလည်း အဖေမသိရင် အသာနေစမ်းပါ ကျနော်တို့ဘာကောင်တွေလဲဆိုတာ မနက်ကျရင် သိစေရမယ်ပေါ့ ကျနော်ကလဲ ဘကြီး မနက်ကျရင်ထူးစေရမယ် ကျနော်တို့ဘာကောင်တွေလဲဆိုတာ လို့ပြောတော့ ဘကြီးက မင်းတို့ထန်းရည်မူးပြီး သူများအိမ်က ကြက်တွေလိုက်မခိုးနဲ့နော် ငါ့ကိုမျက်နှာပျက်အောင် မလုပ်နဲ့လို့ပြောတော့ ကျနော့်ညီဝမ်းကွဲမှ “ဟားဟား အဖေ အဖေ့သားက ဒီည ကြက်ခိုးမှာမဟုတ်ဘူး သူခိုးတွေကို လှံနဲ့ထိုးမလို့ လှံနဲ့ထိုးမလို့ အဖေရ”ဟု အသံပြဲပြဲနဲ့ပြောတော့ ဘကြီးက ဒီကောင်တွေဘာဖြစ်နေတာလဲ စိတ်မှမှန်သေးရဲ့လားပေါ့ ဘာမှဆက်မပြောတော့ပဲ အိမ်ပေါ်ပြန်တက်သွားလေတော့သည် ၊ ကျနော်တို့လည်း ထန်းရည်မူးပြီး လှံတွေ ဓါးတွေကိုင် ကောင်လှိုင်းတွေကို မှီပြီး မိုးလင်းသွားတော့သည်၊ မိုးလင်းတာတောင် မနိုးသေးတဲ့ ကျနော်တို့ကို ဘကြီးနဲ့ ကြီးဒေါ်အော်မှ လန့်နိုးတော့သည် အော်~ မိုးတောင်လင်းပေါ့ နွားတွေမလွှတ်ရသေးလို့ ဘကြီးတော့ အော်နေပီပေါ့၊ ဘကြီးနဲ့ ကြီးဒေါ်အသံလည်း အိမ်ထဲတွင် ဆူညံနေကြသည်၊ ခဏနေမှ ညီမဝမ်းကွဲမှ လာပြောသည် အမကြီး ညကလင်နောက်လိုက်ပြေးသွားပြီတဲ့ စာလေးတစောင်ထားခဲ့တယ်ဆိုပဲ ကျနော်တို့လဲ နောက်နေတယ်ထင်နေကြတာ ၊ ညက ကျန်ာတို့အဖြစ်ကိုလည်းမေ့နေကြပြီး အမကြီး မင်္ဂလာဆောင်ရင်တော့ ဝက်သားဟင်း ကြက်သားဟင်းတွေနဲ့ တရွာလုံးကို ရှယ်ကြွေးခိုင်းမယ်ကွလို့ ပြောပြီးရယ်နေကြသည်၊ ပြီးတော့မှ ဘကြီးအော်ဆဲသံ ကြားရလေတော့သည် အမလင်နောက်လိုက်ပြေးသွားပြီတဲ့ အဲ့ဒီကြမှပဲ တကယ်ယုံတော့သည်၊ ဘကြီးလဲ ကျနော်တို့ဘက်လှည့်လာပြီး “ဟေ့ကောင်တွေ မင်းတို့ပြောတော့ မင်းတို့ဘာကောင်တွေလဲဆိုတာ သိရမယ်ဆို မနက်ကျရင် ထူးရမယ်ဆို သူခိုးကိုလှံနဲ့ထိုးမယ်ဆို အခုတော့ ငါ့သမီးကြီးပါသွားပြီ အခုဘယ်လိုလုပ်ကြမလဲ ဟေ့ကောင်တွေ မင်းတို့ကြိုသိထားတယ် မဟုတ်လား ငါ့ကိုဘာလို့မပြောတာလဲ ထန်းရည်မူးပြီး သောက်သုံးမကျတဲ့ကောင်တွေ” ဟု ကော်ဆဲပါတော့သည် ကျနော်တို့လဲ “သိတော့သိထားတယ် ပြောမလို့ပဲ ဒါပေမယ့် ကျနော်တို့က…...” ဟု စကားရပ်သွားသည် ဘာမှဆက်မပြောရဲတော့ပါ ညကလူစွမ်းကောင်းလုပ်မလို့ပဲ ထန်းရည်မူးပြီး ဓါးလှံတွေကိုင် ကောက်လှိုင်းတွေမှီပြီး ငုတ်တုပ်အိပ်ပျော်သွားတဲ့အဖြစ်ကို ရှင်းမပြရဲတော့ပါ ဘကြီးကဒေါသထွက် ကျနော်တို့ကိုမဲပြီး ဆဲနေတော့ ရွာထဲကို လစ်ပြေးရတော့သည်။ )

ကိုရီးယားကနေ ကျနော်ရောက်တဲ့သတင်း ချက်ခြင်းပဲ ဘေးအိမ်က ရွာကလူတွေ သိသွားပြီး လာဝိုင်းနှုတ်ဆက်ကြလေတော့သည်။ ကျနော် ဆိုင်ကယ်နဲ့ ဝင်ဝင်ခြင်း အမအော်ပြောလို့ အလုပ်သမားလက်မှတ်မရှိလို့ အိမ်နောက်ဖေးကနေ လမ်းထိပ် ထွက်ပြေးသွားတဲ့ ရွာက ၂ ယောက်လည်း အနောက်ကပါလာသော သူငယ်ချင်းဆိုင်ကယ်နဲ့တိုးရာ သူငယ်ချင်းက ဘယ်ကိုပြေးမှာလဲဟု မေးမှ အကိုက မြန်မာလားဟု ပြန်မေးကာ ဇာတ်ရည်လည်သွားပြီး အိမ်ထဲပြန်ဝင်လာကြသည်။ ကျနော့်ကို လာနှုတ်ဆက်ကြတဲ့ သူတွေထဲမှာ ကျနော်ငယ်ငယ်က ပဲခူးရိုးမ တောစပ်လေးမှာ လယ်လုပ် နွားကြောင်း သစ်ခုတ်တုန်းက အတူလုပ်ခဲ့ဘူးသော ကြီးဒေါ်ကြီးလဲပါသည်။ သူ့သားတွေ မဲစောက်မှာ အလုပ်လာလုပ်ကြလို့ ထမင်းချက် အဖေါ်အဖြစ် လိုက်လာခဲ့ခြင်းဖြစ်ကြောင်း နေ့လည်က ကျနော်အမအိမ်လမ်းထဲ ဝင်လာတော့ သူတွေ့ကြောင်း ကျနော့်အား သောမော( Immigration ) ဟုထင်ကာ အိမ်နောက်ဖေးကနေ ဆင်းပြေးပြီး သစ်ပင်တွေကြားထဲ ဝင်ပုန်းနေကြောင်း ရှင်းပြတော့မှ ကျနော်မှာ အားလည်းနာ စိတ်မကောင်လည်း ဖြစ်ရလေတော့သည်။ ပြီးတော့ အမကို ဖက်ထားတုန်းက အမအသားတွေ တုန်ပြီး ကြောက်နေတာကို သတိရမိတော့သည်။ တရားဝင် အလုပ်သမားလက်မှတ် မရှိကြတဲ့ သူတွေကတော့ အဖမ်းဆီးကို ရှောင်နေရကြောင်း ကြောက်နေရကြောင်း အမပြောပြမှ နားလည်သွားသည်။

နောက်တနေ့ ညနေခင်းမှာ မဲဆောက်ဈေးထဲ ရောက်တုန်း လမ်းမှာ တွေ့သမျှသူတွေကို လူတွေကို မေးမြန်းဖမ်းစီးပြီး ကားပေါ်ဆွဲတင်နေသော သောမော(Immigration) တွေ့ရပါတယ်။ တရားမဝင် နေထိုင်သူတွေ အလုပ်သမားလက်မှတ် မရှိကြတဲ့ မြန်မာလူမျိုးတွေ အဖမ်းခံထားရသည်မှာ မနည်းလှပါ ။ ထို့သို့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေစဉ် မြန်မာ ရဟန်းတပါးမှ မေတ္တာရပ်ခံ တောင်းပန်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ ထိုင်း သောမော(Immigration) မှာ ဘယ်က ရဟန်းလည်းဟု စကားပြန်မှ တဆင့်မေးရာ ထိုမြန်မာရဟန်းမှ သူဟာ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ကူညီနေတဲ့ ရဟန်းလို့ ပြန်ဖြေလိုက်တော့ ထိုင်း သောမော(Immigration) မှ ထိုရဟန်းကိုပါ ဖမ်းပြီး ကားပေါ်ဆွဲတင်ပါတော့သည်။ ထိုရဟန်းနှင့် အတူပါလာသော အဖြူကောင် နှင့် အဖြူမလေးတွေက မျက်ရည်စက်လက်နှင့် ငိုနေတော့မှ ထိုင်း သောမော(Immigration)မှ ရဟန်းအား ပြန်လွှတ်ပေးလိုက်သော မြင်ကွင်းကိုလည်းတွေ့ရလေသည်။ ဒီလိုပဲ တရားမဝင်ရောက်လာပြီး ကြုံသလို လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာတွေကို ဖမ်းပြီး ကားပေါ်တင် ခေါ်သွားတာကိုလဲ မကြာခဏ မြင်ဖူးရပါသည်။ သတင်းတွေထဲမှာလည်း ဒီလိုပုံစံမျိုးနဲ့ အဖမ်းခံနေကြရတာတွေ တချို့ အကြောက်လွန်ပြီး နှလုံးသွေးရပ်ကာ သေသွားရသူတွေ၊ အဖမ်းခံကားပေါ်မှ ခုန်ချလို့ သေသွားရတာတွေ၊ ပြေးရင်းလွှားရင်း ချောင်းထဲပြုတ်ကျ ရေနစ်သေရသူတွေ သတင်းစုံကို မကြာခဏဆိုသလို ကြားနေရပါတယ်။

နောက်ရက်ကျတော့ မဲဆောက်မြို့ပြင်မှာရှိတဲ့ အမှိုက်ပုံကြီးကို မှီခို စားသောက်နောတဲ့ မြန်မာတွေရှိတဲ့နေရာကို ကျနော့် သူငယ်ချင်းက ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါတယ်။ လိုက်ပို့ပေးတဲ့သူငယ်ချင်းကလည်း ကြားတာကြားဖူးပေမယ့် တခါမှ မရောက်ဘူးသောကြောင့် ရောက်ဖူးသော သူများကို မေးမြန်းကာ သွားခဲ့ပါတယ်။ သို့သော်လည်း လမ်းမှားကာ အမှိုက်ပုံကြီးနဲ့ အတော်လှမ်းတဲ့ သစ်ပင်ခြုံတွေကြားထဲမှာ တဲထိုးနေကြတဲ့ မြန်မာတွေကို ကျနော်တွေ့သွားပြီး ဆိုင်ကယ်ရပ်ကာ ဆင်းမေးပါတော့သည်။ မြန်မာတဲတွေ သုံးလုံးလောက်ရှိမည် ထင်ပါတယ် ကျနော် တဲနားမရောက်ခင် ပေ ၁၀၀ လောက်အလိုမှာပဲ တဲထဲမှာ ရှိနေသူတွေ ကျနော့ကိုတွေ့သွားပြီး အလန့်တကြား တဲပေါ်မှ တောစပ် သစ်ပင်တွေထဲကို ထွက်ပြေးသွားကြပါတော့တယ်။ ကျနော် ရှင်းပြဖို့တောင် အချိန်မရလိုက်ပါ ကျနော့ကို ထိုင်း သောမော(Immigration) လို့ထင်ပြီး ပြေးကြခြင်းဖြစ်ပါတော့သည်။ ကျနော် ရှေ့ဆက်တိုးပြီး လိုက်ခေါ်လျှင် ပိုမိုကြောက်လန့် ထွက်ပြေးကာ ဒုက္ခရောက်မည် ဆိုးသဖြင့် စိတ်မကောင်းဖြစ်စွာနဲ့ပဲ ပြန်လှည့်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဆိုင်ကယ်ဆက်ထွက်ခဲ့ရာ နောက်တနေရာတွင် အလားတူ တဲသုံးလုံးလောက်ကို ကျနော်တွေ့လို့ ဆိုင်ကယ်ရပ်ပြီး ဆင်းမေးရာ ကျနော်မရောက်ခင်မှာပင် တဲပေါ်မှ လူတွေ ဆင်းပြေးတာကို တွေ့လိုက်ရပါတယ် တဲပေါ်မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးရယ် တဲရှေ့မှာ ကလေး နှစ်ယောက်ရယ်ကို တွေ့လိုက်ရပါတယ် ကျနော်လဲ ခပ်လှမ်းလှမ်းမှရပ်က ကျနော် မြန်မာလူမျိုးဖြစ်ကြောင်း အော်ပြောပြီးမှ တဲရှိရာကိုသွားရောက်ကာ အမှိုက်ပုံကြီး ရှိတဲ့နေရာကို မေးမြန်းခဲ့ပါတယ် ကျနော်အော်ပြောသော အသံကိုကြားရ၍ တဲပေါ်မှ ဆင်းပြေးသွားကြသူတွေလဲ တဲပေါ်ပြန်လာကြသည်။

ဒီလိုနဲ့ အမှိုက်ပုံကြီးရှိတဲ့နေရာကို ရောက်ခဲ့ပြီး အမှိုက်ပုံကြီး အဝင်လမ်းမှာ အမှိုက်ပုံကြီးကို မှိခိုစားသောက်နေကြတဲ့ သူတွေရဲ့ ကလေးတွေရယ် အမှိုက်ကောက်နေကြတဲ့ ကလေးတွေကို ပညာသင်ကြားပေးတေဲ့ ကောင်းကင်ပြာ ဆိုတဲ့ ကျောင်းကလေးကိုလည်းတွေ့ခဲ့ရပါတယ်။ မွဲခြောက်ခြောက် ကျောင်းလေးကို အပြင်ကပဲ လှမ်းကြည့်မိလိုက်ပါတယ်။ ကျနော့်ဘဝမှာ တခါမှ ဒီလောက်ကြီးတဲ့ အမှိုက်ပုံကြီးကို မတွေ့ဘူးပါဘူး အမှိုက်ပုံကြီးဘေးမှာလည်း အစိမ်းပုတ်ရောင်ထနေတဲ့ ရေပုတ်ကန်ကြီးလည်းရှိပါတယ်။ အမှိုက်ပုံ လမ်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အနံ့သက်ကလည်းဆိုး ယင်ကောင်တွေကလည်း ထူပေါ်ချက်က ကမ်းကုန် မျက်စိမှတ်ပြီး လက်တဖက်နဲ့ ဖမ်းဆုပ်လိုက်မယ်ဆိုရင်တောင် ဆယ်ကောင်လောက် အသာလေးဖမ်းနိုင်လောက်တယ်။ ကျနော်ကတော့ မျက်စိရှေ့က ယင်ကောင်တွေကို လက်နဲ့ခါရမ်းပြီး အမှိုက်ကောက်နေကြတဲ့ လူတွေစီကို သွားနေပါတယ် ဘေးက အတူပါလာတဲ့ သူငယ်ချင်းကတော့ သူ့ရဲ့ နှုတ်ခမ်းထူထူလေးပေါ်မှာ ယင်ကောင် နားသွားလို့ဆိုပြီး တထွီ ထွီနဲ့ ထွီနေတာကို ကျနော်က ကျနော့်ပါးစပ်ထဲ ယင်ကောင်ဝင်မှာဆိုးလို့ ပါးစပ်ကို လက်ဝါးနဲ့အုပ်ကာ သူငယ်ချင်းကို ကြည့်ပြီး ရယ်နေရင်းနဲ့ပဲ ဆက်လျှောက်နေပါတယ်။


ခပ်လှမ်းလှမ်းကနေ မြင်နေရတာကတော့ မြန်မာတွေ အလုအယက် အမှိုက်ပုံပေါ်မှာ လူကြီး လူငယ် ယောက်ကျား မိန်မတွေ အမှိုက်ကောက်နေတာကို တွေ့ရပါတယ်။ ကျနော်နဲ့ သူငယ်ချင်းလဲ အနီးနားအရောက်သွားပြီး အမှိုက်ကောက်နေကြတာကို သေသေချာချာကြည့်နေမိပါတယ် ။ အနီးက ကောင်းကင်ပြာ ကျောင်းက ကလေးတွေလဲ ညနေစောင်းမို့ ကျောင်းဆင်းပြီး မိဘတွေနဲ့ အတူ တပိုင်တနိုင် အမှိုက်ဝိုင်းကောက်နေတာကို တွေ့ရပါတယ်။ လသားအရွယ်ကလေးတွေလဲ အမှိုက်ပုံဘေးမှာ ယင်ကောင်တွေ အလောင်းလောင်းထဲ ဘောင်းဘီ မပါပဲ ထိုင်လျက်တမျိုး လေးဘက်သွားနေတာ တမျိုးကိုလဲ စိတ်မကောင်းစရာ တွေ့လိုက်ရလို့ ပိုပြီးစိတ်မကောင်းဖြစ်မိရပါတယ်။


ဒီလောက်အနံ့သက်ဆိုးလှတဲ့ အမှိုက်ပေါ်မှာ အမှိုက်ကောက် အသက်မွေးနေရင်း နေစရာမရှိလို့ အမှိုက်ပုံဘေးမှာပဲ အမှိုက်ပုံထဲကရတဲ့ ပိတ်စ ဆောင်စုပ်တွေနဲ့ အမှိုက်ပုံပေါ်မှာ အမှိုက်ပုံဘေးမှာ ယင်ကောင် လောင်းလောင်းနဲ့ နေထိုင်နေရတဲ့ ကျနော်တို့ အမျိုး သာဂီနွယ် မြေပေါ်မြေအောက် သံယံဇာတ အပြည့်မောက်ရှိတဲ့ မြန်မာနိုင်ငံက ရွှေမြန်မာတွေဘဝဟာ ရင်နာစရာ အတော်ကောင်းလှပါတယ်။ အမှိုက်ကောက်နေတြတဲ့ လူငယ်တွေကိုကြည့်လိုက်တော့ အဝတ်စားတွေက ညစ်ထေးနေပေမယ့် လူချော လူရည်သန့်လေးတွေပါ။

ဒီလိုနဲ့ အမှိုက်ကောင်နေတဲ့သူတွေကို ကြည့်နေတုန်း အမှိုက်ကားတစီးဟာ အမှိုက်သွန်ဖို့ နောက်ပြန်မောင်းဝင်လာပါတယ် အမှိုက်သွန်ရမည့်နေရာကိုရောက်တော့ ကားပေါ်က အမှိုက်တွေကို သွန်ချလိုက်တော့ အလုယက်ပဲ သုံးပေလောက်ရှိမယ့် တုတ်ချောင်းရှေ့မှာ တံဇဉ်ကိုချိတ်ချည်းပြီး အမှိုက်တွေကို တူးစွကာ ပလပ်စတစ်အိပ်၊ သံဘူးခွံ ရေဘူးခွံ ပုလင်းမျိုးစုံကို ကောက်ယူပြီး ပုခုံးနဲ့ လွယ်သိုင်းထားတဲ့ အိပ်ထဲကိုထည့်နေကြတာကို ကြည့်နေရင်း ထိုင်နိုင်ငံရောက် ရွှေမြန်မာတွေဘဝကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ မြင်စေချင်လှပါတယ်။ သူတို့ဘဝမှာ ဒေါ်လာတွေစုဖို့လဲ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ အိမ်တွေ ခြံတွေ ဝယ်ဖို့လဲမဟုတ်ပါဘူး၊ မြန်မာပြည်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ထမင်းစားဖို့ တနေ့ဝင်ငွေလေးတောင် ရှာနိုင်ဖို့ အစဉ်မပြေလို့ နယ်စပ်ကိုဖြတ်ကျော် တိုင်းတပါးမှာ အမှိုက်ကောက်စားနေရတာပါ။ သူတို့ အမှိုက်ကောက်စားရတာ တနေ့ကို ဘတ် ၇၀/၈၀ လောက် မြန်မာငွေ ၂ဝဝဝ လောက်ရကြပြီး အသက်ရှင်ရပ်တည်နေရတာပါ။

ထူးထူးဆန်းဆန်း အမှိုက်ပုံဘေးမှာ ဂုန်နီအိပ်အစုတ်တွေ၊ မိုးကာစ အစုတ်တွေ၊ အဝတ်စုတ်တွေနဲ့ ကာရံထားတဲ့ တဲစုတ်လေးထဲမှာ လက်ဘက်ရည်ဆိုင်လေး ဖွင့်ထားတာကိုလဲ တွေ့လိုက်ရပါတယ်။ လက်ဘက်ရည်ဆိုတာကတော့ တပေလောက်ရှိမယ့် ဓါတ်ဘူးဟောင်းတဘူးထဲမှာ ကြိုတင် ဖျော်ထည့်ထားတာပါ လူထိုင်ခုံ သုံးခုံလောက်ရှိမယ်ထင်ပါတယ်။ မေးကြည့်တော့ တခွပ်ကို နှစ်ဘတ်လား သုံးဘတ်လား သေချာတော့ မမှတ်မိတော့ပါ။ အမှိုက်ကောက်ရင်း အမောပြေ သောက်တဲ့နေရာလေးပေါ့။

အမှိုက်ပုံဘေးက အဝတ်စုတ်ပုံလေးရဲ့ဘေးမှာ လေးဘက်သွားရွယ် ကလေးလေးတယောက် ယင်ကောင်တွေ တလောင်းလောင်းကြားထဲမှာ ထိုင်နေတာကို ကျနော်တွေ့လိုက်ရတော့ ချစ်စရာလေးပါ ဖြူဖြူဖွေးဖွေးလေး ကျနော် ကင်မရာ ရိုက်နေတာကိုကြည့်ပြီး အနားကပ်လာကာ သူ့ကိုချီဖို့ လက်ကလေးပေးရှာပါတယ်။ ကျနော်လည်း ခဏလောက်ပွေ့ချီလိုက်ပါတယ်။ ချစ်စရာကလေးလေး ရင်ထဲမချိအောင် ခံစားမိပြီး မျက်ရည်ဝဲမိတယ်။


နောက်တနေရာမှာ ငါးနှစ်အရွယ်ခန့်အမဖြစ်သူက ထိုင်နေတဲ့ လသားအရွယ် သူ့မောင်လေးကို မုန့်လက်ဆောင်း ခွန့်တိုက်နေတာကို တွေ့လိုက်ရတယ်၊ ဖြူဖြူဖွေးဖွေး ချစ်စရာ ကလေးလေး အောက်က ဘောင်းဘီမပါ ပေလူးညစ်ထေးနေပေမယ့် တကယ့်ချစ်စရာ မျက်နှာလေးနဲ့ပါ၊ အမဖြစ်သူက သူတဇွန်းသောက်လိုက် သူ့မောင်လေးကို တဇွန်းတိုက်လိုက်နဲ့ပေါ။့ သူ့မောင်လေးကို တဇွန်းတိုက်လိုက်တိုင်း မောင်းလေးက ပျော်လွန်းလို့ သူ့လက်ဝါးလေးနှစ်ဘက်ကို တီးနေတာ ကြည်နူးစရာတော့ မဟုတ်ပါဘူး တကယ့်ရင်နာစရာမြင်ကွင်းတခုပါပဲလေ။ သူတို့အတွက်တော့ အကောင်းဆုံး သွားရည်စာလို့ ပြောရမလားပါပဲ၊ နောက်တခါ ပြန်ရောက်ရင် သူ့တို့ကို တက်နိုင်သလောက်လှူဘို့ သေချာပြင်ထားပါတယ်။ မကြာခင် ကျနော် ထိုင်းကို ထပ်သွားရအုံးမယ်လေ။


ကျော်စွာလင်း (ရိုးမ)

၀၈.၁၀.၂၀၁၀