28.9.10

အာစီယံက မြန်မာ ဘာနိုင်ငံအမျိုးစားလဲ

ကျနော်ဟာ ကလေးများ အကြောင်းကို စာရေးချင်နေတာကြာပါပြီ ၊ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး၊ စာရေးဆရာမ ခိုင်မာကျော်ဇော ရဲ့ နယ်စပ်လမ်းက ပန်းကလေးများ စာအုပ်ကို ဖတ်ပြီး မျက်ရည်ကျခဲ့မိတယ်၊ နောက်ပြီး ရွက်မွန်ဘလော့က လမ်းမပေါ်မှ ကလေးများ အကြောင်းဖတ်ပြီးတော့လည်း စိတ်တော်တော် ထိခိုက်မိတယ်၊ အရင်တုန်းကလည်း ကလောင်နံမည် အစုံနဲ့ တခြားစောင်းပါးတွေရေးပြီး ဖြန့်ခဲ့ဘူးပါတယ်၊ ကလေးတွေ အကြောင်း စဉ်းစားရင်း ပြောစရာတွေ ရေးစရာတွေ များလွန်းလို့ ဘယ်ကနေစရေးပြီး ဘယ်မှာ အဆုံးသတ်ကမည်တောင် မသိတော့ပါ။ အပိုင်းစ တချို့ အာရုံထဲ လက်တလော ပေါ်လာတာလေးတွေကိုပဲ အရင်ရေးလိုက်ပါတော့မယ်။

သူတောင်းစား အင်မတန်ပေါလို့ သူတောင်းစားနိုင်ငံလို့ပြောရင် စိတ်ဆိုးမဲ့သူတွေရှိရင်လည်း စိတ်ဆိုးလိုက်ပါလို့ပဲ ပြောပါရစေ။ ကျနော်ငယ်ငယ်ထဲကနေ ယနေ့ အချိန်ထိ လမ်းမတွေပေါ်မှာ ရှောင်မလွဲ ပေါများချက်ကတော့ သူတောင်းစားတွေပါ ၊ ကျနော်တို့ ပဲခူးမြို့မှာဆို တန်ခူးလ ဘုရားပွဲလုပ်တိုင်း လမ်းဘေးမှာ အစီအရီနဲ့ ကလေးသူတောင်းစား ၊ ဒုက္ခိတသူတောင်းစားတွေ သက်ကြီးရွယ်အို သူတောင်းစားတွေ အလွန်ပေါလှပါတယ်။ ပုံမှန်အားဖြင့်တော့ ဘူတာရုံရှေ့မှာ ၊ ရုပ်ရှင်ရုံရှေ့မှာ ၊ ဈေးတံတားထိပ်မှာ ၊ ဘုရားဆောင်းတန်းတွေမှာ ၊ ရပ်ကွပ်တွေထဲမှာ တောင်းစားရင်း ထမင်းကျန် ဟင်းကျန်တွေ တောင်းစားနေတဲ့ သူတောင်းစားတွေလဲ ပေါလှပါတယ်။၊ ဒါကတော့ နိုင်ငံတဝှမ်းလုံးမှာ ရှိနေကြတာပါ။ ကျောင်းတက်ရမည့် ကလေး အရွယ်တွေ လမ်းဘေးမှာ သူတောင်းစားဖြစ်သူဖြစ် ၊ အရွယ်နှင့်မမျှအောင် ကားဂိတ်တွေမှာ ဘူတာတွေမှာ ချိုချင်ရောင်း ဆေးလိပ်ရောင်း လမ်းဘေးမှာ ဟင်းရွက်စိမ်းရောင်းသူရောင်း ဈေးတွေထဲ ကုန်ထမ်းသူထမ်း ပလပ်စတစ်ကောက်သူကောက်နဲ့ မြင်ကွင်းကတော့ စုံလင်လှပါတယ်။ ရန်ကုန်မြို့တော်ရောက်တော့လဲ ဒီလိုမြင်ကွင်းတွေ ပိုလို့တောင် မြင်ရပါသေးတယ်။ ကျနော့်လို ဘဝသမား သူငယ်ချင်းတွေထဲမှာလဲ ကလေးဘဝတုန်းကပေါ့ ၄ တန်း ၅ တန်း ၆ တန်း ၇ တန်း ၈ တန်း လောက်မှာ မိဘတွေ အစဉ်မပြေကြလို့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲကြရတဲ့ သူငယ်ချင်းတွေ ဒီအချိန်ထိ မျက်လုံးထဲ မြင်ရောင်နေတုန်းပါပဲ၊ ကျနော်လည်း အစဉ်ပြေလို့တော့ မဟုတ်ပါ လိမ်ဖယ်လိမ်ဖယ်နဲ့ ကျနော့်မြို့မှာ ဆယ်တန်းအောင်တဲ့အထိ ကျောင်းတက်ခဲ့ပါတယ်။


မြေပေါ်မြေအောက် သယံဇာတ အပြည့်မောက်ရှိတဲ့ ကျနော်နိုင်ငံဟာ ကျနော်တို့ မမွေးခင်တုန်းက အာရှမှာ ချမ်းသာကြွယ်ဝခဲ့တယ် တချိန်မှာ အာရှရဲ့ စံပြနိုင်ငံတနိုင်ငံ ဖြစ်လိမ့်မယ်လို့ ပြောဆိုထင်ကြေးပေးခံခဲ့ရတဲ့ နိုင်ငံဆိုတာ စာပေလေ့လာသူတိုင်း သမိုင်းသိတဲ့သူတိုင်း သိကြပါတယ်။ ဒီနေ့ဒီအချိန်မှာ မြန်မာပြည်ဟာ ဘယ်အခြေနေရောက်နေလဲ ၊ ပြည်သူတွေရဲ့ ဘဝရပ်တည်မှု အခြေနေတွေ ဘယ်လိုပုံစံတွေ ဖြစ်နေလဲဆိုတာ ပြောပြစရာတောင် လိုမယ်မထင်ပါဘူး၊ လမ်းတွေဖေါက်ပြီး တံတားတွေ ဆောက်ပေးရုံနဲ့ တိုင်းပြည်တိုးတက်တယ်လို့ပြောလို့ရပါသလား၊ အခြခံလူတန်းစား ပြည်သူတွေရဲ့ ဘဝအခြေနေတွေ ဘာတွေတိုးတက်ခဲ့ပါသလဲ ၊ တိုင်းပြည့်ရဲ့ ရေနံ၊ ဂါတ်စ်၊ ကျွန်းသစ်တွေ၊ ကျောက်မျက်ရတနာတွေကို၊ ဆန်၊ ပဲ အစရှိတဲ့ သယံဇာတ အရင်းမြစ်တွေကို နိုင်ငံခြားကို ရောင်းစား တိုင်းပြည်ဘဏ္ဌာငွေရဲ့ တဝက်ကျော်ကို စစ်စရိပ်အတွက် သုံးဆွဲရင်း စီးပွားရေးအားလုံးကို စစ်တပ်အသိုင်းဝိုင်း လပ်ဝါးကြီးအုပ်နေပြီး စက်မှုနည်းပညာ ကုန်ထုပ်လုပ်ဘို့ တိုးတက်ဖို့ရော ဘာတွေများ အားပေးထားပါသလဲ၊ တိုင်းပြည်က ဂါတ်စ်တွေ၊ ရေနံတွေ၊ ရေအားလျှပ်စစ်တွေကို တရုပ်ပြည်၊ ကုလားပြည် နဲ့ ထိုင်းကို ရောင်းစားရင်း ပြည်သူတွေကိုတောင် ယနေ့အထိ မီးမှန်မှန်လာအောင် မလုပ်ပေးနိုင်ပဲနဲ့ ဘယ်လိုစက်မှုနိုင်ငံကို ထူထောင်မလဲ မပြောတတ်တော့ပါ၊ နိုင်ငံခြားက ကားအသစ် သုံးစီးတန်ဘိုးလောက်က မြန်မာပြည်က ကားအဟောင်း တစီးတန်ဘိုးလောက်ပဲ ရှိတယ်၊ အကြောင်းကတော့ ကားဈေးထက် လိုင်စင်ပါမစ်ရဘို့ အတွက် ပိုင်ရာဆိုင်ရာ စစ်ဗိုလ်တွေကို ပေးနေရလို့ဆိုတာ လူတိုင်းသိတယ်၊ တယ်လီဖုန်းလိုင်းတွေ ဆိုလဲ အတူတူပါပဲ ဈေးတွေ စွတ်တင်ထား ပေးရကမ်းရနဲ့ သူတောင်းစား အကြီးစားတွေကိုပေါ့ဗျာ အားလုံးသိကြပါတယ်၊ နအဖ လူကြီးတွေကိုယ်တိုင် ဝေစားမျှစား လုပ်နေကြတာပါလို့ပြောရင် စာရေးသူ လွန်မလား စာဖတ်သူတွေပဲ စဉ်းစားကြပေါ့ဗျာ။ ဌာနဆိုင်ရာတွေမှာလဲ ငွေပေးမှ အစဉ်ပြေရ ပေါ်တင်တမျိုး နောက်ကွယ်တမျိုး ရိုးရိုးတောင်းတာတမျိုး ဈေးညှိတောင်းတာ တမျိုး ခြိမ်းချောက်ပြီးတောင်းကြတာတမျိုး အိမ်အပြန် လေဆိပ်အဝင်မှာတောင်းတာတမျိုး ကိုယ့်တိုင်းပြည်မှာ အလုပ်ကိုင် အစဉ်မပြေလို့ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်ကိုင်ရဖို့ နေထိုင်ခွင့်ရဖို့ အောက်ကျခံပြီးတောင်းနေရ အမျိုးမျိုး ပြောပြန်ရင်လည်း ကုန်မည်မဟုတ်တော့ပါ၊ လမ်းကြောင်းပျောက်တော့မယ် ကလေး သူတောင်းစား အကြောင်းဆက်ရေးလိုက်အုံးမည်။

နအဖ အစိုးရရဲ့ စစ်သားတွေ တောတောင်တွေထဲမှာရှိတဲ့ တိုင်းရင်းသူတွေကို မုဒိန်းကျင့် လူသတ် ရွာမိးနဲ့ရှို့နဲ့ လုပ်ရပ်တွေကတော့ ကမ္ဘာသိပါဘဲ မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေ နယ်စပ်လမ်းဘေးမှာ သူတောင်းစား ဖြစ်သွားရတာတွေကတော့ ပြောလဲကုန်မည်မဟုတ်၊ ပြည်တွင်းမှာ လုပ်စားကိုင်စားရတာ အစဉ်မပြေလို့ ထိုင်းနယ်စပ်ကိုရောက်လာပြီး ထိုင်းလူမျိုးတွေစီမှာ အနှိမ်ခံပြီး အလုပ်လုပ်ရ အိမ်ဖေါ်အဖြစ်နဲ့လည်း အလုပ်လုပ်ရပေါ့၊ တချို့ မိန်းကလေးတွေဆို နယ်အသီးသီးက နေပြီးတော့ တရုပ်ပြည်မှာ အလုပ်ရမည်ထင်ပြီး လိုက်သွားရကနေ အရောင်းစားခံရ တရုပ်အဖိုးကြီးတွေစီမှာ မယားအဖြစ်နဲ့ ပေါင်းသင်းနေရ ၊ ဖာအဖြစ်နဲ့လည်း အရောင်းစားခံရ ၊ ဒါတင်ပဲလား မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံမှာဆိုလဲ စီးပွားရေး အစဉ်မပြေရာက အရောင်းစားခံရပြီး ဖာဖြစ်သွားတဲ့ ကျနော်တို့ ရွှေမြန်မာ မိန်းကလေးတွေ ဒုနဲ့ဒေး ထိုင်းလူမျိုးတွေရဲ့ မုဒိန်းကျင့်ခံရတာလဲမနည်းလှပါ ၊ မလေးရှားမှာဆိုလဲ ရွှေမြန်မာ မရွှေဖာ ဖြစ်နေတဲ့ မိန်းကလေးတွေရှိပါ့ဗျာ၊ မလေးရှားမှာ အလုပ်သွားလုပ်ရင်း မလေးကုလားတွေရဲ့ မုဒိန်းကျင့်ခံရတာလဲ ခဏခဏကြားနေရ ရဲတွေကလည်း အစစ်ပါသေးဗျာ၊ ကလေး သူတောင်းစားတွေပါ အရောင်းစားခံပြီးရောက်နေကြနဲ့ ဘယ်သူကမှ မိဝေး ဖဝေးနဲ့ နိုင်ငံခြားသွားချင်ကြမှာ မဟုတ်ပါဘူး။ စင်္ကပူမှာလား တရားဝင် လိုင်စင်နဲ့ တမျိုး ၊ တိတ်တိတ်ပုံး တမျိုး၊ အိန္ဒိယ နယ်စပ်ဘက်မှာလား မယုံရင် သွားကြည့်ပါတဲ့ဗျာ၊ မြန်မာပြည်မှာ ခေတ်စားနေတဲ့ ကိုရီးယားနိုင်ငံမှာလား ၊ မြန်မာပြည်က ရွှေမြန်မာ အပျိုစင်လေးတွေ ကိုရီးယား အိုနာကျိုးကန်းတွေစီမှာ ဘဝတွေ ရောင်းစားနေကြပြီ မယုံမရှိလေနှင့် ကိုယ်တွေ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားတချို့ကို မှတ်မိနေမိတယ် “ကျုပ်သာမရှိရင် ဒီနိုင်ငံဟာ ဖာနိုင်ငံကြီး ဖြစ်လိမ့်မယ်” လို့ ပြောဘူးတယ်။ ကဲ ကျနော်က ဗိုလ်ချုပ်ခင်ဗျာ ဗိုလ်ချုပ်တည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီး တိုင်းပြည်ကို လက်နက်အားကိုး ကိုယ်ကျိုးအတွက် မတရားအုပ်ချုပ်နေတာ ယနေ့ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ အာစီယံ ဖာနိုင်ငံဖြစ်နေပြီလို့ ကျနော်ပြောပြန်ရင်လည်း လွန်ရာကျအုံးမည် မထင်ပါ။

မြန်မာ သူတောင်းစား အကြောင်းပြောပြရင်တော့ ရင်အတော်နာရလွန်းလို့ ရင်ဘက်ကို ဓါးနှောက်နဲ့ထုပြီး အော်ငိုလိုက်ချင်တယ်။ ကျနော်ရန်ကုန်ကိုရောက်တဲ့နေ့မှာလဲ သူငယ်ချင်းတွေနဲ့ ကြေးအိုးဝယ်စားနေတဲ့အချိန် ဆိုင်အပြင်မှာ ကလေးတွေ (၇)နှစ် (၈)နှစ် အရွယ် လောက်ရှိမယ် (၃) ယောက် ဗါဒန်ပင်အောင်မှာ ဆိုင်ထဲကို လှမ်းကြည့်နေကြတယ် ထမင်းအရမ်းစာနေတဲ့ပုံပါပဲ ကျနော်က ဝယ်ကြွေးချင်ပေမယ့်လည်း ရန်ကုန်သား သူငယ်ချင်းတွေ ဒါတွေရန်ကုန်မှာ ရိုးနေပါပြီကွာဆိုပြီး တားတာနဲ့ ကျနော်လည်း ဒီအတိုင်းကြည့်နေမိတယ် ၊ ခဏကြာတော့ ဆိုင်ထဲက ဝိတ်တာ တယောက်က ကြေးအိုးစားကြွင်းစားကျန်တွေက ဇကာထဲမှာစစ် အပြင်ကိုယူသွားရင်း ဗါဒန်ပင်အောက်မှာ ဗါဒန်အရွက်တွေခင်းပြီး သွန်ချလိုက်တော့ ကလေးငယ် သုံးရောက် ဝိုင်းထိုင်ကာ အားပါးတရစားသောက်နေတာကြည့်ပြီး ရင်ထဲမှာ အတော်ထိသွားတယ် ၊ နောက်တနေ့ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားအကြည့် ရွှေမန်းရုပ်ရှင်ရုံဘေးမှာ (၁၀) နှစ်အရွယ် ကလေးမလေးတယောက် မိုးရေထဲမှာ ဆံပင်စုပ်ဖွားနဲ့ တုန်တုန်ရီရီ အသံလေးနှင့် ဦးဦးရယ် သမီး ထမင်းမစားရသေးလို့ မုန့်ဖိုးလေး နဲနဲလောက် ပေးခဲ့ပါတဲ့ မိုးရေတွေနဲ့မျက်ရည်တွေရောပြီး လက်အုပ်လေးချီ အသနားခံပြီး ချမ်းနေလို့ မေးရိုးနဲ့သွားလေးတွေ တဂတ်ဂတ်ရိုက်နေတဲ့အသံ ကျနော်ဒီအချိန်ထိ ကြားရောင်နေတုန်းပါပဲ ကျနော်လဲ ရှိသမျှ ပိုက်ဆံတွေ အကုန်ထုပ်ပေးပြီး သူငယ်ချင်းဆီကနေ ပြန်ချေးကာ တည်းနေတဲ့နေရာကို ပြန်ခဲ့ပါတော့တယ်။ ကျနော်နေတဲ့ မြို့ ရပ်ကွပ်ထဲမှာ ထမင်းစာလို့ လိုက်တောင်းစားနေတဲ့ သက်ကြီးရွယ်အိုတွေ အိမ်ရှေ့မှာ ထမင်းဆာလို့ မူးလဲတာတွေလဲ ရပ်ကွပ်ထဲမှာ မူးလဲနေတာ တွေ ခဏခဏကြုံဘူးတယ် ကျနော်ကိုယ်တိုင် အိမ်ကရှိတဲ့ ထမင်းဟင်းတွေ ယူပြီးကြွေးခဲ့ဘူးပါတယ်။

နအဖ ရဲ့ တိုးတက်နေပါတယ်ဆိုတဲ့ အုပ်ချုပ်မှုစနစ်ကြောင့် လက်လုပ် လက်စားတွေ ထိုင်းမြန်မာ နယ်စပ်ကို ရောက်လာ နယ်စပ်ရှိ ထိုင်းလူမျိုးတွေဆီမှာ လယ်တွေကိုင်းတွေထဲမှာ အလုပ်လုပ် စက်ရုံတွေထဲမှာ အလုပ်လုပ် အနှိမ်ခံဘဝနဲ့ပဲ အသက်ခံလိုက်ရတဲ့သူတွေ မုဒိန်းကျင့်ခံရသူတွေ မနည်းပါ။ ရင်နာစရာ အကြောင်းတွေ အများကြီးထဲက တခုလောက်တော့ ပြောပြချင်တယ် ပြီးခဲ့တဲ့နှစ်က ဖူးခတ်မြို့မှာ တရားမဝင်နေထိုင်မှုနဲ့ ထိုင်းရဲတွေလိုက်ဖမ်းလို့ ပြေးရင်းလွှားရင်း ချောင်းထဲ ပြုတ်ကျတဲ့ မိန်းကလေး တယောက်ကို ရဲတွေက မကယ်တဲ့အပြင် ဆဲဆိုပြီး ကမ်းပေါ်ကနေ ခဲနဲ့ဝိုင်းပြစ်လို့ ရေနစ်သေဆုံးခဲ့ရတဲ့ အဖြစ်တွေ ဒီလို အကြောင်းရာတွေကတော့ ပြောပြမယ်ဆို ပြောမကုန်နိုင်တော့ပါ။

ထိုင်းမြန်မာနယ်စပ် မဲဆော့ မြို့ကလေးကို မြဝတီမြို့ကလေး မှ ကျော်ဖြတ်ပြီး လာရောက်တောင်းစားနေတဲ့ မြန်မာ သူတောင်းစားတွေ ကလေး လူကြီး တွေ တပ်မတော်က စစ်မှုထမ်းဟောင်း ဒုက္ခိတ တွေအလွန်ပေါများကြပါတယ်။ နောက်ပြီးတော့ ကျနော်ကိုယ်တိုင် ဘန်ကောက်မြို့ကိုရောက်တုန်းက ကိုယ်တွေ့ အဖြစ်ပျက်လေးတွေ အများကြီးထဲက တချို့ကို ပြောပြချင်ပါသေးတေယ်။ ကျနော် ဘန်ကောက်မြို့ကိုရောက်တော့ ပတ်တူနမ်း နားက တည်းခိုခန်း တခုမှာ ခဏတည်းနေတုန်းက Central World Shopping Mall ကိုသွားလယ်လိုက် အဲ့ဒီအနားက စားသောက်ဆိုင်တွေမှာ ခဏကြုံတုန်း တွေ့ရတဲ့ သူငယ်ချင်းတွေနဲ့ ညနေခင်း ဘီယာသွားသောက်ရင်း အာလူးဖုတ်ကြနဲ့ပေါ့ဗျာ။ တရက်ကျနော်နဲ့ သူငယ်ချင်းနှစ်ယောက် နေ့ခင်းဘက် Central World Shopping Mall ကိုသွားလည်ကြရင်း mall ထဲက ရေငန်သီးတွေ တွေ့တာနဲ့ ဝယ်ခဲ့ရင်း mall ရဲ့အောက် လူထိုင်တန်းလေးတွေမှာ နှစ်ယောက်ထိုင်ရင်း စားနေတုန်း ရှစ်နှစ်အရွယ် ကလေးတယောက် ပလပ်စတစ်ခြင်းလေးဆွဲရင်း ခြင်းထဲက သကြားလုံး သုံးလုံးစီ ထည့်ထားအထုပ်လေးတွေကို တခု (၁၀)ဘတ်နဲ့ ထိုင်းလိုလာပြောပြီး ရောင်းနေပါတယ်၊ ထိုင်းစကား မတတ်တဲ့ကျနော်က သူငယ်ချင်းကိုမေးကြည့်တော့ သကြားလုံးတထုပ် (၁၀)ဘတ်နဲ့ ဝယ်ယူရန်ပြောနေကြောင်း ရှင်းပြတော့ ကျနော်လဲ ဘတ် ၂၀ တန် နှစ်ရွက် ထုတ်ပေးကာ သကြားလုံးတထုပ် ပဲယူလိုက်ပါတယ်။ ကလေးက ကျေးဇူးတင်ပါတယ်လို့ ထိုင်းလိုပြောပြီး လှည့်အထွက်မှာ ကျနော့်စိတ်ထဲ အတွေးတခုဝင်လာပြီး ကလေးကို လှမ်းခေါ်ကာ
“သား မြန်မာလူမျိုးလား မြန်မာစကားပြောတတ်လား” လို့ ပြောလိုက်တော့ ကလေးက ကြောင်အမ်းအမ်းနဲ့ ကျနော့ကို စိုက်ကြည့်နေပါတယ် ကျနော်လည်း
“သား ဦးဦး မြန်မာလိုပြောနေတယ်လေ သားမြန်မာလူမျိုး မဟုတ်လား” လို့ထပ်မေးတော့မှ ကလေးက
“ဟုတ်ကဲ့ ဦးဦး သားမြန်မာလူမျိုးပါ ”တဲ့ ကျနော်လည်း
“သားဒီကိုရောက်တာကြာပြီလား ဖေဖေနဲ့ မေမေရော ရှိလား ဘာတွေလုပ်ကြလဲ” လို့ တခါတည်းမေးလိုက်တော့ ကလေးက
“ဟုတ်ကဲ့ ဦးဦး သားဒီကိုရောက်တာ တနှစ်လောက်ရှိနေပြီ မေမေက ထမင်းဆိုင်တခုမှာ ပန်ကန်ဆေးတယ် ဖေဖေက အဝေးကြီးမှာ ပန်းရံ လုပ်တယ်လို့” ဖြေလိုက်ပြီး ကျနော်တို့ သူငယ်ချင်းနှစ်ယောက် စားနေတဲ့ ရေငန်သီးတွေကို စိုက်ကြည့်ပြီး ပါးစပ်လေး တပြင်ပြင်နဲ့ စားချင်နေတဲ့ပုံနဲ့ ကျနော်လဲ
“သား ရေငန်သီးစားမလားလို့ ” မေးလိုက်တော့
“ဟုတ်ကဲ့ သားစားချင်တယ် သားမြန်မာပြည်မှာ ရှိနေတုန်းက အများကြီး စားဘူးတယ်” လို့ပြန်ပြောတော့ ကျနော်လည်း
“သား ဒါဆိုလဲ အကုန်ယူသွား” ဆိုပြီး ပြောပြော ဆိုဆိုနဲ့ သူ့ရဲ့ သကြားလုံး ခြင်းလေးထဲကို အကုန်ထည့်ပေးလိုက်ပါတော့တယ် ၊ ကလေးလဲ “ကျေးဇူးပါ ဦးဦး” လို့ပြောပြီး ထွက်သွားကာ ခြင်းထဲမှ ရေငန်သီး အမွှာလေးတွေကို သူ့ဘောင်းဘီတို အိပ်ကပ်ထဲကို ထိုးထည့်ရင်း နောက်တနေရာမှာ ဆက်ရောင်းဖို့ ထွက်သွားရင်း သူ့ဘောင်းဘီ အိပ်ကပ်ထဲက ထွက်ကျလာတဲ့ ရေငန်းသီး အမွှာလေးများကို ပြန်ကောက်ရင်း သူ့ပါးစပ်လေးနဲ့ တဝှူးဝှူးမှုတ် အင်္ကျီလေးနဲ့သုတ်ကာ တရွေ့ရွေ့ထွက်သွားလေတော့သည်။ အော် တို့ရွှေမြန်မာလူမျိုးတွေပါလား လို့ပဲတွေးနေမိတော့တယ်။

နောက်တနေ့ညနေ မြန်မာတရုတ် သူငယ်ချင်းတယောက်နဲ့ ကျနော် Central World Shopping Mall ဘေးက လမ်းဘေး ငါးကင် တုန်ရန်း သင်္ဘောသီးထောင်း နဲ့ အခြားစားသောက်စရာတွေ ရောင်းတဲ့ဆိုင်တန်းတွေမှာ ဝင်ထိုင်ရင်း စားသားစရာတွေ တချို့ကို မှာလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ မလှမ်းမကမ်းက ထိုင်းမလေးတွေ ထိုင်တဲ့ဝိုင်းရှေ့မှာ အသက် ၂၅နှစ် ပတ်ဝန်းကျင်လောက်ရှိမယ့် မိန်းကလေးတယောက် လသားအရွယ် ကလေးငယ်ကို ပွေ့ကာ ကိုကာကိုလာ စက္ကူခွပ် လေးကိုကိုင်ရင်း ဖီးခ ဖီးခ နဲ့ ပိုက်ဆံတောင်းနေပါတယ် ထိုင်းမိန်းကလေးတွေကလည်း ခေါင်းခါရင်း မထည့်နိုင်ကြောင်းပြောပေမယ့် ထိုမိန်းကလေးမှာ ထွက်မသွားပေ နောက်ဆုံး ထိုင်းမိန်းကလေး တဦးမှ သူ့လက်ဆွဲအိပ်ထဲမှ အကြွေတချို့ကို ရှာဖွေထည့်ပေးလိုက်တော့မှ တခြားဝိုင်းကို ဆက်တောင်းပါတော့တယ်၊ တခြားဝိုင်းတွေကလူတွေလဲ စေတနာအလျောက်တော့ ဖြစ်ဟန်မတူပါ မပေးမခြင်း မသွားမှန်းသိနေတာ့ အကြွေစေ့လေးတွေကို ထည့်ပေးကြတယ်၊ မကြာခင် ကျနော်တို့ ဝိုင်းကိုလည်း လာတောင်းတော့မည် ဆိုတာလည်းသိနေပါတယ်၊ ကျနော်တို့ ဘေးဝိုင်းမှာတော့ အသက် (၂၇~၂၈) ပတ်ဝန်းကျင်လောက်ရှိမည့် ထိုင်းလူငယ်ဝိုင်း တဝိုင်းရှိနေပြီး စားသောက်နေကြပါတယ်၊ အဲ့ဒီအချိန်မှာပဲ ကျနော်တို့ဝိုင်းကို မှာထားတဲ့အထဲက သင်္ဘောသီးထောင်းကို အရင်လာချပေးပါတယ်၊ ကျနော့်သူငယ်ချင်း မြန်မာတရုတ်ကလည်း စားသောက်နေချိန်တွင် လှူဒါန်းလျှင် လာဒ်ပိတ်ကြောင်း သူ၏ တရုတ်အယူတချို့ကို ကျနော့်အားပြောပြလေသည်၊ ကျနော်ကလည်း အယူဆတွေကို အဆွဲမကြီးသင့်ကြောင်း လူကိုလူလိုမြင် လူလိုဆက်ဆံပြီး စေတနာထားသင့်ကြောင့် မည်သူမှ မာနနဲ့အရှက်တရားကို ရောင်းစားပြီး သူတောင်းစားလုပ်ချင်မှာ မဟုတ်ကြောင်း ကိုယ်မသိနိုင်တဲ့ ဒုက္ခတွေကြောင့်သာ ဖြစ်နိုင်ကြောင်း ပြောပြလေတော့ ထိုင်းမှာအနေကြပြီဖြစ်တဲ့ ကျနော့သူငယ်ချင်း မြန်မာတရုတ်လဲ ဘာမှမပြောတော့ပေ၊ သိပ်မကြာလိုက်ပါ ထိုသူတောင်းစား အမျိုးသမီးသည် လသားအရွယ် ကလေးငယ်ကို ရင်ခွင်ပိုက်ကာ ကျနော်၏ အရှေ့တည့်တည့် ကျနော့်သူငယ်ချင်း၏ဘေးတွင် လာရပ်ကာ ဖီးခ ဖီးခ လို့ပြောကာ တောင်းပါလေတော့သည်။ ကျနော့်သူငယ်ချင်းလည်း ခေါင်းခါပြလေသော်လည်း ထွက်မသွားပဲ ဆက်တောင်းနေတော့သည်။ ကျနော်လည်း ကြောင်ပြီးကြည့်နေမိသည် ရုတ်တရက်ကျနော့သူငယ်ချင်းမှ
“ အမ သင်္ဘောသီးထောင်း စားမလား” လို့လဲမေးလိုက်ရော ချက်ချင်းပင် ၎င်းအမျိုးသမီးမှ
“ဟုတ်ကဲ့ စားမယ် စားချင်တယ်” လို့ပြန်ပြောလိုက် မှ မရွှေမြန်မာ သူဖုန်းစားပါလားလို့ ကျနော် အသိဝင်လာပြီး ကျန်ာတို့ဝိုင်းကို အရင်လာချပေးတဲ့ သင်္ဘောသီးထောင်းကို ကျနော်တို့နှစ်ယောက် ထည့်ပေးမလို့ လုပ်နေမှ ဘာနဲ့ထည့်ပေးရမှန်းမသိဖြစ်နေတယ်၊ သူကိုင်ထားတဲ့ စက္ကူခွပ်ထဲလည်း ထည့်ပေးလို့မရဖြစ်နေတော့ နောက်ဆုံးကျနော်ကပဲ
“အမရယ် ထည့်ပေးစရာလဲ မရှိဘူး ဝယ်စားလိုက်ပါဗျာ” လို့ပြောပြီး ဘတ် (၅၀)တန်တရွက်ပေးလိုက်တော့မှာ
“ကျေးဇူးပါ အကို” လို့ပြောပြီး ထွက်သွားလေသည်။
ထိုင်းနိုင်ငံရောက် ကိုရွှေမြန်မာ နှင့် မရွှေမြန်မာ သူဖုန်းစားတို့ မြန်မာလို့ အပြန်လှန်ပြောနေကြတာကို ဘေးဝိုင်းက ထိုင်းလူငယ်တွေ ကျနော်တို့ကိုကြည့်ပြီး ရယ်နေကြတာ မရွှေမြန်မာ သူဖုန်းစားမလေး ထွက်သွားတော့မှ သတိထားမိတော့တယ်။ ကျနော်လည်း ဘေးဘီကိုမသိမသာ ကြည့်လိုက်တော့ ပြုံးစိစိ စပ်ဖြဲဖြဲ မျက်နှာတွေနဲ့ ကြည့်နေကြတာ တကယ်ရှက်မိသွားတယ်။ ထိုတောင်းနေတဲ့ မိန်ကလေးဟာ ချစ်သူ၏ စွန့်ပြစ်ခြင်း ခံခဲ့ရလေခြင်းလော အိမ်ဖေါ်လုပ်ရင်း ထိုငးအိမ်ရှင်မှ စော်ကားခြင်းခံခဲ့ရလေခြင်းလား အမျိုးမျိုးတွေးမိရင်း ထိုဆိုင်တွင် ဆက်ထိုင်ချင်စိတ် မရှိတော့ပါ၊ သူငယ်ချင်းကိုပြောရင်း မှာထားတာတွေ အားလုံးကို ထုပ်ခိုင်းကာ ကျနော်တည်းခိုရာသို့ သူငယ်ချင်းနှစ်ယောက် ပြန်လာပြီးတော့ စားကြပါတော့သည်။ နောက်တနေ့ ပတ်တူးနမ်း အနားမှာပင် မိန်းကလေးငယ်တယောက် ၆ နှစ်အရွယ်ရောက်ရှိမည် ထင်ပါသည် လမ်းဘေးတွင် ပလွေလေးကို မှုတ်ကာ ခွက်ကလေးကို အရှေ့ချရင်း တောင်းနေပါသည်၊ သေသေချာချာ ကြည့်မိတော့ အောက်က ညစ်ထေးထေး စကတ်အစိမ်းနဲ့ အဖြူရောင် အင်းကျီ ၊ ဘာပဲဖြစ်ဖြစ် အကြွေစေ့ တချို့နဲ့ ဘတ် (၂၀)တန် တရွက်ထည့်ပြီး မေးကြည့်မိတော့ ဟုတ်ကဲ့ ဦးဦး သမီးက မြန်မာပါတဲ့ ဆက်မေးစရာ ဘာရှိတော့မှာလဲ ရင်ထဲမှာ ဆို့နင့်စွာဖြင့် သူငယ်ချင်းနဲ့ ချိန်းထားသောနေရာသို့ ခြေလှမ်းတွေ လေးတွဲစွာဖြင့် ထွက်ခဲ့ပါတော့တယ်၊ ညနေကြတော့ တွေ့နေကြ စားနေကြ Central World Shopping Mall နားကဆိုင်တန်းတွေမှာပဲ ညစာ စားရင်း စကားပြောနေတုန်း အသက် (၆၀) အရွယ် လူကြီးတယောက် လွယ်အိပ်တလုံးဖြင့် ကျနော်တို့ စားနေရာ ခုံတန်းတွေအနား ရောက်လာပြီး ဖိနပ်တိုက်ပေးကြောင်း ပေးချင်သလောက်သာ ပေးပါဟု ကျနော်တို့ ဘေးဝိုင်းရှိ ထိုင်းအမျိုးသမီးတွေကိုပြောပြီး အနားတွင် ထိုင်ချကာ ပြောပြောဆိုဆိုနဲ့ ဖိနပ်တောင်းကာ တိုက်ပါလေတော့သည်။ ထိုင်းအမျိုးသမီးလည်း အောင်တွင်ထိုင်၍ ဖိနပ်တိုက်နေသော် လူကြီးကို အားတုန့်အားနာဖြင့်ကြည့်လိုက် စားလိုက်နှင့် တိုက်ပြီးသောအခါ ဘတ်(၂၀) ထုပ်ပေးလိုက်လေသည်။ ထို့နောက် ထိုလူကြီးသည် ဘေးတွင်ရှိသော ကျနော့အားကြည့်လိုက် ကျနော့ဖိနပ်ကို ကြည့်လိုက်နှင့် ဖိနပ်တိုက်ဖို့ပြောလေသည်၊ ကျနော်လည်း ထိုင်းလိုနားမလည်ပေမယ့် အမူအရာကိုကြည့်ပြီး ဖိနပ်ချွတ်ပေးလိုက်တော့ ကျနော့ဘေးတွင်ထိုင်ကာ စိတ်ရှည်လက်ရှည်နဲ့ တိုက်ပေးနေပါတော့သည်။ ဖိနပ်တိုက်ပြီးတော့ ဘတ်(၁၀) အကြွေစေ့နှစ်စေ့ ဘတ် (၂၀) နှစ်ရွက် ထုပ်ပေးလိုက်ပါတော့သည်။ ထိုလူကြီးထွက်သွားတော့မှ ဘေးမှ သူငယ်ချင်းကပြောသည်မှာ ဘန်ကောက်မှာ ဒီလိုလုပ်စားနေတဲ့ မြန်မာတွေ အများကြီးတဲ့။

ဒီလိုနဲ့ ဘန်ကောက်မှာ တပါတ်လောက်ကြာပြီး မပြန်ခင်တည သူငယ်ချင်းတယောက်ကို နှုတ်ဆက်ရင်း Central World Shopping Mall ရှေ့မှာ ထိုင်စကားပြောနေကြတာ ည ၁၁း၃၀ လောက်ရှိမည်ထင်ပါတယ် အဲ့ဒီအချိန်မှာပဲ အရင်တခါ သကြားလုံးရောင်းတဲ့ ကလေးလေးကို မလှမ်းမကမ်းမှာ ထပ်တွေ့ရလိုက်ပါတော့တယ်၊ ဒါနဲ့ ကျနော်လည်း လှမ်းခေါ်လိုက်ပြီး
“သား…ဦးဦးကိုမှတ်မိလား ဦးဦး ဟိုတခါ သားဆီက သကြားလုံး ဝယ်စားတယ်လေ ပြီးတော့ ဦးဦး ရေငန်သီးတွေ သားကို ကြွေးလိုက်သေးတယ်လေ” ဟုပြောလိုက်တော့မှာ ကလေးက ကြောင်အမ်းအမ်းနဲ့ စိုက်ကြည့်နေရာမှ
“အော် သားမှတ်မိပြီ” လို့ပြောပါတယ် သူ့မျက်နှာမကောင်းပါ အရမ်းပင်ပန်းနေပုံပါပဲ ဒါနဲ့ ကျနော်က
“သား မပြန်သေးဘူးလား အရမ်းနောက်ကျနေပြီ” လို့မေးလိုက်တော့
“ဟင့်အင်း သားကျန်တာတွေကို အကုန်ရောင်းပြီးမှ ပြန်ရမှာ” တဲ့ ကျနော်သူ့ခြင်းလေးထဲကိုကြည့်လေိုက်တော့ အထုပ် သုံးလေးဆယ်လောက် ကျန်နေသေးပါတယ် ဒါနဲ့ ကျနော့မှာ အပြန်ခရီးစရိပ်အတွက် ဒေါ်လာတချို့သာရှိပြီး ကျန်နေတဲ့ ဘတ် (၆၀) ထုတ်ပေးလိုက်ပါတယ် ၊ ကလေးမှ “ဦးဦး ကျနော်သွားအုံးမယ်နော်” လို့ နှုတ်ဆက်ပြီး ထွက်သွားပါတော့တယ် ကလေးလေးဟာ Central World Shopping Mall ရှေ့မှာထိုင်နေတဲ့ သူတွေကို လိုက်ရောင်းနေပါတယ် မဝယ်လို့ ခေါင်းခါလိုက်ရင် နောက်တယောက်ကို လိုက်ရောင်းလိုက်နဲ့ ကျနော့မြင်ကွင်းက ပျောက်သွားတဲ့အထိ ကျနော်ငေးကြည့်နေမိပါတယ်။ သူငယ်ချင်းကလည်း ကျနော့်ကိုကြည့်ပြီး တို့တတွေလည်း ဒီအတိုင်းပဲ ကြည့်နေနိုင်တော့တယ်ကွာ လို့စိတ်မကောင်းစွာနဲ့ပြောပါတယ်၊ နောက်ကျနော် ဘန်ကောက်ရောက်တိုင်း Central World Shopping Mall ရှေ့မှာ သကြားလုံးရောင်းတဲ့ ကလေးလေးကို တွေ့လိုတွေ့ငြား မသိစိတ်က လိုက်ကြည့်နေမိတယ်။ သူငယ်ချင်းကတော့ မင်းမြန်မာ သူတောင်းစား ကလေးတွေကြည့်ချင်ရင် ငါလိုက်ပြပေးမယ် နေရာတိုင်းမှာရှိတယ် အများကြီးတဲ့၊ တော်ပါတော့ သူငယ်ချင်းရာ မကြည့်ချင်တော့ပါဘူးလို့ပဲ ပြန်ပြောလိုက်တော့တယ်။

အော် ဗိုလ်ချုပ်မှူးကြီး မြေးလေး စင်္ကာပူမှာ ကျောင်းတတ်တော့ နေ့စဉ် ရန်ကုန်ကနေ လေယဉ်နဲ့ အသွားပြန်လုပ်နိုင်တယ် မွေးနေ့အတွက် ဒေါ်လာသန်းချီတန်တဲ့ အပျော်စီး ဟတ်စကီး လက်ဆောင် ဝယ်ပေးနိုင်တယ် သမီးမင်္ဂလာဆောင်အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံနိုင်တယ်၊ ချမ်းသာနေကြတဲ့ ဗိုလ်ချုပ်ကြီးတွေများ ဒေါ်လာ သန်းပေါင်းများစွာပိုင်ဆိုင်နေကြတယ် ရွှေစဉ်မျိုးဆက် ချမ်းသာခဲ့တဲ့ သူဌေးတွေလား အမွေတွေ မြောက်များစွာ ရရှိထားကြတာလား စဉ်းစားကြပါလော ၊ တချိန်တုန်းက မြန်မာဘုရင်တွေက ထိုင်းနိုင်ငံကို ဘယ်လိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး မာန်တက်၊ နူကလီးယား လက်နက်ပိုင်ဆိုင်နိုင်လျှင် ထိုင်းနိုင်ငံကို ခြေဖဝါးနဲ့ ပါးရိုက်နိုင်တယ်လို့ ကြိမ်းဝါးနေကြတဲ့ ဗိုလ်ချုပ်ကြီးများကို မြင်စမ်းစေချင်ပါတယ်။ ကိုယ့်နိုင်ငံမှာ လုပ်စားကိုင်စားရတာ အစဉ်မပြေလို့ ထိုင်းနိုင်ငံကို နည်းမျိုးစုံနဲ့ ထွက်လာပြီး မြန်မာလူမျိုးတွေ အနှိမ်ခံဘဝနဲ့ အလုပ်လုပ်ရ ၊ သတောင်းစားဖြစ်နေသူ၊ ဖာဖြစ်နေကြသူတွေ မနည်းလှပါ။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဘူးတဲ့စကား အတိုင်း “ကျုပ်သာမရှိရင် ဒီနိုင်ငံကြီးဟာ ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်” တဲ့ ၊ အခုတော့လည်း “ ဖခင်ဗိုလ်ချုပ်ခင်ဗျာ ဗိုလ်ချုပ် တည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီးဟာ တိုင်းပြည်ကို လက်နှက်အားကိုး ကိုယ်ကျိုးအတွက် အုပ်ချုပ်နေတာဖြင့် အခုတော့ ဗိုလ်ချုပ်ပြောခဲ့တာက နည်းနေပါသေးတယ် အာစီယံ နိုင်ငံတွေမှာ မြန်မာတွေ ခွက်ဆွဲပြီးထွက်တောင်းနေရ ၊ ပြည့်တန်စာ ဖြစ်နေရပြီ ဗိုလ်ချုပ်ရေ အာစီယံ ဖာနိုင်ငံ အာစီယံ သူတောင်းစားနိုင်ငံ ဖြစ်နေပြီလို့ ကျနော်ပြောရင် လွန်အုံးမလားဗျာ” လို့ တမလွန်မှာရှိတဲ့ ဗိုလ်ချုပ်ကို အော်ဟစ်တိုင်တန်း လိုက်ချင်ပါတော့တယ်။

ကျော်စွာလင်း ( ရိုးမ )
၂၈.၀၉.၂၀၁၀