22.4.11

ဒုက္ခိတ ရင်ခွင်အို


ဒုက္ခိတ ရင်ခွင်အို

ဘဝအခါးနဲ့ စိန်ခေါ်မှု့တွေကြား
ဖေါက်ပြန်မှုတွေ လှိုက်စားခံရတာကြာတော့
လွမ်းရေးထက် ဝမ်းရေးက ပိုခက်တယ်ဆိုတာ မှန်သွားသလားပေါ့
အချစ်နဲ့ သစ္စာတရားဆိုတာလည်း
မဲဆောက်က ပုရစ်ကြော် စားနေရသလောက်တောင် မချိုမြိန်လာတော့ ..။

မှန်တာကိုပြောရင်
သံယောဇဉ်ဆိုတာလည်း
မဲဆောက် (ရန်ကုန်) မုန့်ဟင်းခါးဆိုင် ပန်းကန်ထဲက
ငှက်ပြောအူဖတ်လောက်တောင် မတွယ်တာတတ်တာ ကြာတော့ ..။

ဒုက္ခိတ ရင်ခွင်အို ဇရပ်ပျက်ထဲက
ကျိန်စာသင့်နေတဲ့အချစ်
အဆိပ်သင့် ငြိမ်သက်နေတဲ့ နှလုံးသားကိုမှ
Electric shock နဲ့အတင်းရိုက်နှိုးနေတဲ့ မိန်းကလေးရေ
မင်းမလာခင်ကတည်းက
ကိုယ့်နှလုံးသားလိပ်ပြာဟာ
ကိုယ်မသိတဲ့ အဝေးတနေရာကို ပြေးထွက်လို့သွားခဲ့ပြီ ..။

ကိုယ့်နှလုံးသားအတွင်း
ချစ်ခြင်းဝိညာဉ်တွေကို ပြန်လည်အသက်သွင်းဘို့
ကမ္ဘာကျော်တဲ့ မှော်ဆရာတွေတောင် အရှုံးပေးလို့သွားကြပြီ ..။

မလာပါနဲ့ မိန်းကလေးရယ်
နှလုံးသား တံခါးကိုတော့ ပိတ်မထားပါဘူး
ဒါပေမယ့်
လက်ကျန်အကြွင်း အချစ်မရှိတဲ့
ဒုက္ခိတရင်ခွင်အို ဇရပ်ပျက်ထဲမှာ
မင်းတယောက်ထဲ ငိုနေမှာ စိုးလို့ပါကွယ် ..။

ကျော်စွာလင်း (ရိုးမ)
၂၁.ဝ၄.၂ဝ၁၁

ဓါတ်ပုံများကို Google မှကူးယူဖေါ်ပြပါသည်။
ဒီကဗျာလေးဟာ အသဲကွဲ သူငယ်ချင်းတယောက်နဲ့ ရင်ဖွင့်စကားတွေ မျှဝေခံစားရင်း ရေးလိုက်တာပါ ..။