9.8.10

အမေ့ကိုပြောပြချင်တယ် ( ၂ )

အမေ့ကိုပြောပြချင်တယ် ( ၂ )

အမေ့ဝမ်းတွင်းမှာ ကိုးလလွယ်ဆယ်လ
ခွေခွေကလေးအနေကျခဲ့ဘူးတဲ့ဘဝ
စိတ်ကူးနဲ့မှန်းဆရင်း ပြန်တမ်းတမိတယ် အမေ …

အမေ့ဝမ်းတွင်းကကျွတ်
အမေ့နို့ချိုလေးစို့ရင်း
အမေ့ရင်ခွင် ချိုမြနွေးထွေး
အပြုံးလေးတွေမွှေးနေတဲ့ အေးမြမေတ္တာ
မကြာမကြာ သတိရနေမိတယ် အမေ …

အမေ့ပေါင်ပေါ်မှာမှေးစက်
အမေ့လက်ကလေးနဲ့ နွှာယှက်
သားခေါင်းထက်က သန်းဥကလေးတွေကောက်ရင်း
တေးချင်းဆို ချော့ကသိပ်တဲ့ အမေ့ရဲ့အသံ
တခါလောက်ဖြစ်ဖြစ် ပြန်ကြားပါရစေ အမေ …

ရိုးမတောစပ်ကျောင်းစုတ်လေးမှာ
နှပ်ချေးတရှုပ်ရှုပ်နဲ့
လွယ်အိပ်အစုပ်ကလေးသိုင်းရင်း
အပေါက်တရာ ထီးတလက်နဲ့
ဖိနပ်မပါ ဗလာလှမ်းခဲ့တဲ့ဘဝ
ပြန်လည်သတိရနေမိတယ် အမေ …

ဘဝဆိုးတွေထဲမှာ
ခြေတဖက်မသန်တဲ့အဖေက
ဒုက္ခတရားတွေနဲ့ ယှဉ်ပြိုင်ရင်း
သားကြီးရင် လူလုံးလှဖို့
မြို့ကျောင်းကိုအရောက်
လျှောက်လှမ်းစေတဲ့အဖေ ကျေးဇူးပါ အမေ …

မပြည့်စုံတဲ့ဘဝတွေထဲမှာ
ကျောင်းတက်ဖို့ အခြေမသာခဲ့တဲ့ ညီမကြီးက
ခြံထွက် အသီးရွက်တွေ ခေါင်းပေါ်တင်ရင်း
ရွာစွန်ရွာဖျား ရောင်းချပေးလို့
သားဝတ်ဖို့ ကျောင်းစိမ်းပုဆိုးတထည်
သူဝယ်ပေးခဲ့တာ ကျေးဇူးပါလို့ပြောပေးပါ အမေ …

ကျောင်းကပြန်သားအတွက်
အပြုံးများနဲ့ စီးကြိုရင်း
အမေမစားရက်တဲ့ ဟင်းတခွက်နဲ့
အမြဲချန်ထားတတ် စမ်းကျရေ
မျက်ရည်တွေနဲ့ ပြန်လည်တမ်းတ
ချိုမြနေမိတယ် အမေ …

သားအရွယ်ရောက်စလေတော့
ယိုင်နဲ့နဲ့မိသားစုဘဝလေးထဲမှာ
မြိုမကျတဲ့ အဖေ့ချွေးစက်တွေနဲ့
မကြားရက်တဲ့ မမေ့ရဲ့ ငြီးတွားသံ
မီးဖိုချောင် နံရံက အကြွေးစာရင်းတွေထဲမှာ
သက်ပြင်းမကြာမကြာချတတ်လေတော့
သားရင်မှာ အခါခါစို့ခဲ့ပေါ့ အမေ …

ရိုးမတောစပ်ရဲ့ လယ်ကွက်တွေထဲမှာ
တံဇဉ်တလက်နဲ့
ကောက်ရိတ်ခဲ့တဲ့ သားရဲ့လက်က
ပုဆိန်တလက်နဲ့လည်း မိတ်ဖွဲ့
တောစင်တောင်အထပ်ထပ်
ချွေးစက်နဲ့ရေချိုးရင်း
အရိုးသားဆုံးခွန်အားကိုဆွဲထုတ်
သစ်ခုတ်ကာလုပ်ကျွေးဘူးပေမယ့်
မထူးနိုင်တဲ့ အခြေရယ်ကြောင့်
အမေ့ရင်ခွင်ရဲ့ တခြားနေရာအရောက်
ဖေါက်ထွက်လို့လှမ်းခဲ့ရတယ် အမေ …

အရွယ်ရောက်လို့ ရင်ခုန်တတ်တာ
လူငယ်တွေရဲ့ ဓလေ့လို့ဆိုမလား
အမေ့မေတ္တာရဲ့ တဖက်ခြမ်းမှာ
၁၅၀၀ သစ္စာအဆိပ်ခွက်ထမ်းရင်း
ယိုဖိတ်ခဲ့တဲ့နှလုံးသား
အသဲကွဲခြင်း အခြေခံတရားတွေကို
မြေလှန်ပြီး အကြောင်းရှာတော့
အဖြေမှန်တဲ့အထောက်ထား သားမှာမရှိခဲ့ဘူး
အဆိပ်လူးခဲ့တဲ့ သူ့အချစ်တွေက
အငွေ့ပျံခဲ့ပေမယ့်
အိမ်မက်ဆိုးတွေလို ခဏခဏ
လာနိုးဆွနေဆဲပါ အမေ …

နှလုံးသားက ဒဏ်ရာတွေနဲ့
အိမ်မက်ဆိုးတွေကြား ရုန်းထွက်နေတုန်း
နောက်ဆုံးဖြစ်အချစ်ဆုံးရယ်လို့
အမြတ်နိုးဆုံး ကြင်နာမိသူတဦးကို
တသက်လုံးစာ အတွက်
နှလုံးသားထဲ နေရာချခဲ့ပါတယ်
ဒါပေမယ့်အမေရယ်
အရုပ်ဆိုးလှပါတယ်ဆိုတဲ့
ရင်ဘတ်ပေါ်က ဒဏ်ရာဟောင်းတွေကို
ဘယ်လိုမှ နားလည်ခွင့်တောင်းလို့မရနိုင်ခဲ့ပါဘူး
သူနဲ့ပတ်သတ်တဲ့အကြောင်းတွေက
ဦးနှောက်နဲ့ရင်ဘတ်ထဲ
နယ်ချဲ့လို့နေဆဲမို့
ရူးသွတ်ခြင်းနေ့ရက်တွေကို
ဘဝနောက်ဆုံးထိ ကျော်ဖြတ်ရအုံးမယ်
မယှဉ်နိုင်သူသားတွက်တော့
ကံတရားရဲ့ ရိုက်ချက်အောက်မှာ
ဒူးထောက်လျက်ပါအမေ …

နေရာသစ် မျက်နှာစိမ်းတွကြားမှာ
မာနနဲ့ခွန်အားကိုရောင်းစားရင်း
အောင်မြင်ခြင်းဘဝသစ်ကိုမျှော်မှန်း
ခရီးကြမ်းတွေဖြတ်သန်း
ကြိုးပမ်းလို့ရုန်းကန်ခဲ့ပေမယ့်
တာဝန်အသစ်တွေက
သမိုင်းခြေလှမ်းအသစ်တွေအတွက်
သားပုခုံးထက်ကိုရောက်လာတယ် အမေ …

အရောင်စုံအုပ်စုတွေထဲမှာ
လူတော်တယောက်မဟုတ်ပေမယ့်
ရိုးသားမှု အရင်းနှီးလေးတခုနဲ့
ကြိုးစားပြီး အပြုံးလှခဲ့ပေမယ့်
ပြန်ရတဲ့ဆုလဒ်တွေက
အစွယ်လှန်ပြီးမာန်ဖီသူတွေ
အတောင်ပေါက်နေတဲ့ကြွက်သူခိုးတွေ
ရွှေရည်စိမ်လောက်ကောင်တွေရဲ့
အရှက်မဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရတိုင်း
ရိုးမတောရိုင်းထဲက
သားနဲ့အတူဒုန်းဆိုင်းရုန်းခဲ့ဘူးတဲ့
နွားအိုတရှဉ်းရဲ့ သစ္စာအပြုံးတချို့ကို
တခါလောက်တော့ ပြန်လိုချင်တယ် အမေ …

လုပ်ငန်းခွင် စက်ရုံထဲမှာ
အရိုင်းဆန် စကားလုံးတွေနဲ့
အနှိမ်ခံ ဘဝကို မမှုခဲ့ပါဘူး
အခုတော့
အမေ့တွက်သား တာဝန်တွေ မကျေခင်မှာ
ထင်ကျန်သွားတဲ့ ဒဏ်ရာတချို့ကတော့
ပခုံးနဲ့ ရင်ဘတ်ရိုး ကျိုးခဲ့ရတယ် အမေ …

ဒါပေမယ့်
ကျိုးသွားတဲ့ ပခုံးနဲ့ပဲ တာဝန်တွေ ကျေချင်တယ်
ရိုးသားစွာ လှမ်းမိတဲ့ ယုံကြည်မှုတွေအတွက်
ခါးသည်းမှု အတွေ့ကြုံတွေက စီးလို့ကြိုတယ်
နာကျင်မှုအတွက် တောက် ခေါက်သံက
ပခုံးအကျိုးပေါ်ကို လျှံကျ
ဒဏ်ရာတွေ အလန့်တကြားနဲ့နိုးထ
တစ္ဆေ တကောင်ခုန်ကနေသလို
နှလုံးသားကို လက်နဲ့ပွတ်သတ်မိတော့
ရင်ဘတ်အရိုး အက်ကြောင်းတွေက
လေပြင်းခတ် သစ်ကိုင်းတွေလို
တအစ်အစ် တဗျစ်ဗျစ်နဲ့
ဒဏ်ရာ အသစ်ဟောင်းတွေပေါင်းစပ်ရင်း
ရှေးဟောင်းနှောင်းဖြစ်
အတွေးတွေ နွံနစ်နေမိတိုင်း
သစ္စာတရားတွေ အရည်ဖျော်ခြေဆေးခံခဲ့ရသမျှ
ဒေါသတရားတွေ ပျောက်စေဖို့
အမေ့ကိုပဲ ထပ်ခါအောင်းမေ့မိတယ် အမေ …

ခန္တီစလက်ကျန်တရားတွေလည်း
ရင်ဘတ်ထဲက ရုံးထွက်ရှာနေတယ်
ဗြဟ္မစိုရ်တရားလေးပါးနဲ့ ယဉ်ပါးခဲ့ဘူးတယ်
လောကဓံတရားရှစ်ပါးနဲ့ အသားကျခဲ့ဘူးပါတယ်
ဒါပေမယ့်သားဟာ
အရိယာ ပုဂ္ဂိုလ်ထူးမဟုတ်လေတော့
မဂ္ဂင်ဖေါင် မစီးနိုင်သေးပါဘူး
အကြောင်းကြောင့်ဖြစ်တဲ့
အကျိုးတရားတွေလို့ဆိုရင်တော့
ဝဋ်ရှိလည်း ကျေပါစေတော့လို့ဆိုရမလား
အမှန်တရားတွေကို အသပြာနဲ့ရောလိပ်ပြီးမြိုချ
သစ္စာတရားတွေ လေလံတင်တဲ့စင်မြင့်ပေါ်မှာ
ဒဏ်ရာတွေပိုက်ရင်း
ငိုရှိုက်နေတဲ့ ရိုးသားမှု့တွေက
ဒီလောကကြီးကို ဂွတ်ဘိုင်လို့ပြောနေကြပီ အမေ …

မတရားမှု့တွေထွန်းကားတဲ့ ကမ္ဘာမြေမှာ
အကြင်နာတရားတွေခေါင်းပါးနေကြပြီ
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး
အခွင့်ကောင်းယူတဲ့ အတ္တနိုင်ငံတွေ
အနိုင်ကျင့်အာဏာရှင်တွေနဲ့ ပခုံးဖက်ပြီး
ကိုယ်ကျိုးရှာသူတွေ
အပြုံးလှ မျက်နှာဖုံးတွေစွပ်ပြီး
ယဉ်ကျေးမှု အတုတွေနဲ့
လူမိုက်အားပေးသူတွေ
တောမီးလောင် တောကြောင်လက်ခမောင်းခတ်
အကွက်ကျကျ အချောင်နှိုက်တတ်တဲ့
အာစီယံနိုင်ငံတွေ
အဆွယ်ကျိုးပြီး အူနေတဲ့
ယူအန်ဆိုတဲ့ကျားအိုကိုမှ
အမိအရ ဆွဲထားချင်သူတွေ
မြေပေါ်မြေအောက်
သယံဇာတအပြည့်မောက်ရှိတဲ့တိုင်ပြည်မှာ
အုပ်ချုပ်သူတွေ အိပ်တွေဖေါင်းရင်း
အခွင့်ထူးခံ လူတန်းစားတွေ
ရမ်းကားနေတဲ့သားတို့ပြည်မှာ
ကုန်းကောက်စရာမရှိတာကတော့ ပြည်သူတွေ
တတိုင်းပြည်လုံးကိုရောင်းစားပြီး
အများပြည်သူကို
လည်မြိုနင်းချစ်ပြတဲ့ အာဏာရှင်တွေ
ပခုံးပေါ်က ရွှေစတားတွေနဲ့
မဲတပြားရဘို့အတွက်
ရှိတာတွေ အကုန်ထုတ်ပေးပြီး
တရုပ်ကြီး အပြုံးပျက်မှာကြောက်နေတဲ့
မျိုးချစ်ဗိုလ်ချုပ်ကြီးတွေ
ကမောက်ကမ အတွေးခေါ်တွေနဲ့
လူပုံအလယ်ဟောက်စားလုပ်ရင်း
အထင်ကြီးခံချင်ကြသူတွေ
အာဏာရှင်အလိုကျ
ဘီလူးအကနဲ့ ရင့်ကျက်နေကြသူတွေ
ဝါရင့်ပညာရှင်တွေနဲ့
တော်လှန်ရေးဝဲဆွဲနေကြသူတွေ
သမိုင်းတာဝန်မကျေခဲ့ကြတာကို
နောင်တ တရားတွေဖွင့်ဟဆိုပြီး
ဝန်မခံလိုကြသူတွေ
ကျည်ဆံမဖေါက်တဲ့
ရဲရဲတောက်တချို့လဲ
ကိုယ့်နေရာနဲ့ကိုယ်
စိစ်ဖားယား အဆိုလေးနဲ့
အနေကျသူတွေ
ရှိသမျှအပြစ်ဗမာဖြစ်၏ဟု
လူမျိုးကြီးစကားလုံးနဲ့
ကော်ဆဲတတ်တဲ့ တော်လှန်ရေးသမားတချို့တွေ
အာဏာရှင်ကို တော်လှန်ရင်း
အာဏာရှင် လက်သစ် ပြန်ဖြစ်သွားကြသူတွေ
အနာဂါတ် ဒီမိုကရေစီမှာ
နေရာသစ်တွက် ခြေရာချဘို့ပြင်နေကြသူတွေ
စင်ပေါ်မှာ ထင်ပေါ်ချင်လှတဲ့
ဒီမိုအရူးပေါတွေ
ဒိုင်ယာလော့ အဆိုစကားကိုလက်ဆွဲပြီး
အကွဲပြဲနဲ့အချင်းများကြသူတွေ
တော်လှန်ရေး ခရီးရှည်မှာ
ရင်ဘတ်တွေ ပျောက်ဆုံးသွားတဲ့ ရဲဘော်တွေ
လူတွင်ကျယ်နဲ့ ပရောဂျက်
ရောယှက်ပြီး ချစ်နေကြသူတွေ
ဒုက္ခသည်အတုတွေက
နိုင်ငံတကာမှာ ဂွင်ဖန်နေရာရှာနေကြတာကတော့
အကြံကုန် ဂဠုန်ဆားချက်
စင်ပေါ်ခုန်တက်ပြီး
မဖြစ်စလောက်အလုပ်ကလေးနဲ့
နိုင်ငံရေးသမားလုပ်နေကြသူတွေ
ငါနဲ့မတူ င့ါရန်သူဟု
အယူတိမ်း၍ နတ်စိမ်းဖြစ်နေကြသူတွေ
ဘေးထိုင်ဘုပြော
ငါတကော ကောနေကြသူတွေ
အဲ့ဒီလူတွေကြားထဲမှာ
လူညံ့သားတယောက်ကတော့
ဘာမှမဟုတ်သေးဘူးအမေ …

တော်လှန်ရေး နယ်မြေထဲမှာ
အပြေးလွှားနဲ့ မွေးဖွား
ဗုံးသေနတ်သံတွေကြားမှာ အဖိုးကိုတွဲခိုရင်း
သူပုန်ဗိုလ်သမီးဖြစ်ခဲ့တဲ့ အမေက
နိုင်ငံရေးဆိုတာ နားမလည်တတ်ပေမယ့်
အမှန်တရားအတွက်တော့ ပြောပြတတ်တဲ့အမေ …

နောင်တနဲ့သင်္ခန်းစာ
ယူမကုန်နိုင်သေးတဲ့ လောကထဲမှာ
စစ်ဖိနပ်အောက်က တရားဥပဒေတွေနဲ့
ယမ်းငွေ့တွေဝေ လူသတ်ပွဲတွေကြား
မူးဝေရှုပ်တွလို့နေရင်း
အပြေးလွားနဲ့ ငြီးတွားခဲ့တာ
ဆယ်စုနှစ်များစွာ ကြာခဲ့ပီ အမေ …

ဓါးသွားထက် ထက်လွန်းလှတဲ့
ရဲရဲတောက်ခွတ်ဒေါင်းတွေနဲ့
အာဇာနည်တွေ နေတဲ့တိုင်းပြည်မှာ
ဝါရင့်တတ်သိ မဟုတ်တဲ့ အမေ့ကိုတော့
သမိုင်းတာဝန် မကျေခဲ့ဘူးလို့တော့ မပြောလိုတော့ပါ
ရင်နာစရာ အကြောင်းတွေနဲ့
ဟန်ဆောင်အပြုံးတွေ သုံးဆွဲနေတဲ့ လောကထဲမှာ
သားလည်း အတော်မုန်းတတ်လာပြီအမေ …

ကျော်စွာလင်း ( ရိုးမ )
ဝ၈.ဝ၈.၂ဝ၁ဝ
ဓါတ်ပုံ သရုပ်ဆောင် ( LA နိုင်ကြီး )