15.1.12

ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေအပေါ် ချီးကျူးပါတယ် ဒါပေမယ့်

သမ္မတကြီး ဦးသိန်းစိန်က ၁၃.၂.၂၀၁၂ နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာနဲ့ Facebook မှာ ဦးသိန်းစိန်ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားတွေ လွှတ်ပေးတဲ့နေ့ကို မြန်မာနိုင်ငံရဲ့ သမ္မတနေ့လို့ သတ်မှတ်ဖို့ရေးနေတာတွေ့လို့ ကျနော်စဉ်းစားမိတာတွေကို အစွန်းနှစ်ဘက် မရောက်ပဲ ရေးလိုက်တာပါ။

ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေအပေါ် ချီးကျူးပါတယ် ဒါပေမယ့် သမ္မတနေ့အဖြစ် သတ်မှတ်ဖို့ အလွန်စောသေးပါတယ်။

၁။အရမ်းအန္တရယ်ကြီးတဲ့ တရုပ်အလိုကျလုပ်ခဲ့တဲ့ မြစ်စုံကိစ္စ အဲ့ဒီမီးကိုမွှေးခဲ့တာလည်း အခုအုပ်ချုပ်နေတဲ့ စစ်တပ်ကလာတဲ့ လူတွေပဲ။ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေဟာ အာရပ်က ဒီမိုကစေလှိုင်းတွေလို ပုံစံပြောင်းသွားမှာကို စိုးရိမ်တာက တကြောင်း သမ္မတရဲ့ အကြံပေးအဖွဲ့တွေရဲ့ အရည်ချင်းနဲ့ သမ္မတကိုယ်တိုင်က အကောင်းအဆိုး အကျိုးအပြစ်ကို သေချာစွာ သိသွားလို့လည်းပါပါတယ်။ စစ်တပ်က မဟုတ်တာတွေ လုပ်ခဲ့သမျှကို စစ်တပ်ကလာတဲ့ သမ္မတကြီး ဦးသိန်းစိန်ကပဲ မြစ်ဆုံကို သူ့သမ္မတ သက်တန်းမှာ ရပ်ဆိုင်းလိုက်တာပါ ၊ ဒါတောင် အပြီး ဖျက်သိမ်းလိုက်တာမဟုတ်သေးဘူး ၊ မေခနဲ့ မလိခ မြစ်တွေမှာ ရေကာတာတွေ အများကြီး ဆောက်ပြီးသွားပါပီ။

၂။နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတာလဲ နဂိုထဲကမှ မဖမ်းသင့် မဖမ်းထိုက်တဲ့သူတွေကို မတော်မတရား စစ်တပ်က ဖမ်းခဲ့တာ အခုလည်း စစ်တပ်ကပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရကပဲ ပြန်လွှတ်ပေးလိုက်တာ အန်ကယ် ဦးခွန်ထူးဦး ပြောသလိုပါပဲ သူ့ကို ညောင်၂ပင်ညီလာခံမတက်တာနဲ့ မဟုတ်တရုတ် ပုဒ်မ တွေနဲ့ အကွက်ဆင် မဖမ်းသင့်ပဲနဲ့ဖမ်းပီး ထောင်ထဲမှာ အကြာကြီးထားခဲ့တာ သူတို့ဖမ်းပီး သူတို့ပြန်လွှတ်ပေးလိုက်တာ ဘာမှမခံစားရဘူးတဲ့ မှန်လိုက်တဲ့စကား ။ထောင်ထဲမှာ အလကား ဆုံးရှုံးသွားတဲ့နှစ်ရှည် လများစွာတွေ ကိုတော့ သမ္မတကြီး ဘာနဲ့မှ ပြန်မဝယ်ပေးနိုင်တော့ပါဘူး။

၃။ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ မှာ လည်း ကချင်ပြည်နယ် ထိုးစစ်တွေ မတော်မတရားလုပ်နေတာ ဘာကြောင့်လည်း ဘယ်သူ့အတွက်လည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်းကို ကိုယ်ကျိုးအတွက် အခွင့်ကောင်းယူ နေတဲ့ အရုတ်ကို ဈေးပေါပေါနဲ့ ရောင်းထားတဲ့ ရခိုင်ပင်လယ်က ဂါတ်() ကို ပိုက်လိုင်းသွယ်ဘို့လုပ်နေတာကို အကြောင်းပြပီး ထိုးစစ်တွေဆင်နွှဲနေတာကိုလည်း လုံးဝရပ်သင့်ပါပီ ဦးသိန်းစိန်က ကာချုပ် မင်းအောင်လှိုင်စီကို ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဖို့ စာပို့လိုက်ပေမယ့် ယနေ့အထိ စစ်ပွဲတွေဆင်နွှဲနေတုန်းပဲ။ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားကြပါတယ် ဒါပေမယ့် ထာဝရ ငြိမ်းချမ်းရေးဖြစ်ဖို့တော့လိုတယ် စောင့်ကြည့်ရမယ် အစဉ်ဆက်က စစ်အစိုးရတွေဟာ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ညီရင်းအကိုလို သဘောထား ဆက်ဆံရမည့်အစား အပေါ်စီးကနေပီး မောက်မာခဲ့တာကြောင့် ငြိမ်းချမ်းရေးဟာ ဖြစ်လိုက်ပျက်လိုက်ပါပဲ ဆယ်စုနှစ်များစွာ တိုင်းရင်းသား ညီအကိုအချင်းချင်း ၊သတ်ဖျက်နေခဲ့ကြလို့ မငြိမ်းချမ်းခဲ့ကြဘူး ၊ဒါကြောင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့ကို စောင့်ကြည့်ရပါအုံးမယ် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အမတန် နူးညံ့သိမ်မွေ့စွာ ရိုးသားပွင့်လင်းစွာ မိသားစုစိတ်ဓါတ်နဲ့ နှလုံးသားတွေကို လမ်းခင်းထားရမှာဖြစ်ပါတယ်။ ဒီအတွက် ပုဂ္ဂိုလ်စွဲ ပါတီစွဲ ဝါဒစွဲတွေကို ဘေးဖယ်ပီးတော့ ထာဝရငြိမ်းချမ်းရေးရဘို့ ဦးသိန်းစိန်ကို အားလုံးတိုက်တွန်းရမယ် ဝိုင်းဝန်းကူညီပံ့ပိုးပေးရမှာပါ သမိုင်းမှာ ဦးနေဝင်း ဦးသန်းရွှေ တို့ မှားခဲ့သမျှ လုပ်ခဲ့သမျှကို နိုင်ငံရေး စီးပွားရေး အနှုတ်လက္ခဏာတွေကို ဦးသိန်းစိန်က ခေါင်းခံပြီး ယူတန်းပြန်လှည့် အကောင်းဘက်ကို ဦးတည်သွားနေတာကတော့ ချီးကျူးပါတယ်။

၎။တိုင်းပြည်အတွက် ကောင်းရာ ကောင်းကျိုးလုပ်ရင်း ထောင်မကျသင့်ပဲ မတရားသဖြင့် နှစ်ရှည် ထောင်ကျခံခဲ့ရသူတွေကို လွှတ်ပေးလိုက်ပါပီ နောက်တခုက အရင် စစ်အစိုးရလက်ထက် တုန်းက အာဏာ အလွဲသုံးစားလုပ်ခဲ့တာတွေ၊ နိုင်ငံပိုင်ဘဏ္ဍာငွေတွေကို ခိုးဝှက်ခဲ့တာတွေ ချစားခဲ့တဲ့ စစ်တပ်ရဲ့ အရာရှိတွေနဲ့ သူတို့နဲ့ ပါတ်သတ်တဲ့သူတွေ အဲ့ဒီလို အကျင့်ပျက်သူတွေကို ဖမ်းပီး ထောင်ချသင့်ပါလျက်နဲ့ ထောင်မချခဲ့ဘူး ဒီအတိုင်းလွှတ်ထားကြတယ် ကဲ..သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ အဲ့ဒီအမှုတွေကို ဘယ်လို ကိုင်တွယ်ပီး စုံစမ်းစစ်ဆေး ဖေါ်ထုတ်ဖြေရှင်း အရေးယူမလဲဆိုတာ ဆိုတာလည်း ဦးသိန်းစိန်ကို စိန်ခေါ်ချက်တခုပါပဲ။ အဲ့ဒီ အမှုတွေကို ပွင့်လင်းမြင်သာအောင် ကိုင်တွယ်နိုင်မယ်ဆိုရင် ပြီးတော့ ပြည်တွင်းစစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း၊ အခွင့်ထူးခံလူတန်းစား ကင်းမဲ့သော တရားမျှတသော ဥပဒေစိုးမိုးခြင်း လွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးကို အမှန်တကယ် တန်ဘိုးထားတဲ့နေ့ ကြရင်တော့ သမ္မနေ့လို့သတ်မှတ်တာ အဆင့်နိပ်ပါသေးတယ် သမ္မတကြီး ဦးသိန်းစိန်ကို တောင်အာဖရိကမှ အတိုက်ခံခေါင်းဆောင် သူရဲကောင်း နယ်ဆင်မင်ဒရဲလားနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တဲ့ သမ္မတဟောင်း ဒီကလဒ် လိုပဂ္ဂိုလ်မျိုး၊ သို့မဟုတ် ထိုထက်ပိုအဆင့်သာသော မြန်မာနိုင်ရဲ့ အမှန်တရားကို မြတ်နိုးသော ပြည်သူ့ သူရဲကောင်း အဖြစ် ပြည်သူတွေက သတ်မှတ်ကြမှာ သေချာပါတယ်။

ကျော်စွာလင်း(ရိုးမ)

၁၄.၁.၂၀၁၂

1.1.12

နှလုံးသားတွေကို လမ်းခင်းကြပါစို့


နှလုံးသားတွေကို လမ်းခင်းကြပါစို့

ပန်းကလေးတွေ အလိုဆန္ဒအတိုင်း
ဖူးပွင့်ချင်တိုင်း ဖူးပွင့်ကြပါစေ
ချစ်ခြင်းအားဖြင့် ကမ္ဘာမြေကိုအလှဆင်ခြင်းဟာ
အပြစ်ကင်းစင်တဲ့စေတနာ...။

စမ်းရေတွေလည်း သဘာဝအတိုင်း
အနှိုင်းမဲ့ စီးဆင်းနိုင်ကြပါစေ
ငြိမ်းချမ်းစွာအေးမြခြင်းဖြင့်
လူတိုင်းရင်တွင်း ဖြတ်သန်းရှင်သန်လိုတဲ့အကြင်နာ...။

ငှက်ကလေးများတေးဆိုနေတာ
နားလည်းခံစားပေးနိုင်ကြပါစေ
ကြည်နူးဝေမျှပေးခြင်းဆန္ဒ
လူတိုင်းနားလည်ခံစားတတ်ဖို့ပါ...။

ပန်းကလေးတွေလို
ငှက်ကလေးတွေလို
စမ်းရေတွေလို
ရင်တွင်းဖြစ်ဆန္ဒနဲ့အလှတရား
ငြိမ်းချမ်းမှု့ကိုယ်စီထားတတ်ကြစေဖို့...။

တို့ရင်ထဲကအလိုမကျ
အမှောင်ကျနေတဲ့ အမုန်းတရား
မခံစားတတ်ကြစေဖို့
သင်ပုန်းချေပန်းတွေကြဲ
စစ်ပွဲတွေလည်းအကုန်ရပ်လို့
အပြုံးတွေထပ်တူယှက်ရင်း
နှလုံးသားတွေကို လမ်းခင်းကြပါစို့ ...။

မြန်မာပြည်ငြိမ်းချမ်းပါစေ

ကျော်စွာလင်း (ရိုးမ)
၁.၁.၂၀၁၂
www.kslinn21.blogspot.com
ဓါတ်ပုံ Google

20.10.11

အချစ်ဆုတောင်း (၃)


အချစ်ဆုတောင်း (၃)

ချစ်သူ့အပြုံးလေးတချက်
လေညှင်းလေးတို့အခက်
ပွင့်ဖတ်နုနုကလေးများ
ကိုယ့်နှလုံးသားပေါ်သို့ ရွရွကလေး ကြွေပါစေ ...

ချစ်သူ့နှလုံးသား အကြင်နာစကား
ခဏခဏ ခွန်းသချွေ
အာကာဆုံးထိ ပြန့်လွင့်စေ ...

ချစ်သူ့နှုတ်ခမ်းပါး အလှတရား
အနမ်းများဖြင့် ဖူးပွင့်ဝေ
ပန်းဝတ်ရည်သို့ ချိုမြစေ ...

ချစ်သူ့အနမ်း လရောင်ဆမ်း
လန်းဆန်းနေတဲ့ ပန်းကလေးတွေ
မိုးတိမ်ယံထိ သင်းပျံ့စေ ...

ချစ်သူ့မျက်ဝန်း လရိပ်ရွှန်း
ကွန်းခိုတာရာ ကြယ်စင်များ
ခစားမော်ဖူး ကြည်နူးစေ ...

ချစ်သူ့ရင်တွင်း ဆောင်းကြိုးညှင်း
တေးချင်းဆိုလို့ ကိုယ်မှေးစက်
အိမ်မက်ကလေးများလှပါစေ ...

ချစ်သူ့ဆုတောင်း
ဘဝပေါင်းများစွာ သံသရာဆုံးသက်
မြတ်ဘုရားရှေ့ဝယ် ပန်သဆုချွေ
ပေါင်းဖက်ပါရစေ အသင်္ချေ ...

ကျော်စွာလင်း (ရိုးမ)
၁၈.၁၀.၂၀၁၁
ဓါတ်ပုံ Google