2.7.10

မနက်ခင်းလိုအချစ်

မနက်ခင်းလိုအချစ်

ညအမှောင်ခရီးတွေထဲမှာ
အိမ်မက်တွေကို နှုတ်ဆက်ရင်း
မနက်ခင်းလေးကို လှုပ်နှိုးပေးဖို့
သတိရခြင်း ရထားတစင်းလို ခုပ်မောင်းလို့နေတယ် ...

ပင်လယ်ပြင် မနက်ခင်းတို့ရဲ့
နေခြည်နဲ့ လှိုင်းကလေးတွေလို
မင်းကိုလှုပ်နှိုးပြီး အနမ်းဦးလေးပေးပါရစေ …

ရင်ခုံသံတွေ စည်းချက်ညီတဲ့
နှစ်ဦးသား တွဲယှက်နေတဲ့အချိန်လေးတွေ
တစိမ်းဆန်ဆန် ပြေးထွက်မသွားဖို့
ဖမ်းဆုပ်လို့ပေးထားပါ…

မနက်ခင်းမှာ တွန်ချိုညှင်းတဲ့
ငှက်ကလေးများရဲ့ တေးချင်းတွေလဲ
တို့နှစ်ဦးရဲ့ ရင်ခုန်သံအောက်မှာ
ပျောက်ဆုံးလို့နေတယ် …

မနက်ခင်းပွင့်တဲ့ ပန်းကလေးတွေလဲ
သင်းရနံ့လေးတွေကို လမ်းခင်းလို့ပေးရင်း
မင်းရဲ့ကေသာအောက်မှာ
ဒူးထောက်လို့ခစားနေကြတယ် …

မနက်ခင်း နေခြည်ဥလေးတွေလို
အမြဲတမ်းနူးရွနေတဲ့ မင်းရဲ့အပြုံး
လောကအားလုံး အလှတရားတွေထက်
အမြတ်နိုးဆုံး အရာတခုပါ …

မနက်ခင်းမှာ မင်းနဲ့အတူသောက်တဲ့
ကာဖူချီနိုကော်ဖီခွက်ပေါ်က
ပန်းနုရောင် မင်းရဲ့နုတ်ခမ်းလေးတွေလည်း
ကိုယ့်ရဲ့ရင်ခုံသံတွေထဲမှာ
ရှင်သန်လှိုက်ခုံ ဖူငုံလို့နေတယ် …

အိုဘယ့် ချစ်သူရယ်
မင်းဟာကိုယ့်ဘဝရဲ့မနက်ခင်း
အလှတရားအားလုံးကိုဖန်စင်း
တသိပ်သိပ်ချစ်ခြင်းများနဲ့
ရင်ခုန်ခြင်း မနက်ခင်းတိုင်းရဲ့ မင်းရင်ခွင်မှာ
မှေးစက်လို့ခိုနားခွင့်ပြုပါ …

ကျော်စွာလင်း (ရိုးမ)
ဝ၃.ဝ၆.၂ဝ၁ဝ

No comments:

Post a Comment