21.4.12
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
ဒီဆောင်းပါးကလည်း ၂၀၀၈ တုန်းက Burmatoday မှာတင်ခဲ့ဘူးတဲ့ ဆောင်းပါးလေးပါ
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
စာရေးသူအိမ်တံခါး ဖွင့်လိုက်တော့ အိမ်အောက်ထပ်မှ ကိုရီးယား အမျိုးသားကြီး တဦးက “မီးဖိုး၊ ရေဖိုး နှစ်လစာ” ဟု ကြွေးတောင်းပါလေတော့သည်။ အမှန်တော့ မီးဖိုး၊ ရေဖိုးသည် ပေါ်ထပ် နှင့် အောက်ထပ် ပေါင်း၍ ဆောင်ရသောကြောင့်ပင်၊ စာရေးသူ နှင့် သူုငယ်ချင်းသည် ညမိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်သောကြောင့် မဆုံဖြစ်ပေ၊ သူုငယ်ချင်းနှင့် မနေ့ ညကဆုံ ဖြစ်တော့ ဒီနေ့ ပေးမည်ဟု ပြောထားသောကြောင့် လာတောင်းခြင်းပင် ။ စာရေးသူ လည်းဘယ်လောက်ကျသလဲဟု မေးကာ ပိုက်ဆံအိတ်ကို ဖွင့်၍ပေးမည်ဟုပိုက်ဆံအိတ် အတွင်း လက်ကျန်ငွေ များကို ရေတွက်ကြည့်ရာ မလောက်ငှပေ၊ ကိုရီးယား အမျိုးသားကြီးအား မနက်ဖြန် ဆက်ဆက်လာပေးမည်ဟု အကျိုးအကြောင်းရှင်းပြကာ တောင်းပန်လိုက်တော့ “ အိုကေ၊ အိုကေ ၊” ဟု ပြောကာ ပြန်ဆင်းသွားလေတော့သည်။အခုမှ စာရေးသူလည်းဇတ်လည်သွားတော့သည်။ သူုငယ်ချင်းကလည်း စာရေးသူ၏ ပိုက်ဆံအိတ်အတွင်း ပိုက်ဆံ ရှိ မရှိကို ကြိုတင်ပြီး အကြားအမြင် ရထားသော ဗေဒင်ဆရာ ထက်ပို ၍သိနေသောကြောင့်ပင် တည်း ။
သြော်…အကြွေး အကြွေး အကြွေး၊ စာရေးသူ အကြိုက်ဆုံးရုပ်ရှင် သရုပ်ဆောင်ကျော်ဟိန်းနှင့် ကျော်သူတို့ သရုပ်ဆောင်ထားသော ” အကြွေး” ဟူသောဗွီဒီယို ဇာတ်ကားကို ပြန်လည် သတိရမိတယ်။ ပြီးတော့ ကိုရီးယား နိုင်ငံမှာနေခဲ့သည့်အချိန်တွေ ကို ပြန်စဉ်းစားမိတယ်။ နှလုံးသားနှင့် ပတ်သက်သည့် အကြွေး ။ အလုပ်လစာနှင့် ပတ်သက်သည့် အကြွေး ၊ ပြီးတော့ အမျိုးသားရေးနှင့် ပတ်သက်သည့် အကြွေး ၊ အကြွေး တွေ အများ အများကြီးပါဘဲ ။ နှလုံးသားနှင့် ပတ်သက်သည့် အကြွေး ကိုတော့ ပြန် မတောင်းချင်တော့ပါ ။
စာရေးသူအနေနှင့် ကိုးရီးယားနိုင်ငံရေး အသိုင်းအ၀န်းနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများနှင့် ဆက်ဆံ ဆွေးနွေးမှုများသည် အဆင်ပြေတာများ ရှိသလို တခါတလေ ကတောက်ကဆ အဆင်မပြေတာတွေလည်း အများကြီးပါဘဲ။ ကိုးရီးယားရှိ အစိုးရမဟုတ်သော အဖွဲ့ အစည်း အသိုင်းအ၀ိုင်းတွေထဲမှာ စေတနာ အရင်းခံနှင့် ကူညီနေသူအချို့  ရှိသလို တခြားအမြင်တခုနှင့် ဆက်ဆံနေသူ တွေလည်းရှိပါတယ်။ သူတို့  ကူညီမှုတွေအထူးသဖြင့် နယ်စပ်ဒေသဆီ ကူညီတာလေးတွေကို အကြောင်းပြုပြီး ကျေးဇူးရှင်သဖွယ် ယုံကြည်မှု လွန်ကဲနေသူတွေကလည်း အများကြီးပါ။
တကယ်တော့ နယ်စပ်ဒေသကို ကူညီမှုဆိုတာ ဒေါ်လာသိန်းဂဏန်းလောက်ပဲ ရှိပါတယ် ။ ကိုးရီးယားနိုင်ငံကို ၁၉၉၀ ခုနှစ်လောက်ထဲက မြန်မာအလုပ်သမားတွေ နည်းမျိုးစုံနဲ့  ရောက်လာကြပြီး Dirty, Difficult, Dangerous ဆိုတဲ့ 3D အလုပ်ကို လုပ်နေကြပါတယ်။ ၁၉၉၄ ခုနှစ်လောက်မှာတော့ သင်တန်းသား အလုပ်သမားများတထောင်လောက် ရောက်ရှိလာကြပါတယ်။ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာ အလုပ်သမား တရားဝင်ရော၊ တရားမ၀င် အလုပ်သမားတွေရော ရှစ်ထောင်ဝန်းကျင်လောက် ဖြစ်လာပါတယ်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာတော့ ကိုးရီးယားနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကြောင့် လုပ်ငန်းတွေ တော်တော်များများဟာ ရပ်ဆိုင်းသွားခဲ့ကြတယ်။  နိုင်ငံခြားသား အလုပ်သမား တော်တော်များများလဲ ပြန်သွားခဲ့ကြပါတယ်။
အဲ့ဒီလို ပြန်သွားခဲ့ကြတဲ့ နိုင်ငံခြားအလုပ်သမား အများစုဟာလည်း လုပ်အားခတွေ တလစာ နှစ်လစာ သုံးလစာ အစသဖြင့် ဆုံးရှုံးခဲ့ကြရတယ်။ ကျန်ရှိနေခဲ့သောအလုပ်သမားလည်း လုပ်အားခတွေကို မကြာခဏ ဆုံးရှုံခဲ့ပြီး မရရှိတဲ့သူတွေ ရှိနေဆဲပါ။ ထောင်နံ့  ချီတဲ့မြန်မာ အလုပ်သမား တွေ ဆုံးရှုံးခတဲ့ လစာငွေဟာလည်းဒေါ်လာ သန်းနဲ့  ချီပြီးရှိပါတယ်။ နယ်စပ်ဒေသကို ကူညီတဲ့ငွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာအလုပ်သမားတွေ ကိုးရီးယားအလုပ်ရှင်တွေကို လုပ်အားဖြင့်ပေးဆပ်ခဲ့ရတဲ့ ငွေဟာ အဆမတန်ပိုများလွန်းပါတယ်။ မြန်မာနှိင်ငံမှာ စက်ရုံတွေဆောက်ပြီးမြန်မာ အလုပ်သမားတွေနဲ့  လည်ပတ်နေတဲ့ ကိုရီးယားလုပ်ငန်းတွေ အများကြီးရှိပါတယ်။ အဲဒီ လုပ်ငန်းရှင်တချို့ နဲ့  စာရေးသူ တွေ့ ဆုံစကားပြောခဲ့ တုန်းက သူတို့ ကြောင့်သာလျှင် မြန်မာလူမျိုးတွေ အလုပ်လုပ် ကိုင်နေကြရကြောင်း ပြောပြီး တကယ့်ကျေးဇူးရှင် ပုံစံ ပြောနေကြပါတယ်။
ကိုရီးယားလုပ်ငန်းရှင်တွေဟာ လုပ်အားခ ပေါပေါရဖို့ အတွက် အာရှရဲ့  မဖွံ့ ဖြိုးသေးတဲ့ နိုင်ငံတွေမှာ စက်ရုံတွေ ဆောက်ပြီးစီးပွားရှာနေကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတွေ ပါရှိပါတယ်။စာရေးသူလည်း ကိုရီးယားတက္ကသိုလ် တခုမှာဘွဲ့ လွန်တက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့  မကြာခဏ တွေ့ ဆုံဖူးပါတယ်။ မိမိနိုင်ငံတွေရဲ့ အခြေအနေများကို ပြောကြားကြပြီး ဆွေးနွေးဖလှယ်ကြပါတယ်။ အဲ့ဒီအထဲမှာ စာရေးသူဟာ ဗီယက်နမ်ကျောင်းသားတွေနဲ့ စကားပြောခဲ့တုန်းက သူတို့နိုင်ငံအတွင်း ကိုရီးယားလုပ်ငန်းရှင်တွေရဲ့ လည်ပတ်နေမု အကြောင်းကိုဆွေးနွေးခဲ့ဘူးတယ်။ သူတို့နိုင်ငံမှာဆို ကိုရီးယားစက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ သူတို့ နိုင်ငံရှိ အလုပ်သမားဝန်ကြီးဋ္ဌာနရဲ့ ကြီးကြပ်မှုနဲ့ တနေ့တာအလုပ်ချိန်ရှစ်နာရီ အခြေခံလုပ်အားခလစာ ဒေါ်လာ ၅၀ မှ ၈၀ အထိ ရရှိကြပါတယ်၊ ဒါပေမယ့် မြန်မာအလုပ်သမားတွေကတော့ ဒီလို မဟုတ်ပါဘူး။ စာရေးသူဟာကိုရီးယားစက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့လူငယ်တယောက်နဲ့  စကားပြောဖူးပါတယ်။ သူဟာအဲ့ဒီစက်ရုံမှာ လေးနှစ်လောက် လုပ်သက်ရှိပြီး ဘွဲ့ရရှိသူတဦးလည်းဖြစ်ပါတယ်၊ သူ့ရဲ့အခြေခံလစာဟာ မြန်မာငွေ ကျပ်တသောင်းရရှိပါတယ်။ ဒါပေမယ့် တနေ့ကိုအလုပ်ချိန် ၁၄ နာရီလောက် အလုပ်လုပ်ရပြီး ပိတ်ရက်တွေမှာ လုပ်တဲ့လုပ်အားခ အပါအ၀င် စုစုပေါင်းတလလုပ်အားခဟာ မြန်မာငွေ သုံးသောင်းလောက် ( ဒေါ်လာ ၂၅ ခန့်  ) ရရှိပါတယ်။
ကိုရီးယားလူမျိုးတဦး၏ သာမန်အခြေခံလစာ ဒေါ်လာ ၁၅၀၀ ခန့် ရရှိပြီး အမျိုးသမီး၏ လစာဟာ ဒေါ်လာ ၁၀၀၀ လောက် ရရှိပါတယ်။ ဒါတွေဟာ စက်ရုံတွေမှာ အလုပ်လုပ်တဲ့ လစာငွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိ ကိုရီးယားစက်ရုံတရုံမှာ ရရှိတဲ့ မြန်မာ အလုပ်သမားတယောက်ရဲ့ အခြေခံလစာဟာ မြန်မာငွေ တသောင်း၊ ကိုရီးယားငွေဆိုလျှင် ၇၅၀၀ ၀မ် လောက် ဖြစ်ပါတယ်။ တရက်စာဆိုလျှင် ၂၅၀ ၀မ် လောက်ရရှိမှာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ပီကေ တခု ၀ယ်စား မယ်ဆိုလျှင်၊ ဒါမှမဟုတ် လမ်းဘေးကော်ဖီစက်ထဲမှာ အကြွေထည့်ပြီး ကော်ဖီ ၀ယ် သောက် မည်ဆိုလျှင် ၀မ် ၃၀၀ ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံရှိ ကိုရီးယားစက်ရုံတွေက မြန်မာ အလုပ်သမားတယောက်ရဲ့ တနေ့လုပ်ခဟာ ကိုရီးယားနိုင်ငံမှာ ကော်ဖီတခွက်၊ပီကေ တခုဖိုးလောက်တောင် မရှိပါဘူး ။ ဒါကြောင့် ကိုရီးယားတွေဟာ မြန်မာတွေရဲလုပ်အားကို အလကား ရရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ( ကိုရီးယားလုပ်ငန်းတွေကို လုပ်ခနည်းနည်းပေးအောင် သင်ကြားပေးသူတွေကတော့ မြန်မာစစ်အစိုးရနဲ့ ဦးပိုင် ကုမ္ပဏီတို့ ဖြစ်ပါတယ်။ ၁၉၉၀ လွန်ကာလ ကိုရီးယားက ဒေ၀ူးအပါအ၀င် အထည်ချုပ်လုပ်ငန်းတွေ မြန်မာပြည်မှာ စတင် လုပ်ကိုင်တော့ စက်ချုပ်သမတွေကို တလ အမေရိကန် ဒေါ်လာ ၁၀၀ ပေးမယ်လုပ်တော့စစ်အစိုးရခေါင်းဆောင်တွေ တရားဝင်ရတဲ့လခထက် များသွားမှာစိုးလို့ ဆိုပြီး တလကိုမြန်မာငွေ သုံးထောင်ကျပ်နဲ့  လခပေးဖို့ ၊ အဲ့ဒီလခနဲ့  ညီတဲ့အမေရိကန် ဒေါ်လာကို့ ဦးပိုင် ကုမ္ပဏီ ကရယူပြီ့း ဦးပိုင် ကုမ္ပဏီက အလုပ်သမားတွေကို မြန်မာငွေနဲ့  လခ ပေးရာကစတင်ပြီး မြန်မာ အလုပ်သမားကို ဈေးပေါပေါနဲ့ ရနိုင်တဲ့နည်းကို နိုင်ငံတကာလုပ်ငန်းရှင်တွေက သိသွားကြပါတယ်။ - အယ်ဒီတာ Burma Today )
ပြီးခဲ့သော ရက်ပိုင်းအတွင်း ကိုရီးယားအစိုးရ အရာရှိတချို့နှင့် စကားပြောဖြစ်တုန်းက သူတို့က မြန်မာပြည်ကို ကျမ္မာရေးနှင့် ပြည်သူတွေအတွက် တနှစ်ကို ဒေါ်လာ ငါးသန်းခန့် ကူညီနေကြေင်း ပြောပြခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က မြန်မာပြည်သူတွေ ကျမ္မာရေးအတွက် ကုလသမဂ္ဂက တိုက်ရိုက်ကူညီခဲ့တာရှိပါတယ်။ ကုလသမဂ္ဂ တိုက်ရိုက်လက်အောက်ခံ ICRC က အေအိုင်ဒီစက်စ်၊ အိပ်ခ်ျအိုင်ဗွီ၊ ငှက်ဖျားနှင့် တီဘီရောဂါ ကာကွယ်ကုသရေးအတွက် ကုလသမဂ္ဂ ICRC ဝန်ထမန်းတွေဟာ မြန်မာနိုင်ငံတဝှမ်းမှာ ရုံးဖွင့်ပြီး ကူညီခဲ့ပါတယ်။ ပြဿနာက ICRC ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ခြေဆန့်ကူညီခဲ့ပေမယ့် နအဖ အစိုးရဟာ နယ်မြေကန့်သတ်မှု့ ပိတ်ပင်တားဆီးမှု့တွေကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။ နအဖ အာဏာပိုင်တွေဟာ ကုလသမဂ္ဂ အကူညီတွေကို သူတို့စီကို တိုက်ရိုက်ပေးစေခြင်း သူတို့မှတဆင့် ကူညီပေးစေလိုပါတယ်။ ဒါပေမယ့် တကယ်တန်းကြတော့ သူတို့တွေစီက တဆင့်ကူညီရေးဆိုတာ အဖြစ်သဘောဖြစ်ပြီး ပြည်သူ့အတွက် မဟုတ်ပဲ သူတို့အတွက် ဖြစ်သွားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကလည်း ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့အတူ အကူညီပေးနေတာကိုလည်း နအဖ ဟာ မနှစ်မြိုခဲ့ပါဘူး။ ဒါကြောင့်မို့ နောက်ဆုံး ကုလသမဂ္ဂ အကူညီတွေဟာ နအဖ၏ ချုပ်ချယ်မှု့ကြောင့် ၂၀၀၅ ခုနှစ်မှာ ရပ်တန့်သွားခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ ဥရောပနိုင်ငံတွေက 3D Project အိပ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ်၊ငှက်ဖျားနှင့် တီဘီရောဂါ ကုသကာကွယ်ရေးအတွက် ဒေါ်လာသန်းတရာ မတည်ပြီး ကူညီခဲ့ပါတယ်။ ဥရောပနိုင်ငံတွေရဲ့ ကူညီမှုဟာ ဘာစီးပွားရေး အကျိုးမြတ်ကိုမှ မျှော်လင့်ခြင်းမရှိခဲ့ပါ။ ဒါပေမယ့် ကိုရီးယား အစိုးရကနေပြီး မြန်မာနိုင်ငံကို နှစ်စဉ် ဒေါ်လာ ငါးသန်းခန့် မြန်မာလူမျိုးတွေရဲ့ ကျမ္မာရေးအတွက် ကူညီငွေဟာ စေတနာ သန့်သန့် မဟုတ်ခဲ့ပါဘူး။ ၎င်းငွေကြေးများကိုလည်း နအဖ အား တိုက်ရိုက်ပေးခြင်း သက်သက်ပါ။ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု့အတွက် ဒေါ်လာ ဘီလီယံနှင့်ချီပြီး ရရှိမယ့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှု့ လုပ်ငန်းတွေအတွက် အကျိုးမျှော်ပြီး ကူညီခြင်းသက်သက်ပါ။ ပြီးတော့ မြန်မာပြည်မှာရှိတဲ့ ကိုရီးယားစက်ရုံတွေမှ အလကားရတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခနှင့် ယှဉ်ကြည့်မယ်ဆိုရင် မပြောပလောက်ပါဘူး။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း သို့မဟုတ် မြန်မာပြည်မှာ အလုပ်သမားအင်အားတွေကို အလကားယူ ဂုတ်သွေးစုပ်ပြီး အမြတ်အစွန်းထဲမှ အနည်းငယ်ကို နအဖ စစ်အုပ်စုအား မြန်မာပြည်သူတို့၏ ကျမ္မာရေးအထောက်ပံ့ဟုဆိုသော အယောင်ပြ ထောက်ပံ့ပေးခြင်းသာ ဖြစ်ပါသည်။
ဒါတင်မကသေးပါဘူး သူတို့အကျိုးစီးပွားအတွက် နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ကာ နအဖကို စစ်လက်နက် ပစ္စည်းတွေ တရားမဝင်ရောင်းချခြင်း မြန်မာနိုင်ငံ ပြည်မြို့အနီးမှာ စစ်လက်နက်ပစ္စည်းတွေ အမြောက်အမြား ထုတ်လုပ်တဲ့ စက်ရုံကြီးကို ၂၀၀၃ နှစ်ခန့်က တရားမဝင်တည်ဆောက်ပေးခဲ့ပြီး စက်ယန္တရား အလုံးပေါင်း ၁၃၀နှင့် နည်းပညာတွေကိုပါ ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက ရက်ရက်ရောရော ကူညီခဲ့ပါတယ်။
အဲ့ဒီတုန်းက ယခုကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ဂီမွန်းဟာ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဌာန၏ ဝန်ကြီးတာဝန်ကို ထမ်းဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာ တရားမဝင် စတင်တည်ဆောက်ကတည်းက စာရေးသူလည်း သတင်းရရှိ၍ ကိုရီးယား အစိုးရထောက်လှမ်းရေး ပုဂ္ဂိုလ်တွေ့နဲ့တွေ့စဉ် ပြောပြခဲ့ဘူးပါတယ်။ ကိုရီးယားဘာသာဖြင့်လည်း ဆောင်းပါးတွေ ရေးသားခဲ့ဘူးပါတယ်။ ဘာအကြောင်းမှ ထူးခြားမှု့မရှိခဲ့ပါ။ ဒါပေမယ့် စက်ရုံကြီး ပြီးစီးလောက်မှ ကိုရီးယား အစိုးရက တရားမဝင် လက်နက်မှောင်ခို ရောင်းချခြင်း၊ တရားမဝင် လက်နက်စက်ရုံ တည်ဆောက်ပေးသည့်အတွက် ဒေဝူးကုမ္ပဏီကို ၂၀၀၆ ခုနှစ်တွင် စတင်စစ်ဆေးပြီး တရားစွဲဆိုခဲ့ပါတယ်။ စာရေးသူလည်း တရားခွင်သို့ သွားရောက် ကြည့်ရှု့နားထောင်ခဲ့ဘူးပါတယ်။ တနှစ်လောက် အမှု့ကို စစ်ဆေးပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စီရင်ချက် ချမှတ်ခဲ့ပါတယ်။
စာရေးသူဟာ စီရင်ချက် မချမှတ်မှီ နောက်ဆုံး စစ်ဆေးခဲ့သောနေ့က တရားခွင်သို့ သွားရောက်ခဲ့ပါတယ်။ တရားခံ ဒေဝူးအင်တာနေရှင်နယ် ဥက္ကဌဟောင်းဟာ မျက်ရည်စက်လက်ဖြင့် တရားသူကြီးထံ နောက်ဆုံး အယူခံယင်တုန်းက သူဟာ ကိုယ်ကြိုးအတွက် မဟုတ်ပဲ အမျိုးသား အကျိုးစီးပွားအတွက် လုပ်ရခြင်းဖြစ်ကြောင်း စသဖြင့် ပြောဆို၍ သူတို့အားလုံးကို အမှု့မှ လျော့ပေါ့စဉ်းစားပေးပါရန် လျောက်ထားခဲ့ပါတယ်။ တခြားသော တရားခံ အပေါင်းပါတွေလည်း ထိုနည်းလည်းကောင်း မခြားမနား အယူခံ တင်လျောက်ကြပါတယ်။ တရားသူကြီးလည်း စီရင်ချက်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ချမှန်ဖို့ ပြောင်းရွှေ့လိုက်ပါတယ်။
တကယ်လို့ တရားစီရင်ချက် ချမှတ်မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တနှစ်မှ ငါးနှစ်အတွင်း ချမှတ်နိုင်တယ်လို့ အစိုးရ ရှေ့နေများဘက်က ခန့်မှန်းခဲ့ကြပါတယ်။ နောက်ဆုံး တကယ်တန်း စီရင်ချက် ချမှတ်လိုက်သောအခါ ဒေဝူးအင်တာနေရှင်နယ် ဥက္ကဌဟောင်းကို ကိုရီးယားဝမ် သန်း(၅ဝ) (ဒေါ်လာ ငါးသောင်းကျော်ခန့်)၊ တခြားတရားခံများကို ဝမ် (၁ဝ)သန်းမှ (၅)သန်းအထိ ဒဏ်ငွေများ ချမှတ်လိုက်ကာ ပြီးစီးသွားခဲ့ပါတယ်။
စာရေးသူအနေနှင့် ကြိုတင်တွက်ဆထားသည့်အတိုင်း သိပ်ပြီးလွဲချော်သွားခြင်း မရှိပါ။ ဒဏ်ငွေဆိုတာဟာလည်း ဓနရှင် သူတို့အတွက် အဆင့်မြင့် အရက်ဝိုင်း တဝိုင်စာထက် ပိုလိမ့်မည် မဟုတ်ပါ။ ၂၀၀၇ နိုဝင်ဘာလ ၈ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စလှယ် ဂန်ဘာရီဟာ မြန်မာနိုင်ငံက ပြန်လာပြီး စင်္ကာပူအရောက် ဒေါ်အောင်ဆန်းစုကြည်၏ ထုန်ပြန်ကြေငြာချက်ကို ကိုယ်စား ကြေငြာခဲ့ပါတယ်။ ကြေငြာချက် အစပိုင်းမှာ မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားထားပါတယ်။ ဘယ်လောက်အထိ ဆက်လက်ကူညီအားပေး ထောက်ခံသွားမည်ကိုတော့ စောင့်ကြည့်ရပေအုံးမည်။
၎င်းတို့တွင် တင်ရှိနေသော အကြွေးများ ဘယ်လောက်အထိ ပြန်လည်ပေးဆပ်မည် ဆိုတာကိုတော့ မသိနိုင်သေးပါ။
ကိုရီးယားနိုင်ငံ၏ သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂင်မ်ဒေးဂျုံဟာလည်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီညလို့ အမည်ပေးထားတဲ့ အခမ်းနားတခုကို ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ပါတယ်၊ အခမ်းနား မကျင်းပမှီကတည်းက ကျယ်ကျယ်ပြန့်ပြန့် ကျော်ငြာခဲ့ပါတယ်။ ကိုရီးယားနိုင်ငံအတွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား ဌာနခွဲနှင့် အခြားသောအဖွဲ့စည်းများနှင့်ပါ ပူးပေါင်း ကျင်းပခဲ့ပါတယ်။ အခမ်းနား အပြီးမှာ အလှူငွေတချို့လည်း ပေးအပ်ခဲ့ပါတယ်။ ဒီအတွက်များ ကိုရီးယားအစိုးရက ကျေးဇူးရှင်အဖြစ် အမှတ်တွေယူနေပြီး တရားရုံး ဆုံးဖြတ်ချက်တွေဟာ ရယ်စရာ ဖြစ်နေလား သို့မဟုတ် မြန်မာ့တော်လှန်ရေး အင်အားစုတွေကို မထီမဲ့မြင် စိန်ခေါ်ခြင်းပေလော။
လွန်ခဲ့သောနှစ်က စာရေးသူကို လဝက အရာရှိတဦးက ကိုရီးယားနိုင်ငံအတွင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေကြသော မြန်မာတွေကို သိပါသလားလို့ မေးမြန်းခဲ့ဘူးပါတယ်။ စာရေးသူလည်း အားလုံးကိုသိပါတယ်လို့ ပြန်ဖြေတဲ့အခါ ဒါဆိုသိရင် ပြောပြရန် အစောတလျင် မေးမြန်းပါတော့တယ်။ စာရေးသူလည်း လုံးဝမပြောပြနိုင်ကြောင်း၊ ကိုရီးယားနိုင်ငံမှနေပြီး မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲနိုင်သော ဘဏ်စနစ် မရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုငံတွင်ရှိသော ကိုရီးယားလုပ်ငန်းရှင်များနှင့် ငွေဖလှယ်ကာ ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်နေကြောင်း၊ ထို့ကြောင့် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ ငွေလွှဲရာတွင် အစဉ်ပြေပြီး မြန်မာပြည်အတွင်း ကိုရီးယားလုပ်ငန်းရှင်များ အတွက်လည်း အဆင်ပြေသောကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူတို့ကတော့ မည်သို့ပင် ဖြစ်စေကာမူ တရားမဝင်ဖြစ်သောကြောင့် ဖမ်းစီးအရေးယူသွားမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက မြန်မာငွေလွှဲ လုပ်ကိုင်သူတဦး အဖမ်းခံခဲ့ရပြီး သူ့ကို တရားမဝင် ငွေလွှဲလုပ်ကိုင်မှု့ဖြင့် အရေးယူကာ ဒဏ်ငွေ ကိုရီးယားဝမ် ခြောက်သန်းခွဲ ( ဒေါ်လာ ခြောက်သန်းခန့်) ပေးဆောင်စေခဲ့ပြီး မြန်မာပြည်သို့ ပြန်လည်နှင်ထုတ်ခဲ့ပါတယ်။ နအဖ လူသတ်စစ်အုပ်စုကို တရားမဝင် လက်နက်မှောင်ခိုရောင်းချ စစ်လက်နက် ပစ္စည်းမျိုးစုံ ထုတ်လုပ်ပေးတဲ့  စက်ရုံကြီး တည်ဆောက်ပေးခဲ့သည့် ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီ တရားခံတွေကို ဒဏ်ငွေချမှတ်တဲ့နှုံးကို နှိုင်ယှဉ်ကြည့်မယ်ဆိုရင် ရယ်စရာ သို့မဟုတ် ဒေါသဖြစ်စရာပါ။
သတ်ဖြတ်မှု့အပေါင်း ရက်စက်မှု့ အပေါင်းကို သရဖူဆောင်းပြီး အကြမ်းဖက်အုပ်ချုပ်နေသော နအဖ စစ်အုပ်စုကို မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် ပံ့ပိုးကူညီနေသော ပဂ္ဂိုလ်တွေ လုပ်ငန်းရှင်တွေ နိုင်ငံတွေကို မြန်မာတော်လှန်ရေး အင်အားစုများက လက်တုန့်မပြန်ကြပေမယ့် အာဖရိကတိုက်ရှိ နိုင်ဂျီးရီးယားနိုင်ငံက လက်နက်ကိုင်တော်လှန်ရေး အုပ်စုတစုဟာ သူတို့နိုင်ငံအတွင်း စီးပွားရှာနေကြသော ဒေဝူးအင်တာနေရှင်နယ် ဂါတ်(စ)ရှာဖွေရေးလုပ်ငန်း ဂါတ်(စ)ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းမှ ဝန်ထမ်းနှင့် အရာရှိများကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလက တကြိမ် မေလကတကြိမ် နှစ်ကြိမ်တိတိ ပြန်ပေးဆွဲခဲ့ကြပါတယ်။ ပြီးတော့ ဒေဝူးကုမ္ပဏီနှင့် ငွေဖြင့်အပေးယူလုပ်ပြီး ပြန်လွှတ်ပေးခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် လက်နက်ကိုင်အုပ်စုကလည်း ကိုရီးယားလူမျိုး အယောက် ၂၀ ကို ပြန်ပေးဆွဲခဲ့ပါသေးတယ်။ အဲ့ဒီထဲမှ နှစ်ဦး အသတ်ခံခဲ့ရပြီး ကျန်လူများကို ငွေဖြင့် အပေးယူလုပ်ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကတော့ နှလုံးသား နူးညံ့ကြပေ၏လို့ ဆိုရမပေါ့။
သြော်… အကြွေး အကြွေး အကြွေး… စာရေးသူ အကြိုက်ဆုံး ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းနှင့် ကျော်သူတို့ သရုပ်ဆောင်ထားကြသော “အကြွေး” ဟူသော ဗွီဒီယို ဇာတ်ကားကို ပြန်လည်သတိရမိပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံမှာ နေခဲ့သည့် အချိန်တွေကို ပြန်လည်စဉ်းစားမိတယ်။ နှလုံးသားနှင့် ပတ်သတ်သည့်အကြွေး၊ အလုပ်လစာနှင့် ပါတ်သက်သည့်အကြွေး၊ အမျိုးသားရေးနှင့် ပါတ်သတ်သည့်အကြွေး၊ အကြွေး အကြွေးတွေ အများကြီးပါပဲ။
ကျော်စွာလင်း (ရိုးမ)
၀၅.၀၃.၂၀၀၈
No comments:
Post a Comment