25.8.14

သြော် .. ကိုရီးယား ဆိုပါလား (၁)



သြော် .. ကိုရီးယား ဆိုပါလား (၁)

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ တယားယားနဲ့ ယားနေကြတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း အပါဝင် ပါးစပ်တွေမှာ ဝဲပေါက်နေလို့လား အကျိုကြားတွေထဲ ပွေးများပေါက်နေကြလို့လားမသိ တယားထဲယားနေကြတဲ့ မြန်မာပြည်က လူလတ် လူငယ်တွေရဲ့ အယားရောဂါဟာ ဆွေမျိုးမေ့ အမျိုးဂုဏ်မေ့ ဇာတိဂုဏ် မေ့လောက်အောင် ယားနေလိုက်ကြတာ မြင်ရကြားရသူ ကျုပ်အဖို့တော့ အသဲယား အဲ့လေ မှားသွားလို့ အသဲခါးစရာ အကောင်းသားဗျ။ ဒါပေမယ့်လည်း ကျုပ်လို မယားတတ်တဲ့ လူတွေလည်း ရှိပါပေသေးတယ်။

ဘာပဲဖြစ်ဖြစ် ယားတတ်သူဖြစ်စေ မယားတတ်သူဖြစ်စေ ယားတတ်လာအောင် စွမ်းပေးနိုင်တာကတော့ နာမည်နဲ့လိုက်တဲ့ ကိုရီးယားပါပဲ။ မှန်ပါတယ် ယားချက်က လန်ထွက်နေတာပဲ ၊ အဲ့ဒီအယားဓါတ်က အီဘိုလာ ဘိုင်းရစ်(စ) လို ကူးစက်လွယ်တယ် ကုသဖို့ ခက်ပါလိမ့်။ အဲ့ဒီတော့ ယားတဲ့အခါမှာလည်း ယားသင့်ယားထိုက်တဲ့အခါမှာ ယားတတ်ဖို့ပဲ လိုပါတယ်။ ကိုရီးယားတွေမှာ အတုယူစရာကောင်းတဲ့ အယားမျိုးတွေကိုလည်း လေ့လာပြီး ကိုယ်တိုင် ကမ္ဘာထွက်ပြီး လန်ထွက်အောင် ယားတတ်ဖို့အတွက် ကိုရီးယားတွေရဲ့ အယားတချို့ကို ယားပြ အဲ့လေ ပြောပြပေးပါမယ် ဟား ဟား ဟား ။

ပြီးခဲ့သည့် (၂.၈.၂၀၁၄) 2NE1 ကိုရီးယား အဆိုတော်မလေးတွေ မြန်မာပြည်မှာ လာရောက်ဖျော်ဖြေတုန်းက ထောင်ပေါင်းများစွာ မြန်မာလူငယ်တွေ လေဆိပ်မှာသွားကြိုကြနဲ့ အရူးထနေလိုက်ကြတာ ကိုရီးယားရောက် မြန်မာတွေကတော့ ရှက်လွန်းပါဘိ။ အယားဓါတ် အသွင်းခံထားရတဲ့ သူတွေ လက်မှတ်တွေ ဈေးကြီးကြီးပေးပြီး သွားယားကြည့်ကြ၊ အလုံးလိုက် အထွေးလိုက် အယားဓါတ်တွေ အပင်းသွင်းခံထားကြတဲ့ သူတွေကတော့ လက်မှတ်တွေကို ကိုးသိန်း ရှစ်သိန်းပေးဝယ်ပြီး ယားကြတာများ လှိုင်သာယာ စက်မှုဇုံက ကိုရီးယားယား စက်ရုံမှာ နှစ်လစာတောင် လစာမရကြလို့ ငိုယိုနေကြတဲ့ အလုပ်သမားရှစ်ရာ (၈၀၀) ကျော်ရဲ့ မျက်ရည်တွေကို အားမနာတတ်ကြတော့ဘူး။ မြန်မာအဆိုတော်တွေ ကိုရီးယားမှာ လာဖျော်ဖြေတိုင်း ဘယ်ကိုရီးယားမှ စိတ်မဝင်စားဘူး လေဆိပ်မှာ လာကြိုဖို့နေနေသာသာ လက်မှတ်အလကား ပေးတာတောင် လာမကြည့်ဘူး။ ကိုယ့်လူမျိုးကို ကိုယ်ပြန်ပြီး အားနာတတ်ဖို့တော့လိုမယ်။ အမျိုးချစ်တဲ့စိတ်၊ ဇာတိဂုဏ်တွေ ဘယ်တွေကို ရောက်သွားကြလဲ၊ ဒါတောင် 2NE1 က အဆိုတော်မလေးတွေက မြန်မာပြည်က ရေလည်းမသောက်ဘူး ချိုးလဲမချိုးဘူးလို့ ပြောခဲ့ပါသေးတဲ့။ အဒီနေရာမှာ ကိုရီးယားတွေနဲ့ ပြောင်းပြန်လှန်လိုက်ကြည့်မယ်ဆိုရင် မြန်မာတွေနေရာမှာ  ကိုရီးယားတွေသာ ဖြစ်မယ်ဆိုရင် လစာမရကြတဲ့ အလုပ်သမားတွေကော၊ NGOs အဖွဲ့တွေကော၊ သာမန်ပြည်သူတွေရော အပြင်းထန် ဝိုင်းကန့်ကွက်ဆန္ဒပြ အဲ့ဒီ သိန်းနှစ်ထောင်ကျော် အကုန်ကျခံဆောက်ထားတဲ့ 2NE1 အတွက် စတိတ်ခုံကြီးကိုလည်း တစစီဖြစ်အောင် အမှုတ်ကြိတ်ပြစ်မှာသေချာတယ်။ ကိုရီးယားတွေမှာ မချီးကျုးလို့ မရနိုင်အောင် ကိုရီးယားတွေမှာ မျိုးချစ်စိတ်ရှိတယ်။ ကိုရီးယားတွေ မျိုးချစ်စိတ်နဲ့ ပတ်သတ်လာရင် သူတို့နိုင်ငံမှ  ကြမ်းကြမ်းတမ်းတမ်း ဆန္ဒပြပွဲတွေ ကျုပ်ကတော့ ခဏခဏမြင်ဘူးပေါ့ဗျာ။ လူတို့လူမျိုးကို ချစ်တာ တန်ဘိုးထားတာကအစ ကျုပ်မြန်မာတွေ ကိုရီးယားတွေဆီက ပြန်ပြီးအတုယူရမယ်။ ဥပမာလေး တခုတလေ ထည့်ပြောပေးချင်တယ်။

တချိန်ကဆိုတာက လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်လောက်က ဖြစ်ပါလိမ့်မယ်။ ကိုရီးယားမှာ အလွန်နာမည်ကြီးခဲ့တဲ့ Pop အဆိုတော် ယူစွန်(င)ဂျွန် (유승준)ဟာ သူနာမည် အရမ်း ကြီးနေချိန်မှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူလိုက်ပါတယ်၊ အဲ့ဒီအချိန်မှာ သူ့ကို အသဲစွဲချစ်နေကြတဲ့ လူငယ် လူလတ် ပရိပ်သတ်တွေဟာ အကြီးအကျယ် ပေါက်ကွဲ ဒေါသထွက်ကြပါတော့တယ်။ အမေရိကမှ သူပြန်လာတဲ့အချိန် လေဆိပ်မှာ ပိတ်ဆို့ပြီး ဆန္ဒပြကြတယ် အမေရိကကို ပြန်မောင်းထုတ်ကြတယ်။ အကြောင်းကတော့ ဒီလူဟာ မျိုးချစ်စိတ်ဓါတ် မရှိဘူး တိုင်းပြည်ကို ချစ်စိတ်မရှိဘူး ကိုယ့်တိုင်းပြည်အတွက် စစ်မှုထမ်းရမယ့် တာဝန်ကို ရှောင်ချင်တယ်၊ ကိုရီးယား နာမည်ကြီး အဆိုတော်အဖြစ်နဲ့ ပိုက်ဆံတွေ အများကြီးရှာပြီး အမေရိကမှာ သွားသုံးတဲ့သူ ဒီလိုမျိုးချစ်ဓါတ် မရှိတဲ့သူမျိုးကို တိုင်းပြည်ကို ပြန်လာမသင့်ဘူးဆိုပြီး ဝိုင်းကန့်ကွက်လိုက်ကြတာ အဲ့ဒီအဆိုတော်လည်း အဲ့ဒီအချိန်ကစပြီး မြောင်းထဲရောက်သွားတော့တာပါပဲ။

နောက်တခုကတော့ လွန်ခဲ့တဲ့ (၇) နှစ် (၈) နှစ်လောက်ကပါပဲ ပြည်တွင်းဖြစ်ကို သိပ်တန်ဘိုးထားတတ်တဲ့ ကိုရီးယားတွေ အမျိုးသားရေးစိတ်ဓါတ် ပြင်းတဲ့ ကိုရီးယားတွေ သူတို့နိုင်ငံကို အမေရိကန်က အမဲသား တင်သွင်းတာကို ကူးစက်ရောဂါတွေ ပါလာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုးလ်မြို့လယ်ခေါင်မှာ လူသိန်းနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြကြတယ်။ အမေရိကန်က အမဲသားတွေကို ဝယ်မစားကြဖို့ အကြီးအကျယ် လှုပ်ဆော် ကန်ပိန်းတွေ လုပ်ကြတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ကိုရီးယားနိုင်ငံ ဒေဝူး Company မှ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ပြီး မြန်မာနိုင်ငံက အာဏာရှင် စစ်အစိုးရကို လက်နက်တွေ မှောင်ခိုရောင်းချခဲ့ပါတယ်။ အခုလက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ဂီမွန်းဟာ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ သူမသိပဲ လုပ်တာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒေဝူး Company က အလုံအလောက် လက်နက် မှောင်ခိုတွေ ရောင်းပြီး မှောင်ခို လက်နက်စက်ရုံကြီးတွေလည်း ဆောက်ပေးပြီး ဘန်ဂီမွန်းကလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ရာထူးရဖို့ လုံးပန်းနေရတဲ့အချိန် အမှုတွဲတွေက သတင်းအနံ့တွေ ထွက်လာတော့ သူ့ကိုအမှုအရင်လာမပတ်ခင် ဒေဝူး Company မှ တာဝန်ရှိသူတွေကို ကိုရီးယား အစိုးရက အရင်ဖမ်းပြ ပြီးတော့ တရားရုံးနဲ့ လက်ဝါးချင်းရိုက် တရားခံတွေကို ဒဏ်ငွေချမှတ်ပြီးတော့ နောက်ဆုံးတော့ ဘန်ဂီမွန်းလည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး အမှုလည်း ပြီးသွားတာပါပဲ။ အမဲသားအကြောင်းနဲ့ လက်နက်မှောင်ခို အကြောင်းကို နှစ်ခုယှဉ်ပြီး ကျုပ်က အမေရိကန် အမဲသားကို ဆန္ဒပြကန့်ကွက်တဲ့ ကိုရီးယားတွေ ရှင်းပြခဲ့ဖူးပါတယ်။ အားလုံးမသိလို စပ်ဖြဲဖြဲပါပဲ။ အမေရိကန်က တရားဝင်တင်ပို့တဲ့ အမဲသားတွေကြောင့် ရောဂါရသွားတဲ့သူ သေသွားတဲ့သူ ကိုရီးယားမှာ မရှိပေမယ့် မြန်မာပြည်ကို တရားမဝင် မှောင်ခိုတင်ပို့လိုက်တဲ့ လက်နက်တွေကြောင့် တိုင်းရင်းသားပြည်သူတွေ ထိခိုက်သေခဲ့မှာတော့ မလွဲပါ။ ဒေဝူး Company ဟာ ရခိုင်ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေကို တူးဖေါ်ခွင့် ရရှိနိုင်ဖို့အတွက် မြန်မာ စစ်အစိုးရနဲ့ အပေးယူလုပ်ခဲ့ရတာပါပဲ၊ ရခိုင်ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေကို တူးဖေါ်ပြီးတော့လည်း တရုပ်ပြည်ကို ကမ္ဘာပေါ်မှာ ပေါက်ဈေးထက် နှိပ်ချိုးခံပြီး ရောင်းခဲ့ရပါတယ်။ မြန်မာအစိုးရကလည်း တရုပ်ပြည်ကို ကြောက်ရပါတယ်လို့ ဝန်းကြီး ဦးအောင်မင်းကလည်း ဝန်ခံထားပါတယ်။ ဆက်ဆက်ပြီးပြောပြရတော့ နဲနဲရှည်သွားတယ်။ ဆိုလိုတာက ကိုရီးယားတွေဟာ သူတို့အမျိုး အကျိုးစီးပွားအတွက်ဆို အားမနာတတ်ဘူး ဘာမဆိုလုပ်ရဲတယ်။ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကို နဲနဲလေး ထိခိုက်လာတာနဲ့ တမျိုးလုံး ဝိုင်းအော်ကြတော့တာပါပဲ။ တဖက်ကကြည့်ရင် အတ္တလို့ဆိုရပေမယ့် ကိုရီးယားတွေရဲ့ အမျိုးသားရေး စိတ်ဓါတ်ကိုတော့ အတုယူလေးစားဖို့လိုပါတယ်။ ကျနော်တို့ လူမျိုးတွေ ဝေလေလေ စိတ်ဓါတ်ကိုတော့ ပြင်ရပါလိမ့်မယ်။ 


ကျော်စွာလင်း(ရိုးမ)

၂၁.၀၈.၂၀၁၄
 

No comments:

Post a Comment