20.3.15

သြော် .. ကိုရီးယား ဆိုပါလား (၄)





သြော် .. ကိုရီးယား ဆိုပါလား (၄)

တဆက်တည်းမှာပဲ ပြောလိုက်အုံးမယ် ကိုရီးယားမတွေ ဘာတွေကြောင့် ကြည့်ကောင်းလဲ လှနေကြလည်းဆိုတာကို၊ တကယ်တော့ တောင်ကိုရီးယား နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအရ အတော်တောင့်တင်းနေတဲ့ စက်မှု့ ဖွံ့ဖြိုးနေတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမား လေးသိန်းခန့်ရှိရာ မြန်မာ အလုပ်သမား တသောင်းခွဲခန့် အလုပ်လုပ်နေကြပါသည်။ ဒီလို စက်မှုအင်အားကြီး တိုးတက်နေတဲ့ ဒီမိုကရေစီလိုနိုင်ငံမျိုးမှာ နေထိုင်ကြတဲ့ ကိုရီးယားလူမျိုးတွေရဲ့ ဘဝဟာ အလွန်ပြည့်စုံလွန်းပါတယ်၊ သာမာန် စက်ရုံအလုပ်သမား တယောက်ရဲ့ ဘဝရပ်တည်မှုနဲ့ မိသားစုနဲ့ နေရေးထိုင်ရေးအတွက် ပြည့်စုံမှုရှိပါတယ်၊ အိမ်တိုင်းမှာ မီးမှန်မှန်လာတယ်။ ရေမှန်မှန်လာတယ်၊ အိမ်တလုံးမှာ လိုအပ် အသုံးဆောင် ပစ္စည်း အကုန်ရှိတယ်၊ အားလုံးအရိပ်ထဲမှာ မှာပဲ အများသောအားဖြင့် အေးအေးလူလူ အလုပ်လုပ်ကြရပြီး ပြည့်ပြည့်စုံစုံ နေနိုင်ကြပါတယ်။ စိတ်ဖိစီးမှု့နည်းကြပါတယ်။ လောဘကြောင့် အတ္တကြောင့် ကလွဲရင်ပေါ့၊ သူတို့ရဲ့ သဘာဝက ပေးတဲ့ ရာသီဥတု နဲ့ အသားရေကြောင့် အသားရည်လှသလို သူတို့ကိုယ်တိုင်က အဆီမစားကြပါဘူး၊ မြန်မာတွေလို ဟင်းချက်ရင် ဆီလက်လေးသစ်လောက် ထည့်ချက်ပြီး ဂုဏ်ယူစားသောက်တာမျိုး မရှိတဲ့အတွက် ဝတဲ့သူလည်း နည်းပါတယ်၊ ကျမ္မာရေး လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း မြို့တိုင်း ရပ်ကွက်တိုင်းမှာ ပန်းခြံအကြီး အသေး အစုံနဲ့ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ အားကစား ပစ္စည်းတွေလည်း အထိုက်အလျှောက် တပ်ဆင် ထားပေးထားကြပါတယ်၊ အဆင့်မြင့် အားကစား ပစ္စည်းတွေနဲ့ ဈေးနှုန်းသက်သာစွာ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ နေရာတွေလည်း ပေါကြပါတယ်၊ ကိုရီးယားတွေရဲ့ ဖက်ရှင်ဆိုရင်လည်း အာရှမှာ နာမည်ကြီး လူကြိုက်များကြပါတယ်၊ မျက်နှာမလှလို့ စိတ်ပျက်စရာလည်း မလိုတော့ပါဘူး၊ ခွဲစိတ်ပြုပြင်ပြီး မျက်နှာနဲ့ ခန္ဒာကိုယ်ကို လှပအောင် လုပ်ပေးတဲ့နေရာမှာလည်း ဘမ္ဘာကျော်ပါပဲ၊ ဆယ်ပြားစေ့ လေးထောင့်မျက်နှာတွေကို ကြက်ဥမျက်နှာလေးလို သွယ်သွယ်လေးဖြစ်သွားအောင် လုပ်လို့ရတယ်၊ မျက်ရစ်မရှိ မှေးနေတတ်တဲ့ သူတို့မျက်လုံးတွေကို မျက်ရစ်လေးဖေါ်ပြီး မျက်ပေါက်ချဲ့ပြီး လှအောင်လုပ်လို့ရတယ်၊ နှာခေါင်းပွနေသလား သွယ်သွယ်လေးနဲ့ ချွန်ပြီးလှသွားအောင်လည်း လုပ်လို့ရတယ်၊ နှုတ်ခမ်းထော်နေလား သွားခေါနေလား အကုန်လှအောင်ပြင်လို့ရတယ် ပြင်လည်းပြင်နေကြတယ်၊ နောက်ပြီး အသက်ကြီးသွားလို့ ပါးရေတွန့်နေရင်လည်း တွန့်နေတဲ့ အရေပြားကိုချုပ်ပြီး နုပျိုသွားအောင် လုပ်လို့ရတယ်၊ ခန္ဒာကိုယ် တခုလုံးကို လိုအပ်သလို ပြုပြင်ဖန်တီးလို့ရတယ်။ ကိုရီးယားကိုလာပြီး ခွဲစိတ်ကြတဲ့ နိုင်ငံခြားသား/သူ တွေလည်း အများကြီး ရှိကြပါတယ်၊ ဒီလိုလုပ်နိုင်ဖို့ ကိုရီးယားတွေအတွက် လူတိုင်းလုပ်နိုင်တဲ့ ဝင်ငွေရှိတဲ့ အနေထားပါ၊ အမျိုးသမီးတွေတင် မကတော့ပါဘူး အခုဆိုရင် အမျိုးသားတွေလည်း အပြိုင်ဆိုင် မျက်နှာခွဲစိတ်ပြုပြင်နေကြပါပီ။ ကိုရီးယားမှာ ပိတ်ရက်တွေလည်း များပါတယ်၊ အထူးသဖြင့် အစိုးရဝန်ထမ်းတွေ၊ Company ရုံးဝန်ထမ်းတွေ အတွက် ပိုများပါတယ်၊ ဒီလိုအနေထားတွေကြောင့် ကိုရီးယားမလေးတွေ အလှအပ ပျော်ရွှင်မှုတွေကို ဖန်တီးယူနိုင်သလို သဘာဝအတိုင်း လှပနေတဲ့ သူလေးတွေလည်း ရှိကြပါတယ်။ ပုံတွေတင်ထားတာတွေကိုလည်း အသေချာကြည့်လိုက်အုံး သဘာဝအတိုင်းလှနေတဲ့ သနပ်ခါးလေးနဲ့ မြန်မာမလေး ဘယ်သူပုံလည်းတော့မသိဘူး google မှာရှာပြီးတင်လိုက်တာ။ တခြားပုံတွေကတော့ ကိုရီးယားတွေ မျက်နှာခွဲစိတ်ထားတဲ့ Before and After ပုံတွေဖြစ်ပါတယ်။

ကဲဗျာ မြန်မာမိန်းကလေးတွေရော မလှကြဘူးလား၊ မြန်မာပြည်မှာ လှပချောမွေ့တဲ့ မိန်းကလေးတွေ မြောက်များစွာရှိကြပါတယ်၊ ဖြူဖြူဖွေးဖွေး ချောချောလေးတွေ ညိုချောလေးတွေ အလွန်ပေါပဗျာ၊ ပြည့်စုံတဲ့ မိသားစု အသိုင်းဝန်းက မိန်းကလေးတွေကတော့ ပြင်တတ် ဆင်တတ် ဝတ်နိုင် စားနိုင် အဆင့်ရှိကြတော့ သူတို့လေးတွေ လန်းကြပါတယ် ကြည့်ကောင်းကြပါတယ် ကိုရီးယားမလေးတွေလိုပေါ့၊ အတို အပျက် အကပ်တွေလည်း ဝတ်ဆင်တတ်ကြတော့ တချို့ဆို မြန်မာမလေးတွေလို့တောင် မထင်ရဘူး၊ မြန်မာဆန်ဆန် ဝတ်ဆင်ထားတာတွေ့ရတော့လည်း ပိုလို့တောင် ကျက်သရေရှိ လှပမှုက ပိုမိုပေါ်လွင်စေပါတယ်။ တောနေ တောရပ်တွေမှာ သာမာန် လူတတန်းစားတွေထဲမှာ အလုပ်ကြမ်းလုပ်ရတဲ့ သူတွေထဲမှာလည်း သေသေချာချာကြည့်ရင် သဘာဝအတိုင်း အချောအလှလေးတွေ အများကြီး ရှိကြပါတယ်၊ သူတို့လေးတွေ လူလုံးမလှတဲ့ ဆင်းရဲတဲ့ဘဝ စိတ်ဖိစီးမှုတွေနဲ့ သောကဖုံးနေကြရတော့ ကိုယ်ပိုင် အလှအပတွေ ဖေါ်ကျူးပြသနိုင်ဖို့ အချိန်၊ အဝတ်အစား လိမ်းချယ်နိုင်မှု မရှိတော့သာကြောင့် ကျနော်တို့ မြန်မာမလေးတွေရဲ့ အလှအပဟာ မထင်မရှားဖြစ်နေရတာပါ။

တိုင်းပြည်က မြေပေါ်မြေအောက် သံယံဇာတတွေနဲ့ ချမ်းသာပေမယ့် အာဏာရှင် အသိုင်းဝိုင်းနဲ့ သူတို့နဲ့ ပဏာသင့်တဲ့ အခွင့်ထူးခံ လူတန်းစားအစုကလွဲရင်၊ ပြည်သူတွေကတော့ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်မှုပေါင်းများစွာနဲ့ ဆင်းရဲမွဲတေ ဒုက္ခ ပင်လယ်ဝေခဲ့ရလို့ မြန်မာလူပြည်သူတွေဟာ အိုမင်းမှု အရွယ်ကျမှု ပိုမြန်လာကြပါတယ်၊ ပြည်သူတွေက ဆင်းရဲလို့ ဟိုနိုင်ငံက ကယ်ကြပါ၊ ဒီနိုင်ငံက ကူညီကြပါဆိုပြီး ကမ္ဘာထွက်ပြီး တစာစာနဲ့အော်နေရတယ်၊ ဒါကြောင့် တရုပ်အစိုးရက ဘာပြောလည်းဆိုရင် မြန်မာဆိုတာ ရွှေခွက်ကြီးနဲ့ လိုက်တောင်းစားနေတဲ့ သူတောင်းစာနိုင်ငံတဲ့၊ ကျနော်တရုက်ကို စိတ်ဆိုးလည်း သွေးထွက်အောင်မှန်နေတာမို့ ပြောစရာ စကားတောင်မရှိတော့ပါဘူး။ မြန်မာပြည်မှာ ကျောင်းမနေရပဲ ကလေးအရွယ်ဘဝထဲက အလုပ်ကြမ်းတွေလုပ်နေရတဲ့ ကလေးငယ်တွေ အရွယ်နဲ့မမျှရုန်းကန်နေရတာ အမြောက်အများရှိသလို ပြည်တွင်းစစ်ကြောင့် စိတ်ဒဏ်ရာတွေနဲ့ မပြုံးနိုင်တော့တဲ့ ကလေးတွေ လူငယ်တွေလည်း အမြောက်အများ၊ မြန်မာတွေရဲ့ ကျမ္မာရေးအနေထားကလည်း သက်တန်းအားဖြင့်လည်း တိုတောင်းလာကြပါတယ်၊ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ နီးပါးထဲမှာ ကျမ္မာမှုနဲ့ လူ့သက်တန်းတွေကို နိုင်ငံအလိုက် ကမ္ဘာ့ ကျမ္မာရေးအဖွဲ့က စီစစ်လိုက်တဲ့အခါ ကိုရီးယားက အဆင့် (၁၇)၊ ပျမ်းမျှလူ့သက်တန်း (၈၁) ၊ မြန်မာပြည်ကတော့ အဆင့် (၁၃၈) ၊ ပျမ်းမျှလူ့သက်တန်း (၆၅)မှာရှိပါတယ်။ ကမ္ဘာပေါ်ရှိ လူတွေရဲ့ ကိုယ်စိတ်ချမ်းသာ ပျော်ရွှင်မှု့ အဆင့်ကို နိုင်ငံအလိုက် စစ်တမ်းကောက်လိုက်တဲ့ အခါမှာ ကိုရိးယားနိုင်ငံက အဆင့်(၄၁)၊ မြန်မာနိုင်ငံက အဆင့်(၁၂၁) မှာရှိပါတယ်။ ကိုရီးယားနဲ့ မြန်မာ တော်တော်ကွာပါတယ်၊ ဒီစစ်တမ်းဟာ ၂၀၁၂ ခုနှစ်အတွင်းက စစ်တမ်းဖြစ်ပါတယ်။ အာဏာရှင်တွေလက်အောက်မှာ အကြောက်တရားတွေ လွှမ်းမိုးခံထားရပြီး တရားဥပဒေ စိုးမိုးမှုမရှိ ပြည်တွင်းငြိမ်းချမ်းရေးမရှိ တိုင်းပြည်က မွဲပြာကျ စီးပွားရေးက အဆင်မပြေ၊ အဆင်မပြေတော့ ကျမ္မာရေးကိုလည်း ဦးစားပေးပြီး ဂရုမစိုက်နိုင် အဟာရဖြစ်စေမဲ့ အစားသောက်လည်း မှီဝဲဖို့ကခက်၊ နေထိုင်မကောင်းဖြစ်ရင်တောင် ဆေးခန်းမသွားနိုင် ဖြစ်သလို ရိုးရာဆေးလေးနဲ့ ကွမ်းရွက်ပြုပ်ရေနွေးနဲ့သောက် ဆောင်ခေါင်းမြီးခြုံပြီးချွေးထုတ် ပျောက်တာမပျောက်တာ အသာထား ဖြစ်သလိုရင်ဆိုင်နေရမှတော့ ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ ဆိုတာလည်း နည်းပါးလာခဲ့ရတာပေါ့။ ယခင်အားဏာရှင် လက်ထက်မှစလို့ ယနေ့အထိ ပြည်သူတွေအတွက် ကျမ္မာရေးအတွက် အသုံးစားရိပ်ဟာ အလွန့်အလွန် နည်းပါးနေပါတယ်။ နှစ်ပေါင်း (၂၀) ကျော် တိုင်းပြည်ဘဏ္ဍာရဲ့ ၅၀% လောက်ကို စစ်စားရိပ်အဖြစ်သုံးပြုနေခဲ့မှတော့ ပြည်သူတွေရဲ့ ပညာရေး ကျမ္မာရေး အသုံးစားရိပ်က မဖြစ်စလောက် ပြီးတော့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ ဘဏ္ဍငွေတွေ လုပ်ပိုင်ခွင့်တွေကို အာဏာရှင်နဲ့ သူ့အသိုင်းဝိုင်းက အလွဲသုံးစားတွေလုပ်ခဲ့လေတော့ ပြည်သူတွေဘဝ ချွတ်ခြုံကျတာလည်း မထူးစမ်းပါဘူး။ ပြီးခဲ့သော အပါတ်က ကျနော်၏ အချစ်ကလေးသည် ကိုယ်လက်ကိုက်ခဲ နေမကောင်းသဖြင့် ဆေးခန်းသို့သွားရာ ထိုးဆေးမပါ သောက်ဆေး ငါးရက်စာ နဲ့ ဆရာဝန် စမ်းသပ်ခ စုစုပေါင်း တသောင်းခွဲ ခန့် ကုန်ကျခဲ့ပါသည်၊ သာမာန်ပြည်သူတို့၏ တနေ့တာ ဝင်ငွေမှာ လေးထောင် ငါးထောင် ခန့်ရှိရာ နေထိုင်မကောင်းဖြစ်လျင် ဘယ်လိုပုံနည်းဖြင့် ဆေးခန်းသွားနိုင်ကြမလဲ၊ တိုင်းပြည်က ပြည်သူတွေ ဆင်းရဲနိပ်ကျရင် ကြည်လင်လန်းစမ်း ရွှင်ပြမှုတွေ ခန်းခြောက်မယ်၊ အရွယ်အိုတာမြန်မယ်၊ ရောဂါထူပေါမယ်၊ သက်တန်းတိုကြမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ အလှအပဆိုတာလည်း တိုင်းပြည်တခုရဲ့ စီးပွားရေးတိုးတက်မှုတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်း နိုင်ငံရေး တည်ငြိမ်မှု ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု၊ တန်းတူညီမျှမှု စတဲ့အခြေခံအချက်တွေ အပေါ်မှာလည်း အများကြီး မူတည်နေတယ်ဆိုတာလည်း ပြောပြရစေ။ နို့မဟုတ်ရင် နိုင်ငံရေးက ကို့ရို့ကားယား၊ ပြည်တွင်းစစ်က မ၇ပ်မနား၊ ပြည်သူတွေက အူယားဖားယား၊ စည်းလုံးရေးက ကစဥ့်ကယား၊ တိုင်းတပါးမှာ မြန်မာတွေ ကျွန်ခံစား၊ မိန်းကလေးတွေက ကုလားမယား၊ တရုပ်မယား၊ ကိုရီးယားမယား၊ ဂျပန်မယား အနှိမ်ခံဘဝတွေ မာနာနဲ့ခွန်အား ဘဝတွေကိုပါ ရောင်းစား ၊ အာဏာရှင်အောက်မှာ လူဖြစ်ရတဲ့ ဘဝတွေဟာ အလကား၊ တော်ပီ ဆက်မရေးချင်တော့ဘူး ဒီအခန်းကို ဒီမှာတင်ရပ်ပီး နောက်အခန်းတွက် ဆက်ရေးမယ်ဗျို့ ။။။

ကျော်စွာလင်း (ရိုးမ)
၂၂.၁၀.၂၀၁၄

No comments:

Post a Comment