8.11.10

ကျနော့်အမနှင့် မဲဆောက်က အမှိုက်ပုံ

အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံကို မရောက်ခင်မှာပဲ ရွာက အမျိုးတွေ သူငယ်ချင်းတွေ အသိတွေ မဲဆောက်မှာရော ဘန်ကောက်မှာပါ အလုပ်လုပ်နေကြတာ သိရတယ်။ မဲဆောက်မရောက်ခင် မဲစောက်က သူငယ်ချင်းကို ကျနော့အမဝမ်းကွဲ (အမေဘက်မှ အမေ့အမရဲ့သမီး)နဲ့ ယောက်ဖ ရှိတဲ့နေရာကို သွားတွေ့ခိုင်းထားခဲ့တယ်။ ကျနော်မဲဆောက်ရောက်ပြီး အလုပ်ကိစ္စလေးတွေ ပြီးတော့ အမဝမ်းကွဲရှိတဲ့နေရာကို သွားရှာပါတယ်။ သူငယ်ချင်းက ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်လို့ အမနေတဲ့နေရာကို ရောက်ခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး။ ပေ ၂၀၀ လောက်အကွာမှာရှိတဲ့ လူနေတဲ့ အိမ်တန်းယားအရှေ့မှာ အမျိုးသမီးတယောက် တွေ့တာနဲ့ မေးကြည့်တော့ အမကိုသိတဲ့အကြောင်း သူတို့အလုပ်သွားကြလို့ ညနေလောက်ကြမှ ပြန်လာမည်ဖြစ်ကြောင်း ပြောပြလေသည်။ ထို့နောက် ထိုအမျိုးသမီးမှ ကျနော့်အား သေချာစွာကြည့်ပြီးမှ နင် ကျော်စွာလင်း မဟုတ်ဘူးလားလို့ပြောလေပြီး ကျနော်မှ ဟုတ်ပါတယ် ကျနော့်ကို သိလားလို့မေးတော့မှ သူက မည်သူဖြစ်ကြောင်းကို ရှင်းပြတော့မှ ကျနော်တို့ရွာက သူမှန်းကျနော်သိသွားတယ်။ ပြီးမှ သူက ကျနော့်အား ထိုင်း သောမော( Immigration )နဲ့ တူလို့ကြည့်နေကြောင်း သူတို့လည်း အလုပ်သမားလက်မှတ် (ဘတ်) ဖြင့် အလုပ်လုပ်နေကြောင်း ရှင်းပြလေတော့သည်။ မတွေ့ရတာ ၁၀နှစ်ကျော်ခဲ့လို့ ကလေး(၂) ယောက် အမေဖြစ်နေသော သူ့အား အရင်တုန်းကထက် ပိုဝနေပြီး ပုံစံပြောင်းသွားသောကြောင့် ကျန်ာရုတ်တရက် မမှတ်မိတော့တာ ဖြစ်ပါသည်။

ဒီလိုနဲ့ ည(၇) နာရီလောက်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဆိုင်ကယ် နှစ်စီးဖြင့် အမဝမ်းကွဲ ရှိတဲ့နေရာ မဲစောက်မြို့စွန်ကို ရောက်ခဲ့ပါတယ်။ အမနေတဲ့ အိမ်လမ်းလေးထဲကို ဆိုင်ကယ်နှစ်စီးနဲ့ ဝင်လိုက်တာနဲ့ အိမ်ရှေ့ မီးရောင်အောက်မှာ အမကို တမ်းတွေ့လိုက်ပါတယ်။ ကျနော်က အမကို ချက်ချင်းမှတ်မိပါတယ် အမကတော့ ကျနောတို့ ဝင်လာတာကိုမြင်တာနဲ့ အထဲမှာ ထမင်းစားနေတဲ့ ရွာက တခြားလူတွေကို အသံ ခပ်အုပ်အုပ်လေးဖြင့် သောမော( Immigration ) လာပြီးပြေးလို့ ပြောနေပါတယ်။ ကျနော်လည်း ထိုင်းလိုမသိတော့ အမစီကိုပဲ ဝမ်းသာအားရဲ့ သွားပြီး အတင်းဖက်ထားပါတယ် ကျနော့ မျက်နှာကိုလဲ မပြ စကားလဲ မပြောပဲ အတင်းဖက်ထားတော့ အမက ထိုင်းလို “နူမီဘတ် နူမီဘတ်” လို့ သူ့မှာ အလုပ်သမား လက်မှတ်ရှိတဲ့အကြောင်း ထပ်ခါတလဲလဲ ပြောနေပါတယ် အသားတွေလဲ တုန်နေတာပေါ့။ ကျနော်လဲ ဘာမှနားမလဲ ရုပ်ရှင်ထဲကလိုပဲ အမကို အတင်းဖက်ထားရင်း အမမျက်နှာလေးကို လက်နှစ်ဖက်နဲ့ ညှပ် ကျနော့် မျက်နှာကို အမမျက်နှာနဲ့ကပ်ပြီး ဖြေးဖြေးခြင်းခွာကာ အမကိုပြုံးပြပြီး စပ်ဖြဲဖြဲနဲ့ ကြည့်နေတယ် အမလဲ မျက်လုံးကလေး ပေကလပ်ပေကလပ် နဲ့ ကျနော့်ကို သေချာကြည့်ပြီးမှ မှတ်မိသွားပြီး “ကျော်စွာ ကျော်စွာ ငါ့မောင် ကျော်စွာ” လို့အော်ပြောလေတော့သည်။ သည်တော့မှ အထဲမှ ယောက်ဖဖြစ်သူက ပြေးထွက်လာပြီး “ယောက်ဖကြီး ယောက်ဖကြီး” ဟု ပြေးဖက်ပါတော့သည်။ ဆယ်နှစ်ကျော် ခွဲခွာခဲ့ရတာမို့ ဝမ်းသာမဆုံးတော့ပါ။ ကျနော်ကျောင်းသားဘဝက ကျနော့်ကို မုန့်ဖိုးအမြဲပေးတတ်သောအမ ဘယ်သွားသွား ကျနော့်ကို ခေါ်သွားတတ်တယ် ယောက်ဖနဲ့ ချိန်းတွေ့တော့လဲ ကျနော်ပါတယ် အမရည်းစားစာတွေကိုလည်း ကျနော်က မုန့်ဖိုးယူပြီး လက်ရေးလှလှလေးဖြင့် ပြန်ရေးပေးရတယ်၊ ကြီးဒေါ်ဆဲတာလဲခံတယ် အမက ယောက်ဖနဲ့ ချိန်းပြီးရုပ်ရှင်ခိုးကြည့်တော့ ကြီးဒေါ်သိသွားပြီး ရုပ်ရှင်ရုံရှေ့ကနေ ကြိမ်လုံးကြီးနဲ့စောင့်ပြီး လူပုံအလယ်တွင် ဆဲဆိုရိုက်ပါတော့သည်။ အဲ့ဒီညက အမလည်းယောက်ဖနဲ့ ခိုးရာလိုက်ပြေးခဲ့သည်။ ရက်အနည်းငယ်အကြာ အမနဲ့ ယောက်ဖရှိတဲ့နေရာ ကျနော်လိုက်သွားခဲ့ပြီး လူပုံအလယ် ကြီးဒေါ်အရိုက်ခံခဲ့ရတဲ့ အမကို အရမ်းသနားမိသည်။

(ရယ်စရာ တခုလောက် ပြောပြချင်သေးသည် ကျနော့် အဖေရွာကို ကျောင်းပိတ်တုန်း အဖေ့အမရဲ့ လယ်ထဲမှာ အလုပ်ကူလုပ်ပေးဖူးခဲ့ပါတယ် ရွာကခြံထဲမှာ ဖေ့အမအိမ်နဲ့ အဖေ့ရဲ့ အကိုအိမ်လဲရှိပါတယ် ခြံကကျယ်သည်မို့ အိမ်နှစ်လုံးကြားမှာ စပါးနယ်သော ကောက်ပုံရှိပါသည် တနေ့ တနှစ်ငယ်တဲ့ ညီဝမ်းကွဲ(အဖေ့အကို၏သား)မှ ရွာထဲမှ ခိုင်လုံသော သတင်းထူးရလာတယ် ဒီည ဘေးရွာမှ အမရည်းစား(အဖေ့အကို၏သမီး) အေးသောင်ဆိုတဲ့ သူက အမကိုလာခိုးမယ်ဆိုတဲ့သတင်း၊ ကျနော်နှင့် ညီဝမ်းကွဲလည်း ဘယ်သူမှမပြောပဲ နှစ်ယောက်သားတိုင်ပင်ကာ သူရဲကောင်းတို့၏ အစွမ်းစကိုပြရန် စီစဉ်လေတော့သည် အဲ့ဒီညက ရွာထဲက ထန်းရည်ဆိုင်မှ ထန်းရည်ဝယ်ပြီး နှစ်ယောက်သား ထန်းရည်သောက်ကာ လှံတွေ ဒါးတွေ ကိုင်ပြီး ကြိမ်းဝါးပါတော့သည် ဒီညလာရဲတဲ့ အကောင်လာခဲ့ ဓါးစာလှံစာကြွေးပစ်မယ် ထန်းရည်လေးကလည်းမူး လှံတွေဓါးတွေကိုင်ကာ တောက်ခေါက်လိုက် ခြံစပ်တွေကို လေးခွနဲ့ပစ်လိုက်နဲ့ ကြွတက်နေကြသည် အမလဲ နည်းနည်းတော့ ရိပ်မိနေပြီး မျက်နှာတည်ကြီးဖြင့် နင်တို့ဘာဖြစ်နေကြတာလဲဆိုပြီး အော်ငေါက်သလိုလိုနဲ့ ဆူတော့သည် ကျနော်တို့ကလည် “ဟား ဟား ဟား ငါတို့ကို ဘာမှမသိဘူးများမှတ်နေလား တွေ့ကြသေးတာပေါ့ ဒီညတော့ လာရဲတဲ့အကောင်လာခဲ့ဟေ့” ဟု သွေးကြွပြီး အော်ဟစ်နေကြသည် ကျား..ကျား လို့အော်ပြီး ကောက်လှိုင်းတွေကို ဓါးတွေနဲ့ခုတ်လိုက် ခရင်းတွေနဲ့ထိုးလိုက်နဲ့ အရူးတွေလိုပဲ၊ အိမ်ပေါ်တွင်ရှိသော ဘကြီးမှလည်း မင်းတို့ထန်းရည်မူးပြီး ဘာဖြစ်နေတာလဲဟု ငေါက်တော့သည် ကျနော့်ညီဝမ်းကွဲကလည်း အဖေမသိရင် အသာနေစမ်းပါ ကျနော်တို့ဘာကောင်တွေလဲဆိုတာ မနက်ကျရင် သိစေရမယ်ပေါ့ ကျနော်ကလဲ ဘကြီး မနက်ကျရင်ထူးစေရမယ် ကျနော်တို့ဘာကောင်တွေလဲဆိုတာ လို့ပြောတော့ ဘကြီးက မင်းတို့ထန်းရည်မူးပြီး သူများအိမ်က ကြက်တွေလိုက်မခိုးနဲ့နော် ငါ့ကိုမျက်နှာပျက်အောင် မလုပ်နဲ့လို့ပြောတော့ ကျနော့်ညီဝမ်းကွဲမှ “ဟားဟား အဖေ အဖေ့သားက ဒီည ကြက်ခိုးမှာမဟုတ်ဘူး သူခိုးတွေကို လှံနဲ့ထိုးမလို့ လှံနဲ့ထိုးမလို့ အဖေရ”ဟု အသံပြဲပြဲနဲ့ပြောတော့ ဘကြီးက ဒီကောင်တွေဘာဖြစ်နေတာလဲ စိတ်မှမှန်သေးရဲ့လားပေါ့ ဘာမှဆက်မပြောတော့ပဲ အိမ်ပေါ်ပြန်တက်သွားလေတော့သည် ၊ ကျနော်တို့လည်း ထန်းရည်မူးပြီး လှံတွေ ဓါးတွေကိုင် ကောင်လှိုင်းတွေကို မှီပြီး မိုးလင်းသွားတော့သည်၊ မိုးလင်းတာတောင် မနိုးသေးတဲ့ ကျနော်တို့ကို ဘကြီးနဲ့ ကြီးဒေါ်အော်မှ လန့်နိုးတော့သည် အော်~ မိုးတောင်လင်းပေါ့ နွားတွေမလွှတ်ရသေးလို့ ဘကြီးတော့ အော်နေပီပေါ့၊ ဘကြီးနဲ့ ကြီးဒေါ်အသံလည်း အိမ်ထဲတွင် ဆူညံနေကြသည်၊ ခဏနေမှ ညီမဝမ်းကွဲမှ လာပြောသည် အမကြီး ညကလင်နောက်လိုက်ပြေးသွားပြီတဲ့ စာလေးတစောင်ထားခဲ့တယ်ဆိုပဲ ကျနော်တို့လဲ နောက်နေတယ်ထင်နေကြတာ ၊ ညက ကျန်ာတို့အဖြစ်ကိုလည်းမေ့နေကြပြီး အမကြီး မင်္ဂလာဆောင်ရင်တော့ ဝက်သားဟင်း ကြက်သားဟင်းတွေနဲ့ တရွာလုံးကို ရှယ်ကြွေးခိုင်းမယ်ကွလို့ ပြောပြီးရယ်နေကြသည်၊ ပြီးတော့မှ ဘကြီးအော်ဆဲသံ ကြားရလေတော့သည် အမလင်နောက်လိုက်ပြေးသွားပြီတဲ့ အဲ့ဒီကြမှပဲ တကယ်ယုံတော့သည်၊ ဘကြီးလဲ ကျနော်တို့ဘက်လှည့်လာပြီး “ဟေ့ကောင်တွေ မင်းတို့ပြောတော့ မင်းတို့ဘာကောင်တွေလဲဆိုတာ သိရမယ်ဆို မနက်ကျရင် ထူးရမယ်ဆို သူခိုးကိုလှံနဲ့ထိုးမယ်ဆို အခုတော့ ငါ့သမီးကြီးပါသွားပြီ အခုဘယ်လိုလုပ်ကြမလဲ ဟေ့ကောင်တွေ မင်းတို့ကြိုသိထားတယ် မဟုတ်လား ငါ့ကိုဘာလို့မပြောတာလဲ ထန်းရည်မူးပြီး သောက်သုံးမကျတဲ့ကောင်တွေ” ဟု ကော်ဆဲပါတော့သည် ကျနော်တို့လဲ “သိတော့သိထားတယ် ပြောမလို့ပဲ ဒါပေမယ့် ကျနော်တို့က…...” ဟု စကားရပ်သွားသည် ဘာမှဆက်မပြောရဲတော့ပါ ညကလူစွမ်းကောင်းလုပ်မလို့ပဲ ထန်းရည်မူးပြီး ဓါးလှံတွေကိုင် ကောက်လှိုင်းတွေမှီပြီး ငုတ်တုပ်အိပ်ပျော်သွားတဲ့အဖြစ်ကို ရှင်းမပြရဲတော့ပါ ဘကြီးကဒေါသထွက် ကျနော်တို့ကိုမဲပြီး ဆဲနေတော့ ရွာထဲကို လစ်ပြေးရတော့သည်။ )

ကိုရီးယားကနေ ကျနော်ရောက်တဲ့သတင်း ချက်ခြင်းပဲ ဘေးအိမ်က ရွာကလူတွေ သိသွားပြီး လာဝိုင်းနှုတ်ဆက်ကြလေတော့သည်။ ကျနော် ဆိုင်ကယ်နဲ့ ဝင်ဝင်ခြင်း အမအော်ပြောလို့ အလုပ်သမားလက်မှတ်မရှိလို့ အိမ်နောက်ဖေးကနေ လမ်းထိပ် ထွက်ပြေးသွားတဲ့ ရွာက ၂ ယောက်လည်း အနောက်ကပါလာသော သူငယ်ချင်းဆိုင်ကယ်နဲ့တိုးရာ သူငယ်ချင်းက ဘယ်ကိုပြေးမှာလဲဟု မေးမှ အကိုက မြန်မာလားဟု ပြန်မေးကာ ဇာတ်ရည်လည်သွားပြီး အိမ်ထဲပြန်ဝင်လာကြသည်။ ကျနော့်ကို လာနှုတ်ဆက်ကြတဲ့ သူတွေထဲမှာ ကျနော်ငယ်ငယ်က ပဲခူးရိုးမ တောစပ်လေးမှာ လယ်လုပ် နွားကြောင်း သစ်ခုတ်တုန်းက အတူလုပ်ခဲ့ဘူးသော ကြီးဒေါ်ကြီးလဲပါသည်။ သူ့သားတွေ မဲစောက်မှာ အလုပ်လာလုပ်ကြလို့ ထမင်းချက် အဖေါ်အဖြစ် လိုက်လာခဲ့ခြင်းဖြစ်ကြောင်း နေ့လည်က ကျနော်အမအိမ်လမ်းထဲ ဝင်လာတော့ သူတွေ့ကြောင်း ကျနော့်အား သောမော( Immigration ) ဟုထင်ကာ အိမ်နောက်ဖေးကနေ ဆင်းပြေးပြီး သစ်ပင်တွေကြားထဲ ဝင်ပုန်းနေကြောင်း ရှင်းပြတော့မှ ကျနော်မှာ အားလည်းနာ စိတ်မကောင်လည်း ဖြစ်ရလေတော့သည်။ ပြီးတော့ အမကို ဖက်ထားတုန်းက အမအသားတွေ တုန်ပြီး ကြောက်နေတာကို သတိရမိတော့သည်။ တရားဝင် အလုပ်သမားလက်မှတ် မရှိကြတဲ့ သူတွေကတော့ အဖမ်းဆီးကို ရှောင်နေရကြောင်း ကြောက်နေရကြောင်း အမပြောပြမှ နားလည်သွားသည်။

နောက်တနေ့ ညနေခင်းမှာ မဲဆောက်ဈေးထဲ ရောက်တုန်း လမ်းမှာ တွေ့သမျှသူတွေကို လူတွေကို မေးမြန်းဖမ်းစီးပြီး ကားပေါ်ဆွဲတင်နေသော သောမော(Immigration) တွေ့ရပါတယ်။ တရားမဝင် နေထိုင်သူတွေ အလုပ်သမားလက်မှတ် မရှိကြတဲ့ မြန်မာလူမျိုးတွေ အဖမ်းခံထားရသည်မှာ မနည်းလှပါ ။ ထို့သို့ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးနေစဉ် မြန်မာ ရဟန်းတပါးမှ မေတ္တာရပ်ခံ တောင်းပန်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။ ထိုင်း သောမော(Immigration) မှာ ဘယ်က ရဟန်းလည်းဟု စကားပြန်မှ တဆင့်မေးရာ ထိုမြန်မာရဟန်းမှ သူဟာ ဒုက္ခရောက်နေတဲ့ မြန်မာတွေကို ကူညီနေတဲ့ ရဟန်းလို့ ပြန်ဖြေလိုက်တော့ ထိုင်း သောမော(Immigration) မှ ထိုရဟန်းကိုပါ ဖမ်းပြီး ကားပေါ်ဆွဲတင်ပါတော့သည်။ ထိုရဟန်းနှင့် အတူပါလာသော အဖြူကောင် နှင့် အဖြူမလေးတွေက မျက်ရည်စက်လက်နှင့် ငိုနေတော့မှ ထိုင်း သောမော(Immigration)မှ ရဟန်းအား ပြန်လွှတ်ပေးလိုက်သော မြင်ကွင်းကိုလည်းတွေ့ရလေသည်။ ဒီလိုပဲ တရားမဝင်ရောက်လာပြီး ကြုံသလို လုပ်ကိုင်စားသောက်နေကြတဲ့ မြန်မာတွေကို ဖမ်းပြီး ကားပေါ်တင် ခေါ်သွားတာကိုလဲ မကြာခဏ မြင်ဖူးရပါသည်။ သတင်းတွေထဲမှာလည်း ဒီလိုပုံစံမျိုးနဲ့ အဖမ်းခံနေကြရတာတွေ တချို့ အကြောက်လွန်ပြီး နှလုံးသွေးရပ်ကာ သေသွားရသူတွေ၊ အဖမ်းခံကားပေါ်မှ ခုန်ချလို့ သေသွားရတာတွေ၊ ပြေးရင်းလွှားရင်း ချောင်းထဲပြုတ်ကျ ရေနစ်သေရသူတွေ သတင်းစုံကို မကြာခဏဆိုသလို ကြားနေရပါတယ်။

နောက်ရက်ကျတော့ မဲဆောက်မြို့ပြင်မှာရှိတဲ့ အမှိုက်ပုံကြီးကို မှီခို စားသောက်နောတဲ့ မြန်မာတွေရှိတဲ့နေရာကို ကျနော့် သူငယ်ချင်းက ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါတယ်။ လိုက်ပို့ပေးတဲ့သူငယ်ချင်းကလည်း ကြားတာကြားဖူးပေမယ့် တခါမှ မရောက်ဘူးသောကြောင့် ရောက်ဖူးသော သူများကို မေးမြန်းကာ သွားခဲ့ပါတယ်။ သို့သော်လည်း လမ်းမှားကာ အမှိုက်ပုံကြီးနဲ့ အတော်လှမ်းတဲ့ သစ်ပင်ခြုံတွေကြားထဲမှာ တဲထိုးနေကြတဲ့ မြန်မာတွေကို ကျနော်တွေ့သွားပြီး ဆိုင်ကယ်ရပ်ကာ ဆင်းမေးပါတော့သည်။ မြန်မာတဲတွေ သုံးလုံးလောက်ရှိမည် ထင်ပါတယ် ကျနော် တဲနားမရောက်ခင် ပေ ၁၀၀ လောက်အလိုမှာပဲ တဲထဲမှာ ရှိနေသူတွေ ကျနော့ကိုတွေ့သွားပြီး အလန့်တကြား တဲပေါ်မှ တောစပ် သစ်ပင်တွေထဲကို ထွက်ပြေးသွားကြပါတော့တယ်။ ကျနော် ရှင်းပြဖို့တောင် အချိန်မရလိုက်ပါ ကျနော့ကို ထိုင်း သောမော(Immigration) လို့ထင်ပြီး ပြေးကြခြင်းဖြစ်ပါတော့သည်။ ကျနော် ရှေ့ဆက်တိုးပြီး လိုက်ခေါ်လျှင် ပိုမိုကြောက်လန့် ထွက်ပြေးကာ ဒုက္ခရောက်မည် ဆိုးသဖြင့် စိတ်မကောင်းဖြစ်စွာနဲ့ပဲ ပြန်လှည့်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဆိုင်ကယ်ဆက်ထွက်ခဲ့ရာ နောက်တနေရာတွင် အလားတူ တဲသုံးလုံးလောက်ကို ကျနော်တွေ့လို့ ဆိုင်ကယ်ရပ်ပြီး ဆင်းမေးရာ ကျနော်မရောက်ခင်မှာပင် တဲပေါ်မှ လူတွေ ဆင်းပြေးတာကို တွေ့လိုက်ရပါတယ် တဲပေါ်မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးရယ် တဲရှေ့မှာ ကလေး နှစ်ယောက်ရယ်ကို တွေ့လိုက်ရပါတယ် ကျနော်လဲ ခပ်လှမ်းလှမ်းမှရပ်က ကျနော် မြန်မာလူမျိုးဖြစ်ကြောင်း အော်ပြောပြီးမှ တဲရှိရာကိုသွားရောက်ကာ အမှိုက်ပုံကြီး ရှိတဲ့နေရာကို မေးမြန်းခဲ့ပါတယ် ကျနော်အော်ပြောသော အသံကိုကြားရ၍ တဲပေါ်မှ ဆင်းပြေးသွားကြသူတွေလဲ တဲပေါ်ပြန်လာကြသည်။

ဒီလိုနဲ့ အမှိုက်ပုံကြီးရှိတဲ့နေရာကို ရောက်ခဲ့ပြီး အမှိုက်ပုံကြီး အဝင်လမ်းမှာ အမှိုက်ပုံကြီးကို မှိခိုစားသောက်နေကြတဲ့ သူတွေရဲ့ ကလေးတွေရယ် အမှိုက်ကောက်နေကြတဲ့ ကလေးတွေကို ပညာသင်ကြားပေးတေဲ့ ကောင်းကင်ပြာ ဆိုတဲ့ ကျောင်းကလေးကိုလည်းတွေ့ခဲ့ရပါတယ်။ မွဲခြောက်ခြောက် ကျောင်းလေးကို အပြင်ကပဲ လှမ်းကြည့်မိလိုက်ပါတယ်။ ကျနော့်ဘဝမှာ တခါမှ ဒီလောက်ကြီးတဲ့ အမှိုက်ပုံကြီးကို မတွေ့ဘူးပါဘူး အမှိုက်ပုံကြီးဘေးမှာလည်း အစိမ်းပုတ်ရောင်ထနေတဲ့ ရေပုတ်ကန်ကြီးလည်းရှိပါတယ်။ အမှိုက်ပုံ လမ်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အနံ့သက်ကလည်းဆိုး ယင်ကောင်တွေကလည်း ထူပေါ်ချက်က ကမ်းကုန် မျက်စိမှတ်ပြီး လက်တဖက်နဲ့ ဖမ်းဆုပ်လိုက်မယ်ဆိုရင်တောင် ဆယ်ကောင်လောက် အသာလေးဖမ်းနိုင်လောက်တယ်။ ကျနော်ကတော့ မျက်စိရှေ့က ယင်ကောင်တွေကို လက်နဲ့ခါရမ်းပြီး အမှိုက်ကောက်နေကြတဲ့ လူတွေစီကို သွားနေပါတယ် ဘေးက အတူပါလာတဲ့ သူငယ်ချင်းကတော့ သူ့ရဲ့ နှုတ်ခမ်းထူထူလေးပေါ်မှာ ယင်ကောင် နားသွားလို့ဆိုပြီး တထွီ ထွီနဲ့ ထွီနေတာကို ကျနော်က ကျနော့်ပါးစပ်ထဲ ယင်ကောင်ဝင်မှာဆိုးလို့ ပါးစပ်ကို လက်ဝါးနဲ့အုပ်ကာ သူငယ်ချင်းကို ကြည့်ပြီး ရယ်နေရင်းနဲ့ပဲ ဆက်လျှောက်နေပါတယ်။


ခပ်လှမ်းလှမ်းကနေ မြင်နေရတာကတော့ မြန်မာတွေ အလုအယက် အမှိုက်ပုံပေါ်မှာ လူကြီး လူငယ် ယောက်ကျား မိန်မတွေ အမှိုက်ကောက်နေတာကို တွေ့ရပါတယ်။ ကျနော်နဲ့ သူငယ်ချင်းလဲ အနီးနားအရောက်သွားပြီး အမှိုက်ကောက်နေကြတာကို သေသေချာချာကြည့်နေမိပါတယ် ။ အနီးက ကောင်းကင်ပြာ ကျောင်းက ကလေးတွေလဲ ညနေစောင်းမို့ ကျောင်းဆင်းပြီး မိဘတွေနဲ့ အတူ တပိုင်တနိုင် အမှိုက်ဝိုင်းကောက်နေတာကို တွေ့ရပါတယ်။ လသားအရွယ်ကလေးတွေလဲ အမှိုက်ပုံဘေးမှာ ယင်ကောင်တွေ အလောင်းလောင်းထဲ ဘောင်းဘီ မပါပဲ ထိုင်လျက်တမျိုး လေးဘက်သွားနေတာ တမျိုးကိုလဲ စိတ်မကောင်းစရာ တွေ့လိုက်ရလို့ ပိုပြီးစိတ်မကောင်းဖြစ်မိရပါတယ်။


ဒီလောက်အနံ့သက်ဆိုးလှတဲ့ အမှိုက်ပေါ်မှာ အမှိုက်ကောက် အသက်မွေးနေရင်း နေစရာမရှိလို့ အမှိုက်ပုံဘေးမှာပဲ အမှိုက်ပုံထဲကရတဲ့ ပိတ်စ ဆောင်စုပ်တွေနဲ့ အမှိုက်ပုံပေါ်မှာ အမှိုက်ပုံဘေးမှာ ယင်ကောင် လောင်းလောင်းနဲ့ နေထိုင်နေရတဲ့ ကျနော်တို့ အမျိုး သာဂီနွယ် မြေပေါ်မြေအောက် သံယံဇာတ အပြည့်မောက်ရှိတဲ့ မြန်မာနိုင်ငံက ရွှေမြန်မာတွေဘဝဟာ ရင်နာစရာ အတော်ကောင်းလှပါတယ်။ အမှိုက်ကောက်နေတြတဲ့ လူငယ်တွေကိုကြည့်လိုက်တော့ အဝတ်စားတွေက ညစ်ထေးနေပေမယ့် လူချော လူရည်သန့်လေးတွေပါ။

ဒီလိုနဲ့ အမှိုက်ကောင်နေတဲ့သူတွေကို ကြည့်နေတုန်း အမှိုက်ကားတစီးဟာ အမှိုက်သွန်ဖို့ နောက်ပြန်မောင်းဝင်လာပါတယ် အမှိုက်သွန်ရမည့်နေရာကိုရောက်တော့ ကားပေါ်က အမှိုက်တွေကို သွန်ချလိုက်တော့ အလုယက်ပဲ သုံးပေလောက်ရှိမယ့် တုတ်ချောင်းရှေ့မှာ တံဇဉ်ကိုချိတ်ချည်းပြီး အမှိုက်တွေကို တူးစွကာ ပလပ်စတစ်အိပ်၊ သံဘူးခွံ ရေဘူးခွံ ပုလင်းမျိုးစုံကို ကောက်ယူပြီး ပုခုံးနဲ့ လွယ်သိုင်းထားတဲ့ အိပ်ထဲကိုထည့်နေကြတာကို ကြည့်နေရင်း ထိုင်နိုင်ငံရောက် ရွှေမြန်မာတွေဘဝကို မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ မြင်စေချင်လှပါတယ်။ သူတို့ဘဝမှာ ဒေါ်လာတွေစုဖို့လဲ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ အိမ်တွေ ခြံတွေ ဝယ်ဖို့လဲမဟုတ်ပါဘူး၊ မြန်မာပြည်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ထမင်းစားဖို့ တနေ့ဝင်ငွေလေးတောင် ရှာနိုင်ဖို့ အစဉ်မပြေလို့ နယ်စပ်ကိုဖြတ်ကျော် တိုင်းတပါးမှာ အမှိုက်ကောက်စားနေရတာပါ။ သူတို့ အမှိုက်ကောက်စားရတာ တနေ့ကို ဘတ် ၇၀/၈၀ လောက် မြန်မာငွေ ၂ဝဝဝ လောက်ရကြပြီး အသက်ရှင်ရပ်တည်နေရတာပါ။

ထူးထူးဆန်းဆန်း အမှိုက်ပုံဘေးမှာ ဂုန်နီအိပ်အစုတ်တွေ၊ မိုးကာစ အစုတ်တွေ၊ အဝတ်စုတ်တွေနဲ့ ကာရံထားတဲ့ တဲစုတ်လေးထဲမှာ လက်ဘက်ရည်ဆိုင်လေး ဖွင့်ထားတာကိုလဲ တွေ့လိုက်ရပါတယ်။ လက်ဘက်ရည်ဆိုတာကတော့ တပေလောက်ရှိမယ့် ဓါတ်ဘူးဟောင်းတဘူးထဲမှာ ကြိုတင် ဖျော်ထည့်ထားတာပါ လူထိုင်ခုံ သုံးခုံလောက်ရှိမယ်ထင်ပါတယ်။ မေးကြည့်တော့ တခွပ်ကို နှစ်ဘတ်လား သုံးဘတ်လား သေချာတော့ မမှတ်မိတော့ပါ။ အမှိုက်ကောက်ရင်း အမောပြေ သောက်တဲ့နေရာလေးပေါ့။

အမှိုက်ပုံဘေးက အဝတ်စုတ်ပုံလေးရဲ့ဘေးမှာ လေးဘက်သွားရွယ် ကလေးလေးတယောက် ယင်ကောင်တွေ တလောင်းလောင်းကြားထဲမှာ ထိုင်နေတာကို ကျနော်တွေ့လိုက်ရတော့ ချစ်စရာလေးပါ ဖြူဖြူဖွေးဖွေးလေး ကျနော် ကင်မရာ ရိုက်နေတာကိုကြည့်ပြီး အနားကပ်လာကာ သူ့ကိုချီဖို့ လက်ကလေးပေးရှာပါတယ်။ ကျနော်လည်း ခဏလောက်ပွေ့ချီလိုက်ပါတယ်။ ချစ်စရာကလေးလေး ရင်ထဲမချိအောင် ခံစားမိပြီး မျက်ရည်ဝဲမိတယ်။


နောက်တနေရာမှာ ငါးနှစ်အရွယ်ခန့်အမဖြစ်သူက ထိုင်နေတဲ့ လသားအရွယ် သူ့မောင်လေးကို မုန့်လက်ဆောင်း ခွန့်တိုက်နေတာကို တွေ့လိုက်ရတယ်၊ ဖြူဖြူဖွေးဖွေး ချစ်စရာ ကလေးလေး အောက်က ဘောင်းဘီမပါ ပေလူးညစ်ထေးနေပေမယ့် တကယ့်ချစ်စရာ မျက်နှာလေးနဲ့ပါ၊ အမဖြစ်သူက သူတဇွန်းသောက်လိုက် သူ့မောင်လေးကို တဇွန်းတိုက်လိုက်နဲ့ပေါ။့ သူ့မောင်လေးကို တဇွန်းတိုက်လိုက်တိုင်း မောင်းလေးက ပျော်လွန်းလို့ သူ့လက်ဝါးလေးနှစ်ဘက်ကို တီးနေတာ ကြည်နူးစရာတော့ မဟုတ်ပါဘူး တကယ့်ရင်နာစရာမြင်ကွင်းတခုပါပဲလေ။ သူတို့အတွက်တော့ အကောင်းဆုံး သွားရည်စာလို့ ပြောရမလားပါပဲ၊ နောက်တခါ ပြန်ရောက်ရင် သူ့တို့ကို တက်နိုင်သလောက်လှူဘို့ သေချာပြင်ထားပါတယ်။ မကြာခင် ကျနော် ထိုင်းကို ထပ်သွားရအုံးမယ်လေ။


ကျော်စွာလင်း (ရိုးမ)

၀၈.၁၀.၂၀၁၀



14.10.10

ချစ်လဝန်း


ချစ်လဝန်း

ကျောခိုင်းပုန်းတော့မယ်ဆိုရင်လည်း
အပြုံးလေးတချက်နဲ့
နှုတ်ဆက်အနမ်းကလေးပေးခဲ့ပါ
အသဲထက် အက္ခရာလေး တင်ထားပါရစေ ။

အကြည့်ကလေးတချက်နဲ့
နှုတ်ဆက်လို့ထွက်ခွာ
ဝိုးတဝါးနဲ့ ရှောင်ခွာသွားသူရယ်
အမုန်းတွေနဲ့တော့ မထားခဲ့ပါနဲ့ ။

အသဲခိုက်အောင် ကြင်နာရသူမို့
နာကျင်တာတွေ လက်ဆောင်မပေးလိုက်ပါနဲ့
ငိုရှိုက်သူသဲခြေပျက်ရင်း
လွမ်းရက်ရှည်ညတွေနဲ့ ဝေးပါရစေကွယ် ။

မျှော်လင့်တောင်းတရင်း
အထီးကျန်ခြင်း ညနက်တွေရဲ့
အမှောင်ကမ္ဘာ အိမ်မက်ထဲမှာ
ပြတင်းတံခါးလေး တချက်ကိုဖွင့်ကာဖြင့်
ကောင်းကင်ပြာလေးကိုမော့ကြည့်ရင်း
ညှို့မျက်ဝန်းရှင်
လဝန်းသခင်မလေးကိုမှ
အကျွန် လွမ်းမိရပါသည် ။


ကျော်စွာလင်း ( ရိုးမ )
၁၂.၁ဝ.၂ဝ၁ဝ


28.9.10

အာစီယံက မြန်မာ ဘာနိုင်ငံအမျိုးစားလဲ

ကျနော်ဟာ ကလေးများ အကြောင်းကို စာရေးချင်နေတာကြာပါပြီ ၊ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူး၊ စာရေးဆရာမ ခိုင်မာကျော်ဇော ရဲ့ နယ်စပ်လမ်းက ပန်းကလေးများ စာအုပ်ကို ဖတ်ပြီး မျက်ရည်ကျခဲ့မိတယ်၊ နောက်ပြီး ရွက်မွန်ဘလော့က လမ်းမပေါ်မှ ကလေးများ အကြောင်းဖတ်ပြီးတော့လည်း စိတ်တော်တော် ထိခိုက်မိတယ်၊ အရင်တုန်းကလည်း ကလောင်နံမည် အစုံနဲ့ တခြားစောင်းပါးတွေရေးပြီး ဖြန့်ခဲ့ဘူးပါတယ်၊ ကလေးတွေ အကြောင်း စဉ်းစားရင်း ပြောစရာတွေ ရေးစရာတွေ များလွန်းလို့ ဘယ်ကနေစရေးပြီး ဘယ်မှာ အဆုံးသတ်ကမည်တောင် မသိတော့ပါ။ အပိုင်းစ တချို့ အာရုံထဲ လက်တလော ပေါ်လာတာလေးတွေကိုပဲ အရင်ရေးလိုက်ပါတော့မယ်။

သူတောင်းစား အင်မတန်ပေါလို့ သူတောင်းစားနိုင်ငံလို့ပြောရင် စိတ်ဆိုးမဲ့သူတွေရှိရင်လည်း စိတ်ဆိုးလိုက်ပါလို့ပဲ ပြောပါရစေ။ ကျနော်ငယ်ငယ်ထဲကနေ ယနေ့ အချိန်ထိ လမ်းမတွေပေါ်မှာ ရှောင်မလွဲ ပေါများချက်ကတော့ သူတောင်းစားတွေပါ ၊ ကျနော်တို့ ပဲခူးမြို့မှာဆို တန်ခူးလ ဘုရားပွဲလုပ်တိုင်း လမ်းဘေးမှာ အစီအရီနဲ့ ကလေးသူတောင်းစား ၊ ဒုက္ခိတသူတောင်းစားတွေ သက်ကြီးရွယ်အို သူတောင်းစားတွေ အလွန်ပေါလှပါတယ်။ ပုံမှန်အားဖြင့်တော့ ဘူတာရုံရှေ့မှာ ၊ ရုပ်ရှင်ရုံရှေ့မှာ ၊ ဈေးတံတားထိပ်မှာ ၊ ဘုရားဆောင်းတန်းတွေမှာ ၊ ရပ်ကွပ်တွေထဲမှာ တောင်းစားရင်း ထမင်းကျန် ဟင်းကျန်တွေ တောင်းစားနေတဲ့ သူတောင်းစားတွေလဲ ပေါလှပါတယ်။၊ ဒါကတော့ နိုင်ငံတဝှမ်းလုံးမှာ ရှိနေကြတာပါ။ ကျောင်းတက်ရမည့် ကလေး အရွယ်တွေ လမ်းဘေးမှာ သူတောင်းစားဖြစ်သူဖြစ် ၊ အရွယ်နှင့်မမျှအောင် ကားဂိတ်တွေမှာ ဘူတာတွေမှာ ချိုချင်ရောင်း ဆေးလိပ်ရောင်း လမ်းဘေးမှာ ဟင်းရွက်စိမ်းရောင်းသူရောင်း ဈေးတွေထဲ ကုန်ထမ်းသူထမ်း ပလပ်စတစ်ကောက်သူကောက်နဲ့ မြင်ကွင်းကတော့ စုံလင်လှပါတယ်။ ရန်ကုန်မြို့တော်ရောက်တော့လဲ ဒီလိုမြင်ကွင်းတွေ ပိုလို့တောင် မြင်ရပါသေးတယ်။ ကျနော့်လို ဘဝသမား သူငယ်ချင်းတွေထဲမှာလဲ ကလေးဘဝတုန်းကပေါ့ ၄ တန်း ၅ တန်း ၆ တန်း ၇ တန်း ၈ တန်း လောက်မှာ မိဘတွေ အစဉ်မပြေကြလို့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲကြရတဲ့ သူငယ်ချင်းတွေ ဒီအချိန်ထိ မျက်လုံးထဲ မြင်ရောင်နေတုန်းပါပဲ၊ ကျနော်လည်း အစဉ်ပြေလို့တော့ မဟုတ်ပါ လိမ်ဖယ်လိမ်ဖယ်နဲ့ ကျနော့်မြို့မှာ ဆယ်တန်းအောင်တဲ့အထိ ကျောင်းတက်ခဲ့ပါတယ်။


မြေပေါ်မြေအောက် သယံဇာတ အပြည့်မောက်ရှိတဲ့ ကျနော်နိုင်ငံဟာ ကျနော်တို့ မမွေးခင်တုန်းက အာရှမှာ ချမ်းသာကြွယ်ဝခဲ့တယ် တချိန်မှာ အာရှရဲ့ စံပြနိုင်ငံတနိုင်ငံ ဖြစ်လိမ့်မယ်လို့ ပြောဆိုထင်ကြေးပေးခံခဲ့ရတဲ့ နိုင်ငံဆိုတာ စာပေလေ့လာသူတိုင်း သမိုင်းသိတဲ့သူတိုင်း သိကြပါတယ်။ ဒီနေ့ဒီအချိန်မှာ မြန်မာပြည်ဟာ ဘယ်အခြေနေရောက်နေလဲ ၊ ပြည်သူတွေရဲ့ ဘဝရပ်တည်မှု အခြေနေတွေ ဘယ်လိုပုံစံတွေ ဖြစ်နေလဲဆိုတာ ပြောပြစရာတောင် လိုမယ်မထင်ပါဘူး၊ လမ်းတွေဖေါက်ပြီး တံတားတွေ ဆောက်ပေးရုံနဲ့ တိုင်းပြည်တိုးတက်တယ်လို့ပြောလို့ရပါသလား၊ အခြခံလူတန်းစား ပြည်သူတွေရဲ့ ဘဝအခြေနေတွေ ဘာတွေတိုးတက်ခဲ့ပါသလဲ ၊ တိုင်းပြည့်ရဲ့ ရေနံ၊ ဂါတ်စ်၊ ကျွန်းသစ်တွေ၊ ကျောက်မျက်ရတနာတွေကို၊ ဆန်၊ ပဲ အစရှိတဲ့ သယံဇာတ အရင်းမြစ်တွေကို နိုင်ငံခြားကို ရောင်းစား တိုင်းပြည်ဘဏ္ဌာငွေရဲ့ တဝက်ကျော်ကို စစ်စရိပ်အတွက် သုံးဆွဲရင်း စီးပွားရေးအားလုံးကို စစ်တပ်အသိုင်းဝိုင်း လပ်ဝါးကြီးအုပ်နေပြီး စက်မှုနည်းပညာ ကုန်ထုပ်လုပ်ဘို့ တိုးတက်ဖို့ရော ဘာတွေများ အားပေးထားပါသလဲ၊ တိုင်းပြည်က ဂါတ်စ်တွေ၊ ရေနံတွေ၊ ရေအားလျှပ်စစ်တွေကို တရုပ်ပြည်၊ ကုလားပြည် နဲ့ ထိုင်းကို ရောင်းစားရင်း ပြည်သူတွေကိုတောင် ယနေ့အထိ မီးမှန်မှန်လာအောင် မလုပ်ပေးနိုင်ပဲနဲ့ ဘယ်လိုစက်မှုနိုင်ငံကို ထူထောင်မလဲ မပြောတတ်တော့ပါ၊ နိုင်ငံခြားက ကားအသစ် သုံးစီးတန်ဘိုးလောက်က မြန်မာပြည်က ကားအဟောင်း တစီးတန်ဘိုးလောက်ပဲ ရှိတယ်၊ အကြောင်းကတော့ ကားဈေးထက် လိုင်စင်ပါမစ်ရဘို့ အတွက် ပိုင်ရာဆိုင်ရာ စစ်ဗိုလ်တွေကို ပေးနေရလို့ဆိုတာ လူတိုင်းသိတယ်၊ တယ်လီဖုန်းလိုင်းတွေ ဆိုလဲ အတူတူပါပဲ ဈေးတွေ စွတ်တင်ထား ပေးရကမ်းရနဲ့ သူတောင်းစား အကြီးစားတွေကိုပေါ့ဗျာ အားလုံးသိကြပါတယ်၊ နအဖ လူကြီးတွေကိုယ်တိုင် ဝေစားမျှစား လုပ်နေကြတာပါလို့ပြောရင် စာရေးသူ လွန်မလား စာဖတ်သူတွေပဲ စဉ်းစားကြပေါ့ဗျာ။ ဌာနဆိုင်ရာတွေမှာလဲ ငွေပေးမှ အစဉ်ပြေရ ပေါ်တင်တမျိုး နောက်ကွယ်တမျိုး ရိုးရိုးတောင်းတာတမျိုး ဈေးညှိတောင်းတာ တမျိုး ခြိမ်းချောက်ပြီးတောင်းကြတာတမျိုး အိမ်အပြန် လေဆိပ်အဝင်မှာတောင်းတာတမျိုး ကိုယ့်တိုင်းပြည်မှာ အလုပ်ကိုင် အစဉ်မပြေလို့ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်ကိုင်ရဖို့ နေထိုင်ခွင့်ရဖို့ အောက်ကျခံပြီးတောင်းနေရ အမျိုးမျိုး ပြောပြန်ရင်လည်း ကုန်မည်မဟုတ်တော့ပါ၊ လမ်းကြောင်းပျောက်တော့မယ် ကလေး သူတောင်းစား အကြောင်းဆက်ရေးလိုက်အုံးမည်။

နအဖ အစိုးရရဲ့ စစ်သားတွေ တောတောင်တွေထဲမှာရှိတဲ့ တိုင်းရင်းသူတွေကို မုဒိန်းကျင့် လူသတ် ရွာမိးနဲ့ရှို့နဲ့ လုပ်ရပ်တွေကတော့ ကမ္ဘာသိပါဘဲ မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေ နယ်စပ်လမ်းဘေးမှာ သူတောင်းစား ဖြစ်သွားရတာတွေကတော့ ပြောလဲကုန်မည်မဟုတ်၊ ပြည်တွင်းမှာ လုပ်စားကိုင်စားရတာ အစဉ်မပြေလို့ ထိုင်းနယ်စပ်ကိုရောက်လာပြီး ထိုင်းလူမျိုးတွေစီမှာ အနှိမ်ခံပြီး အလုပ်လုပ်ရ အိမ်ဖေါ်အဖြစ်နဲ့လည်း အလုပ်လုပ်ရပေါ့၊ တချို့ မိန်းကလေးတွေဆို နယ်အသီးသီးက နေပြီးတော့ တရုပ်ပြည်မှာ အလုပ်ရမည်ထင်ပြီး လိုက်သွားရကနေ အရောင်းစားခံရ တရုပ်အဖိုးကြီးတွေစီမှာ မယားအဖြစ်နဲ့ ပေါင်းသင်းနေရ ၊ ဖာအဖြစ်နဲ့လည်း အရောင်းစားခံရ ၊ ဒါတင်ပဲလား မဟုတ်ပါဘူး၊ ထိုင်းနိုင်ငံမှာဆိုလဲ စီးပွားရေး အစဉ်မပြေရာက အရောင်းစားခံရပြီး ဖာဖြစ်သွားတဲ့ ကျနော်တို့ ရွှေမြန်မာ မိန်းကလေးတွေ ဒုနဲ့ဒေး ထိုင်းလူမျိုးတွေရဲ့ မုဒိန်းကျင့်ခံရတာလဲမနည်းလှပါ ၊ မလေးရှားမှာဆိုလဲ ရွှေမြန်မာ မရွှေဖာ ဖြစ်နေတဲ့ မိန်းကလေးတွေရှိပါ့ဗျာ၊ မလေးရှားမှာ အလုပ်သွားလုပ်ရင်း မလေးကုလားတွေရဲ့ မုဒိန်းကျင့်ခံရတာလဲ ခဏခဏကြားနေရ ရဲတွေကလည်း အစစ်ပါသေးဗျာ၊ ကလေး သူတောင်းစားတွေပါ အရောင်းစားခံပြီးရောက်နေကြနဲ့ ဘယ်သူကမှ မိဝေး ဖဝေးနဲ့ နိုင်ငံခြားသွားချင်ကြမှာ မဟုတ်ပါဘူး။ စင်္ကပူမှာလား တရားဝင် လိုင်စင်နဲ့ တမျိုး ၊ တိတ်တိတ်ပုံး တမျိုး၊ အိန္ဒိယ နယ်စပ်ဘက်မှာလား မယုံရင် သွားကြည့်ပါတဲ့ဗျာ၊ မြန်မာပြည်မှာ ခေတ်စားနေတဲ့ ကိုရီးယားနိုင်ငံမှာလား ၊ မြန်မာပြည်က ရွှေမြန်မာ အပျိုစင်လေးတွေ ကိုရီးယား အိုနာကျိုးကန်းတွေစီမှာ ဘဝတွေ ရောင်းစားနေကြပြီ မယုံမရှိလေနှင့် ကိုယ်တွေ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားတချို့ကို မှတ်မိနေမိတယ် “ကျုပ်သာမရှိရင် ဒီနိုင်ငံဟာ ဖာနိုင်ငံကြီး ဖြစ်လိမ့်မယ်” လို့ ပြောဘူးတယ်။ ကဲ ကျနော်က ဗိုလ်ချုပ်ခင်ဗျာ ဗိုလ်ချုပ်တည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီး တိုင်းပြည်ကို လက်နက်အားကိုး ကိုယ်ကျိုးအတွက် မတရားအုပ်ချုပ်နေတာ ယနေ့ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ အာစီယံ ဖာနိုင်ငံဖြစ်နေပြီလို့ ကျနော်ပြောပြန်ရင်လည်း လွန်ရာကျအုံးမည် မထင်ပါ။

မြန်မာ သူတောင်းစား အကြောင်းပြောပြရင်တော့ ရင်အတော်နာရလွန်းလို့ ရင်ဘက်ကို ဓါးနှောက်နဲ့ထုပြီး အော်ငိုလိုက်ချင်တယ်။ ကျနော်ရန်ကုန်ကိုရောက်တဲ့နေ့မှာလဲ သူငယ်ချင်းတွေနဲ့ ကြေးအိုးဝယ်စားနေတဲ့အချိန် ဆိုင်အပြင်မှာ ကလေးတွေ (၇)နှစ် (၈)နှစ် အရွယ် လောက်ရှိမယ် (၃) ယောက် ဗါဒန်ပင်အောင်မှာ ဆိုင်ထဲကို လှမ်းကြည့်နေကြတယ် ထမင်းအရမ်းစာနေတဲ့ပုံပါပဲ ကျနော်က ဝယ်ကြွေးချင်ပေမယ့်လည်း ရန်ကုန်သား သူငယ်ချင်းတွေ ဒါတွေရန်ကုန်မှာ ရိုးနေပါပြီကွာဆိုပြီး တားတာနဲ့ ကျနော်လည်း ဒီအတိုင်းကြည့်နေမိတယ် ၊ ခဏကြာတော့ ဆိုင်ထဲက ဝိတ်တာ တယောက်က ကြေးအိုးစားကြွင်းစားကျန်တွေက ဇကာထဲမှာစစ် အပြင်ကိုယူသွားရင်း ဗါဒန်ပင်အောက်မှာ ဗါဒန်အရွက်တွေခင်းပြီး သွန်ချလိုက်တော့ ကလေးငယ် သုံးရောက် ဝိုင်းထိုင်ကာ အားပါးတရစားသောက်နေတာကြည့်ပြီး ရင်ထဲမှာ အတော်ထိသွားတယ် ၊ နောက်တနေ့ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားအကြည့် ရွှေမန်းရုပ်ရှင်ရုံဘေးမှာ (၁၀) နှစ်အရွယ် ကလေးမလေးတယောက် မိုးရေထဲမှာ ဆံပင်စုပ်ဖွားနဲ့ တုန်တုန်ရီရီ အသံလေးနှင့် ဦးဦးရယ် သမီး ထမင်းမစားရသေးလို့ မုန့်ဖိုးလေး နဲနဲလောက် ပေးခဲ့ပါတဲ့ မိုးရေတွေနဲ့မျက်ရည်တွေရောပြီး လက်အုပ်လေးချီ အသနားခံပြီး ချမ်းနေလို့ မေးရိုးနဲ့သွားလေးတွေ တဂတ်ဂတ်ရိုက်နေတဲ့အသံ ကျနော်ဒီအချိန်ထိ ကြားရောင်နေတုန်းပါပဲ ကျနော်လဲ ရှိသမျှ ပိုက်ဆံတွေ အကုန်ထုပ်ပေးပြီး သူငယ်ချင်းဆီကနေ ပြန်ချေးကာ တည်းနေတဲ့နေရာကို ပြန်ခဲ့ပါတော့တယ်။ ကျနော်နေတဲ့ မြို့ ရပ်ကွပ်ထဲမှာ ထမင်းစာလို့ လိုက်တောင်းစားနေတဲ့ သက်ကြီးရွယ်အိုတွေ အိမ်ရှေ့မှာ ထမင်းဆာလို့ မူးလဲတာတွေလဲ ရပ်ကွပ်ထဲမှာ မူးလဲနေတာ တွေ ခဏခဏကြုံဘူးတယ် ကျနော်ကိုယ်တိုင် အိမ်ကရှိတဲ့ ထမင်းဟင်းတွေ ယူပြီးကြွေးခဲ့ဘူးပါတယ်။

နအဖ ရဲ့ တိုးတက်နေပါတယ်ဆိုတဲ့ အုပ်ချုပ်မှုစနစ်ကြောင့် လက်လုပ် လက်စားတွေ ထိုင်းမြန်မာ နယ်စပ်ကို ရောက်လာ နယ်စပ်ရှိ ထိုင်းလူမျိုးတွေဆီမှာ လယ်တွေကိုင်းတွေထဲမှာ အလုပ်လုပ် စက်ရုံတွေထဲမှာ အလုပ်လုပ် အနှိမ်ခံဘဝနဲ့ပဲ အသက်ခံလိုက်ရတဲ့သူတွေ မုဒိန်းကျင့်ခံရသူတွေ မနည်းပါ။ ရင်နာစရာ အကြောင်းတွေ အများကြီးထဲက တခုလောက်တော့ ပြောပြချင်တယ် ပြီးခဲ့တဲ့နှစ်က ဖူးခတ်မြို့မှာ တရားမဝင်နေထိုင်မှုနဲ့ ထိုင်းရဲတွေလိုက်ဖမ်းလို့ ပြေးရင်းလွှားရင်း ချောင်းထဲ ပြုတ်ကျတဲ့ မိန်းကလေး တယောက်ကို ရဲတွေက မကယ်တဲ့အပြင် ဆဲဆိုပြီး ကမ်းပေါ်ကနေ ခဲနဲ့ဝိုင်းပြစ်လို့ ရေနစ်သေဆုံးခဲ့ရတဲ့ အဖြစ်တွေ ဒီလို အကြောင်းရာတွေကတော့ ပြောပြမယ်ဆို ပြောမကုန်နိုင်တော့ပါ။

ထိုင်းမြန်မာနယ်စပ် မဲဆော့ မြို့ကလေးကို မြဝတီမြို့ကလေး မှ ကျော်ဖြတ်ပြီး လာရောက်တောင်းစားနေတဲ့ မြန်မာ သူတောင်းစားတွေ ကလေး လူကြီး တွေ တပ်မတော်က စစ်မှုထမ်းဟောင်း ဒုက္ခိတ တွေအလွန်ပေါများကြပါတယ်။ နောက်ပြီးတော့ ကျနော်ကိုယ်တိုင် ဘန်ကောက်မြို့ကိုရောက်တုန်းက ကိုယ်တွေ့ အဖြစ်ပျက်လေးတွေ အများကြီးထဲက တချို့ကို ပြောပြချင်ပါသေးတေယ်။ ကျနော် ဘန်ကောက်မြို့ကိုရောက်တော့ ပတ်တူနမ်း နားက တည်းခိုခန်း တခုမှာ ခဏတည်းနေတုန်းက Central World Shopping Mall ကိုသွားလယ်လိုက် အဲ့ဒီအနားက စားသောက်ဆိုင်တွေမှာ ခဏကြုံတုန်း တွေ့ရတဲ့ သူငယ်ချင်းတွေနဲ့ ညနေခင်း ဘီယာသွားသောက်ရင်း အာလူးဖုတ်ကြနဲ့ပေါ့ဗျာ။ တရက်ကျနော်နဲ့ သူငယ်ချင်းနှစ်ယောက် နေ့ခင်းဘက် Central World Shopping Mall ကိုသွားလည်ကြရင်း mall ထဲက ရေငန်သီးတွေ တွေ့တာနဲ့ ဝယ်ခဲ့ရင်း mall ရဲ့အောက် လူထိုင်တန်းလေးတွေမှာ နှစ်ယောက်ထိုင်ရင်း စားနေတုန်း ရှစ်နှစ်အရွယ် ကလေးတယောက် ပလပ်စတစ်ခြင်းလေးဆွဲရင်း ခြင်းထဲက သကြားလုံး သုံးလုံးစီ ထည့်ထားအထုပ်လေးတွေကို တခု (၁၀)ဘတ်နဲ့ ထိုင်းလိုလာပြောပြီး ရောင်းနေပါတယ်၊ ထိုင်းစကား မတတ်တဲ့ကျနော်က သူငယ်ချင်းကိုမေးကြည့်တော့ သကြားလုံးတထုပ် (၁၀)ဘတ်နဲ့ ဝယ်ယူရန်ပြောနေကြောင်း ရှင်းပြတော့ ကျနော်လဲ ဘတ် ၂၀ တန် နှစ်ရွက် ထုတ်ပေးကာ သကြားလုံးတထုပ် ပဲယူလိုက်ပါတယ်။ ကလေးက ကျေးဇူးတင်ပါတယ်လို့ ထိုင်းလိုပြောပြီး လှည့်အထွက်မှာ ကျနော့်စိတ်ထဲ အတွေးတခုဝင်လာပြီး ကလေးကို လှမ်းခေါ်ကာ
“သား မြန်မာလူမျိုးလား မြန်မာစကားပြောတတ်လား” လို့ ပြောလိုက်တော့ ကလေးက ကြောင်အမ်းအမ်းနဲ့ ကျနော့ကို စိုက်ကြည့်နေပါတယ် ကျနော်လည်း
“သား ဦးဦး မြန်မာလိုပြောနေတယ်လေ သားမြန်မာလူမျိုး မဟုတ်လား” လို့ထပ်မေးတော့မှ ကလေးက
“ဟုတ်ကဲ့ ဦးဦး သားမြန်မာလူမျိုးပါ ”တဲ့ ကျနော်လည်း
“သားဒီကိုရောက်တာကြာပြီလား ဖေဖေနဲ့ မေမေရော ရှိလား ဘာတွေလုပ်ကြလဲ” လို့ တခါတည်းမေးလိုက်တော့ ကလေးက
“ဟုတ်ကဲ့ ဦးဦး သားဒီကိုရောက်တာ တနှစ်လောက်ရှိနေပြီ မေမေက ထမင်းဆိုင်တခုမှာ ပန်ကန်ဆေးတယ် ဖေဖေက အဝေးကြီးမှာ ပန်းရံ လုပ်တယ်လို့” ဖြေလိုက်ပြီး ကျနော်တို့ သူငယ်ချင်းနှစ်ယောက် စားနေတဲ့ ရေငန်သီးတွေကို စိုက်ကြည့်ပြီး ပါးစပ်လေး တပြင်ပြင်နဲ့ စားချင်နေတဲ့ပုံနဲ့ ကျနော်လဲ
“သား ရေငန်သီးစားမလားလို့ ” မေးလိုက်တော့
“ဟုတ်ကဲ့ သားစားချင်တယ် သားမြန်မာပြည်မှာ ရှိနေတုန်းက အများကြီး စားဘူးတယ်” လို့ပြန်ပြောတော့ ကျနော်လည်း
“သား ဒါဆိုလဲ အကုန်ယူသွား” ဆိုပြီး ပြောပြော ဆိုဆိုနဲ့ သူ့ရဲ့ သကြားလုံး ခြင်းလေးထဲကို အကုန်ထည့်ပေးလိုက်ပါတော့တယ် ၊ ကလေးလဲ “ကျေးဇူးပါ ဦးဦး” လို့ပြောပြီး ထွက်သွားကာ ခြင်းထဲမှ ရေငန်သီး အမွှာလေးတွေကို သူ့ဘောင်းဘီတို အိပ်ကပ်ထဲကို ထိုးထည့်ရင်း နောက်တနေရာမှာ ဆက်ရောင်းဖို့ ထွက်သွားရင်း သူ့ဘောင်းဘီ အိပ်ကပ်ထဲက ထွက်ကျလာတဲ့ ရေငန်းသီး အမွှာလေးများကို ပြန်ကောက်ရင်း သူ့ပါးစပ်လေးနဲ့ တဝှူးဝှူးမှုတ် အင်္ကျီလေးနဲ့သုတ်ကာ တရွေ့ရွေ့ထွက်သွားလေတော့သည်။ အော် တို့ရွှေမြန်မာလူမျိုးတွေပါလား လို့ပဲတွေးနေမိတော့တယ်။

နောက်တနေ့ညနေ မြန်မာတရုတ် သူငယ်ချင်းတယောက်နဲ့ ကျနော် Central World Shopping Mall ဘေးက လမ်းဘေး ငါးကင် တုန်ရန်း သင်္ဘောသီးထောင်း နဲ့ အခြားစားသောက်စရာတွေ ရောင်းတဲ့ဆိုင်တန်းတွေမှာ ဝင်ထိုင်ရင်း စားသားစရာတွေ တချို့ကို မှာလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ မလှမ်းမကမ်းက ထိုင်းမလေးတွေ ထိုင်တဲ့ဝိုင်းရှေ့မှာ အသက် ၂၅နှစ် ပတ်ဝန်းကျင်လောက်ရှိမယ့် မိန်းကလေးတယောက် လသားအရွယ် ကလေးငယ်ကို ပွေ့ကာ ကိုကာကိုလာ စက္ကူခွပ် လေးကိုကိုင်ရင်း ဖီးခ ဖီးခ နဲ့ ပိုက်ဆံတောင်းနေပါတယ် ထိုင်းမိန်းကလေးတွေကလည်း ခေါင်းခါရင်း မထည့်နိုင်ကြောင်းပြောပေမယ့် ထိုမိန်းကလေးမှာ ထွက်မသွားပေ နောက်ဆုံး ထိုင်းမိန်းကလေး တဦးမှ သူ့လက်ဆွဲအိပ်ထဲမှ အကြွေတချို့ကို ရှာဖွေထည့်ပေးလိုက်တော့မှ တခြားဝိုင်းကို ဆက်တောင်းပါတော့တယ်၊ တခြားဝိုင်းတွေကလူတွေလဲ စေတနာအလျောက်တော့ ဖြစ်ဟန်မတူပါ မပေးမခြင်း မသွားမှန်းသိနေတာ့ အကြွေစေ့လေးတွေကို ထည့်ပေးကြတယ်၊ မကြာခင် ကျနော်တို့ ဝိုင်းကိုလည်း လာတောင်းတော့မည် ဆိုတာလည်းသိနေပါတယ်၊ ကျနော်တို့ ဘေးဝိုင်းမှာတော့ အသက် (၂၇~၂၈) ပတ်ဝန်းကျင်လောက်ရှိမည့် ထိုင်းလူငယ်ဝိုင်း တဝိုင်းရှိနေပြီး စားသောက်နေကြပါတယ်၊ အဲ့ဒီအချိန်မှာပဲ ကျနော်တို့ဝိုင်းကို မှာထားတဲ့အထဲက သင်္ဘောသီးထောင်းကို အရင်လာချပေးပါတယ်၊ ကျနော့်သူငယ်ချင်း မြန်မာတရုတ်ကလည်း စားသောက်နေချိန်တွင် လှူဒါန်းလျှင် လာဒ်ပိတ်ကြောင်း သူ၏ တရုတ်အယူတချို့ကို ကျနော့်အားပြောပြလေသည်၊ ကျနော်ကလည်း အယူဆတွေကို အဆွဲမကြီးသင့်ကြောင်း လူကိုလူလိုမြင် လူလိုဆက်ဆံပြီး စေတနာထားသင့်ကြောင့် မည်သူမှ မာနနဲ့အရှက်တရားကို ရောင်းစားပြီး သူတောင်းစားလုပ်ချင်မှာ မဟုတ်ကြောင်း ကိုယ်မသိနိုင်တဲ့ ဒုက္ခတွေကြောင့်သာ ဖြစ်နိုင်ကြောင်း ပြောပြလေတော့ ထိုင်းမှာအနေကြပြီဖြစ်တဲ့ ကျနော့သူငယ်ချင်း မြန်မာတရုတ်လဲ ဘာမှမပြောတော့ပေ၊ သိပ်မကြာလိုက်ပါ ထိုသူတောင်းစား အမျိုးသမီးသည် လသားအရွယ် ကလေးငယ်ကို ရင်ခွင်ပိုက်ကာ ကျနော်၏ အရှေ့တည့်တည့် ကျနော့်သူငယ်ချင်း၏ဘေးတွင် လာရပ်ကာ ဖီးခ ဖီးခ လို့ပြောကာ တောင်းပါလေတော့သည်။ ကျနော့်သူငယ်ချင်းလည်း ခေါင်းခါပြလေသော်လည်း ထွက်မသွားပဲ ဆက်တောင်းနေတော့သည်။ ကျနော်လည်း ကြောင်ပြီးကြည့်နေမိသည် ရုတ်တရက်ကျနော့သူငယ်ချင်းမှ
“ အမ သင်္ဘောသီးထောင်း စားမလား” လို့လဲမေးလိုက်ရော ချက်ချင်းပင် ၎င်းအမျိုးသမီးမှ
“ဟုတ်ကဲ့ စားမယ် စားချင်တယ်” လို့ပြန်ပြောလိုက် မှ မရွှေမြန်မာ သူဖုန်းစားပါလားလို့ ကျနော် အသိဝင်လာပြီး ကျန်ာတို့ဝိုင်းကို အရင်လာချပေးတဲ့ သင်္ဘောသီးထောင်းကို ကျနော်တို့နှစ်ယောက် ထည့်ပေးမလို့ လုပ်နေမှ ဘာနဲ့ထည့်ပေးရမှန်းမသိဖြစ်နေတယ်၊ သူကိုင်ထားတဲ့ စက္ကူခွပ်ထဲလည်း ထည့်ပေးလို့မရဖြစ်နေတော့ နောက်ဆုံးကျနော်ကပဲ
“အမရယ် ထည့်ပေးစရာလဲ မရှိဘူး ဝယ်စားလိုက်ပါဗျာ” လို့ပြောပြီး ဘတ် (၅၀)တန်တရွက်ပေးလိုက်တော့မှာ
“ကျေးဇူးပါ အကို” လို့ပြောပြီး ထွက်သွားလေသည်။
ထိုင်းနိုင်ငံရောက် ကိုရွှေမြန်မာ နှင့် မရွှေမြန်မာ သူဖုန်းစားတို့ မြန်မာလို့ အပြန်လှန်ပြောနေကြတာကို ဘေးဝိုင်းက ထိုင်းလူငယ်တွေ ကျနော်တို့ကိုကြည့်ပြီး ရယ်နေကြတာ မရွှေမြန်မာ သူဖုန်းစားမလေး ထွက်သွားတော့မှ သတိထားမိတော့တယ်။ ကျနော်လည်း ဘေးဘီကိုမသိမသာ ကြည့်လိုက်တော့ ပြုံးစိစိ စပ်ဖြဲဖြဲ မျက်နှာတွေနဲ့ ကြည့်နေကြတာ တကယ်ရှက်မိသွားတယ်။ ထိုတောင်းနေတဲ့ မိန်ကလေးဟာ ချစ်သူ၏ စွန့်ပြစ်ခြင်း ခံခဲ့ရလေခြင်းလော အိမ်ဖေါ်လုပ်ရင်း ထိုငးအိမ်ရှင်မှ စော်ကားခြင်းခံခဲ့ရလေခြင်းလား အမျိုးမျိုးတွေးမိရင်း ထိုဆိုင်တွင် ဆက်ထိုင်ချင်စိတ် မရှိတော့ပါ၊ သူငယ်ချင်းကိုပြောရင်း မှာထားတာတွေ အားလုံးကို ထုပ်ခိုင်းကာ ကျနော်တည်းခိုရာသို့ သူငယ်ချင်းနှစ်ယောက် ပြန်လာပြီးတော့ စားကြပါတော့သည်။ နောက်တနေ့ ပတ်တူးနမ်း အနားမှာပင် မိန်းကလေးငယ်တယောက် ၆ နှစ်အရွယ်ရောက်ရှိမည် ထင်ပါသည် လမ်းဘေးတွင် ပလွေလေးကို မှုတ်ကာ ခွက်ကလေးကို အရှေ့ချရင်း တောင်းနေပါသည်၊ သေသေချာချာ ကြည့်မိတော့ အောက်က ညစ်ထေးထေး စကတ်အစိမ်းနဲ့ အဖြူရောင် အင်းကျီ ၊ ဘာပဲဖြစ်ဖြစ် အကြွေစေ့ တချို့နဲ့ ဘတ် (၂၀)တန် တရွက်ထည့်ပြီး မေးကြည့်မိတော့ ဟုတ်ကဲ့ ဦးဦး သမီးက မြန်မာပါတဲ့ ဆက်မေးစရာ ဘာရှိတော့မှာလဲ ရင်ထဲမှာ ဆို့နင့်စွာဖြင့် သူငယ်ချင်းနဲ့ ချိန်းထားသောနေရာသို့ ခြေလှမ်းတွေ လေးတွဲစွာဖြင့် ထွက်ခဲ့ပါတော့တယ်၊ ညနေကြတော့ တွေ့နေကြ စားနေကြ Central World Shopping Mall နားကဆိုင်တန်းတွေမှာပဲ ညစာ စားရင်း စကားပြောနေတုန်း အသက် (၆၀) အရွယ် လူကြီးတယောက် လွယ်အိပ်တလုံးဖြင့် ကျနော်တို့ စားနေရာ ခုံတန်းတွေအနား ရောက်လာပြီး ဖိနပ်တိုက်ပေးကြောင်း ပေးချင်သလောက်သာ ပေးပါဟု ကျနော်တို့ ဘေးဝိုင်းရှိ ထိုင်းအမျိုးသမီးတွေကိုပြောပြီး အနားတွင် ထိုင်ချကာ ပြောပြောဆိုဆိုနဲ့ ဖိနပ်တောင်းကာ တိုက်ပါလေတော့သည်။ ထိုင်းအမျိုးသမီးလည်း အောင်တွင်ထိုင်၍ ဖိနပ်တိုက်နေသော် လူကြီးကို အားတုန့်အားနာဖြင့်ကြည့်လိုက် စားလိုက်နှင့် တိုက်ပြီးသောအခါ ဘတ်(၂၀) ထုပ်ပေးလိုက်လေသည်။ ထို့နောက် ထိုလူကြီးသည် ဘေးတွင်ရှိသော ကျနော့အားကြည့်လိုက် ကျနော့ဖိနပ်ကို ကြည့်လိုက်နှင့် ဖိနပ်တိုက်ဖို့ပြောလေသည်၊ ကျနော်လည်း ထိုင်းလိုနားမလည်ပေမယ့် အမူအရာကိုကြည့်ပြီး ဖိနပ်ချွတ်ပေးလိုက်တော့ ကျနော့ဘေးတွင်ထိုင်ကာ စိတ်ရှည်လက်ရှည်နဲ့ တိုက်ပေးနေပါတော့သည်။ ဖိနပ်တိုက်ပြီးတော့ ဘတ်(၁၀) အကြွေစေ့နှစ်စေ့ ဘတ် (၂၀) နှစ်ရွက် ထုပ်ပေးလိုက်ပါတော့သည်။ ထိုလူကြီးထွက်သွားတော့မှ ဘေးမှ သူငယ်ချင်းကပြောသည်မှာ ဘန်ကောက်မှာ ဒီလိုလုပ်စားနေတဲ့ မြန်မာတွေ အများကြီးတဲ့။

ဒီလိုနဲ့ ဘန်ကောက်မှာ တပါတ်လောက်ကြာပြီး မပြန်ခင်တည သူငယ်ချင်းတယောက်ကို နှုတ်ဆက်ရင်း Central World Shopping Mall ရှေ့မှာ ထိုင်စကားပြောနေကြတာ ည ၁၁း၃၀ လောက်ရှိမည်ထင်ပါတယ် အဲ့ဒီအချိန်မှာပဲ အရင်တခါ သကြားလုံးရောင်းတဲ့ ကလေးလေးကို မလှမ်းမကမ်းမှာ ထပ်တွေ့ရလိုက်ပါတော့တယ်၊ ဒါနဲ့ ကျနော်လည်း လှမ်းခေါ်လိုက်ပြီး
“သား…ဦးဦးကိုမှတ်မိလား ဦးဦး ဟိုတခါ သားဆီက သကြားလုံး ဝယ်စားတယ်လေ ပြီးတော့ ဦးဦး ရေငန်သီးတွေ သားကို ကြွေးလိုက်သေးတယ်လေ” ဟုပြောလိုက်တော့မှာ ကလေးက ကြောင်အမ်းအမ်းနဲ့ စိုက်ကြည့်နေရာမှ
“အော် သားမှတ်မိပြီ” လို့ပြောပါတယ် သူ့မျက်နှာမကောင်းပါ အရမ်းပင်ပန်းနေပုံပါပဲ ဒါနဲ့ ကျနော်က
“သား မပြန်သေးဘူးလား အရမ်းနောက်ကျနေပြီ” လို့မေးလိုက်တော့
“ဟင့်အင်း သားကျန်တာတွေကို အကုန်ရောင်းပြီးမှ ပြန်ရမှာ” တဲ့ ကျနော်သူ့ခြင်းလေးထဲကိုကြည့်လေိုက်တော့ အထုပ် သုံးလေးဆယ်လောက် ကျန်နေသေးပါတယ် ဒါနဲ့ ကျနော့မှာ အပြန်ခရီးစရိပ်အတွက် ဒေါ်လာတချို့သာရှိပြီး ကျန်နေတဲ့ ဘတ် (၆၀) ထုတ်ပေးလိုက်ပါတယ် ၊ ကလေးမှ “ဦးဦး ကျနော်သွားအုံးမယ်နော်” လို့ နှုတ်ဆက်ပြီး ထွက်သွားပါတော့တယ် ကလေးလေးဟာ Central World Shopping Mall ရှေ့မှာထိုင်နေတဲ့ သူတွေကို လိုက်ရောင်းနေပါတယ် မဝယ်လို့ ခေါင်းခါလိုက်ရင် နောက်တယောက်ကို လိုက်ရောင်းလိုက်နဲ့ ကျနော့မြင်ကွင်းက ပျောက်သွားတဲ့အထိ ကျနော်ငေးကြည့်နေမိပါတယ်။ သူငယ်ချင်းကလည်း ကျနော့်ကိုကြည့်ပြီး တို့တတွေလည်း ဒီအတိုင်းပဲ ကြည့်နေနိုင်တော့တယ်ကွာ လို့စိတ်မကောင်းစွာနဲ့ပြောပါတယ်၊ နောက်ကျနော် ဘန်ကောက်ရောက်တိုင်း Central World Shopping Mall ရှေ့မှာ သကြားလုံးရောင်းတဲ့ ကလေးလေးကို တွေ့လိုတွေ့ငြား မသိစိတ်က လိုက်ကြည့်နေမိတယ်။ သူငယ်ချင်းကတော့ မင်းမြန်မာ သူတောင်းစား ကလေးတွေကြည့်ချင်ရင် ငါလိုက်ပြပေးမယ် နေရာတိုင်းမှာရှိတယ် အများကြီးတဲ့၊ တော်ပါတော့ သူငယ်ချင်းရာ မကြည့်ချင်တော့ပါဘူးလို့ပဲ ပြန်ပြောလိုက်တော့တယ်။

အော် ဗိုလ်ချုပ်မှူးကြီး မြေးလေး စင်္ကာပူမှာ ကျောင်းတတ်တော့ နေ့စဉ် ရန်ကုန်ကနေ လေယဉ်နဲ့ အသွားပြန်လုပ်နိုင်တယ် မွေးနေ့အတွက် ဒေါ်လာသန်းချီတန်တဲ့ အပျော်စီး ဟတ်စကီး လက်ဆောင် ဝယ်ပေးနိုင်တယ် သမီးမင်္ဂလာဆောင်အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံနိုင်တယ်၊ ချမ်းသာနေကြတဲ့ ဗိုလ်ချုပ်ကြီးတွေများ ဒေါ်လာ သန်းပေါင်းများစွာပိုင်ဆိုင်နေကြတယ် ရွှေစဉ်မျိုးဆက် ချမ်းသာခဲ့တဲ့ သူဌေးတွေလား အမွေတွေ မြောက်များစွာ ရရှိထားကြတာလား စဉ်းစားကြပါလော ၊ တချိန်တုန်းက မြန်မာဘုရင်တွေက ထိုင်းနိုင်ငံကို ဘယ်လိုသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး မာန်တက်၊ နူကလီးယား လက်နက်ပိုင်ဆိုင်နိုင်လျှင် ထိုင်းနိုင်ငံကို ခြေဖဝါးနဲ့ ပါးရိုက်နိုင်တယ်လို့ ကြိမ်းဝါးနေကြတဲ့ ဗိုလ်ချုပ်ကြီးများကို မြင်စမ်းစေချင်ပါတယ်။ ကိုယ့်နိုင်ငံမှာ လုပ်စားကိုင်စားရတာ အစဉ်မပြေလို့ ထိုင်းနိုင်ငံကို နည်းမျိုးစုံနဲ့ ထွက်လာပြီး မြန်မာလူမျိုးတွေ အနှိမ်ခံဘဝနဲ့ အလုပ်လုပ်ရ ၊ သတောင်းစားဖြစ်နေသူ၊ ဖာဖြစ်နေကြသူတွေ မနည်းလှပါ။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဘူးတဲ့စကား အတိုင်း “ကျုပ်သာမရှိရင် ဒီနိုင်ငံကြီးဟာ ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်” တဲ့ ၊ အခုတော့လည်း “ ဖခင်ဗိုလ်ချုပ်ခင်ဗျာ ဗိုလ်ချုပ် တည်ထောင်ပေးခဲ့တဲ့ တပ်မတော်ကြီးဟာ တိုင်းပြည်ကို လက်နှက်အားကိုး ကိုယ်ကျိုးအတွက် အုပ်ချုပ်နေတာဖြင့် အခုတော့ ဗိုလ်ချုပ်ပြောခဲ့တာက နည်းနေပါသေးတယ် အာစီယံ နိုင်ငံတွေမှာ မြန်မာတွေ ခွက်ဆွဲပြီးထွက်တောင်းနေရ ၊ ပြည့်တန်စာ ဖြစ်နေရပြီ ဗိုလ်ချုပ်ရေ အာစီယံ ဖာနိုင်ငံ အာစီယံ သူတောင်းစားနိုင်ငံ ဖြစ်နေပြီလို့ ကျနော်ပြောရင် လွန်အုံးမလားဗျာ” လို့ တမလွန်မှာရှိတဲ့ ဗိုလ်ချုပ်ကို အော်ဟစ်တိုင်တန်း လိုက်ချင်ပါတော့တယ်။

ကျော်စွာလင်း ( ရိုးမ )
၂၈.၀၉.၂၀၁၀

9.8.10

အမေ့ကိုပြောပြချင်တယ် ( ၂ )

အမေ့ကိုပြောပြချင်တယ် ( ၂ )

အမေ့ဝမ်းတွင်းမှာ ကိုးလလွယ်ဆယ်လ
ခွေခွေကလေးအနေကျခဲ့ဘူးတဲ့ဘဝ
စိတ်ကူးနဲ့မှန်းဆရင်း ပြန်တမ်းတမိတယ် အမေ …

အမေ့ဝမ်းတွင်းကကျွတ်
အမေ့နို့ချိုလေးစို့ရင်း
အမေ့ရင်ခွင် ချိုမြနွေးထွေး
အပြုံးလေးတွေမွှေးနေတဲ့ အေးမြမေတ္တာ
မကြာမကြာ သတိရနေမိတယ် အမေ …

အမေ့ပေါင်ပေါ်မှာမှေးစက်
အမေ့လက်ကလေးနဲ့ နွှာယှက်
သားခေါင်းထက်က သန်းဥကလေးတွေကောက်ရင်း
တေးချင်းဆို ချော့ကသိပ်တဲ့ အမေ့ရဲ့အသံ
တခါလောက်ဖြစ်ဖြစ် ပြန်ကြားပါရစေ အမေ …

ရိုးမတောစပ်ကျောင်းစုတ်လေးမှာ
နှပ်ချေးတရှုပ်ရှုပ်နဲ့
လွယ်အိပ်အစုပ်ကလေးသိုင်းရင်း
အပေါက်တရာ ထီးတလက်နဲ့
ဖိနပ်မပါ ဗလာလှမ်းခဲ့တဲ့ဘဝ
ပြန်လည်သတိရနေမိတယ် အမေ …

ဘဝဆိုးတွေထဲမှာ
ခြေတဖက်မသန်တဲ့အဖေက
ဒုက္ခတရားတွေနဲ့ ယှဉ်ပြိုင်ရင်း
သားကြီးရင် လူလုံးလှဖို့
မြို့ကျောင်းကိုအရောက်
လျှောက်လှမ်းစေတဲ့အဖေ ကျေးဇူးပါ အမေ …

မပြည့်စုံတဲ့ဘဝတွေထဲမှာ
ကျောင်းတက်ဖို့ အခြေမသာခဲ့တဲ့ ညီမကြီးက
ခြံထွက် အသီးရွက်တွေ ခေါင်းပေါ်တင်ရင်း
ရွာစွန်ရွာဖျား ရောင်းချပေးလို့
သားဝတ်ဖို့ ကျောင်းစိမ်းပုဆိုးတထည်
သူဝယ်ပေးခဲ့တာ ကျေးဇူးပါလို့ပြောပေးပါ အမေ …

ကျောင်းကပြန်သားအတွက်
အပြုံးများနဲ့ စီးကြိုရင်း
အမေမစားရက်တဲ့ ဟင်းတခွက်နဲ့
အမြဲချန်ထားတတ် စမ်းကျရေ
မျက်ရည်တွေနဲ့ ပြန်လည်တမ်းတ
ချိုမြနေမိတယ် အမေ …

သားအရွယ်ရောက်စလေတော့
ယိုင်နဲ့နဲ့မိသားစုဘဝလေးထဲမှာ
မြိုမကျတဲ့ အဖေ့ချွေးစက်တွေနဲ့
မကြားရက်တဲ့ မမေ့ရဲ့ ငြီးတွားသံ
မီးဖိုချောင် နံရံက အကြွေးစာရင်းတွေထဲမှာ
သက်ပြင်းမကြာမကြာချတတ်လေတော့
သားရင်မှာ အခါခါစို့ခဲ့ပေါ့ အမေ …

ရိုးမတောစပ်ရဲ့ လယ်ကွက်တွေထဲမှာ
တံဇဉ်တလက်နဲ့
ကောက်ရိတ်ခဲ့တဲ့ သားရဲ့လက်က
ပုဆိန်တလက်နဲ့လည်း မိတ်ဖွဲ့
တောစင်တောင်အထပ်ထပ်
ချွေးစက်နဲ့ရေချိုးရင်း
အရိုးသားဆုံးခွန်အားကိုဆွဲထုတ်
သစ်ခုတ်ကာလုပ်ကျွေးဘူးပေမယ့်
မထူးနိုင်တဲ့ အခြေရယ်ကြောင့်
အမေ့ရင်ခွင်ရဲ့ တခြားနေရာအရောက်
ဖေါက်ထွက်လို့လှမ်းခဲ့ရတယ် အမေ …

အရွယ်ရောက်လို့ ရင်ခုန်တတ်တာ
လူငယ်တွေရဲ့ ဓလေ့လို့ဆိုမလား
အမေ့မေတ္တာရဲ့ တဖက်ခြမ်းမှာ
၁၅၀၀ သစ္စာအဆိပ်ခွက်ထမ်းရင်း
ယိုဖိတ်ခဲ့တဲ့နှလုံးသား
အသဲကွဲခြင်း အခြေခံတရားတွေကို
မြေလှန်ပြီး အကြောင်းရှာတော့
အဖြေမှန်တဲ့အထောက်ထား သားမှာမရှိခဲ့ဘူး
အဆိပ်လူးခဲ့တဲ့ သူ့အချစ်တွေက
အငွေ့ပျံခဲ့ပေမယ့်
အိမ်မက်ဆိုးတွေလို ခဏခဏ
လာနိုးဆွနေဆဲပါ အမေ …

နှလုံးသားက ဒဏ်ရာတွေနဲ့
အိမ်မက်ဆိုးတွေကြား ရုန်းထွက်နေတုန်း
နောက်ဆုံးဖြစ်အချစ်ဆုံးရယ်လို့
အမြတ်နိုးဆုံး ကြင်နာမိသူတဦးကို
တသက်လုံးစာ အတွက်
နှလုံးသားထဲ နေရာချခဲ့ပါတယ်
ဒါပေမယ့်အမေရယ်
အရုပ်ဆိုးလှပါတယ်ဆိုတဲ့
ရင်ဘတ်ပေါ်က ဒဏ်ရာဟောင်းတွေကို
ဘယ်လိုမှ နားလည်ခွင့်တောင်းလို့မရနိုင်ခဲ့ပါဘူး
သူနဲ့ပတ်သတ်တဲ့အကြောင်းတွေက
ဦးနှောက်နဲ့ရင်ဘတ်ထဲ
နယ်ချဲ့လို့နေဆဲမို့
ရူးသွတ်ခြင်းနေ့ရက်တွေကို
ဘဝနောက်ဆုံးထိ ကျော်ဖြတ်ရအုံးမယ်
မယှဉ်နိုင်သူသားတွက်တော့
ကံတရားရဲ့ ရိုက်ချက်အောက်မှာ
ဒူးထောက်လျက်ပါအမေ …

နေရာသစ် မျက်နှာစိမ်းတွကြားမှာ
မာနနဲ့ခွန်အားကိုရောင်းစားရင်း
အောင်မြင်ခြင်းဘဝသစ်ကိုမျှော်မှန်း
ခရီးကြမ်းတွေဖြတ်သန်း
ကြိုးပမ်းလို့ရုန်းကန်ခဲ့ပေမယ့်
တာဝန်အသစ်တွေက
သမိုင်းခြေလှမ်းအသစ်တွေအတွက်
သားပုခုံးထက်ကိုရောက်လာတယ် အမေ …

အရောင်စုံအုပ်စုတွေထဲမှာ
လူတော်တယောက်မဟုတ်ပေမယ့်
ရိုးသားမှု အရင်းနှီးလေးတခုနဲ့
ကြိုးစားပြီး အပြုံးလှခဲ့ပေမယ့်
ပြန်ရတဲ့ဆုလဒ်တွေက
အစွယ်လှန်ပြီးမာန်ဖီသူတွေ
အတောင်ပေါက်နေတဲ့ကြွက်သူခိုးတွေ
ရွှေရည်စိမ်လောက်ကောင်တွေရဲ့
အရှက်မဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရတိုင်း
ရိုးမတောရိုင်းထဲက
သားနဲ့အတူဒုန်းဆိုင်းရုန်းခဲ့ဘူးတဲ့
နွားအိုတရှဉ်းရဲ့ သစ္စာအပြုံးတချို့ကို
တခါလောက်တော့ ပြန်လိုချင်တယ် အမေ …

လုပ်ငန်းခွင် စက်ရုံထဲမှာ
အရိုင်းဆန် စကားလုံးတွေနဲ့
အနှိမ်ခံ ဘဝကို မမှုခဲ့ပါဘူး
အခုတော့
အမေ့တွက်သား တာဝန်တွေ မကျေခင်မှာ
ထင်ကျန်သွားတဲ့ ဒဏ်ရာတချို့ကတော့
ပခုံးနဲ့ ရင်ဘတ်ရိုး ကျိုးခဲ့ရတယ် အမေ …

ဒါပေမယ့်
ကျိုးသွားတဲ့ ပခုံးနဲ့ပဲ တာဝန်တွေ ကျေချင်တယ်
ရိုးသားစွာ လှမ်းမိတဲ့ ယုံကြည်မှုတွေအတွက်
ခါးသည်းမှု အတွေ့ကြုံတွေက စီးလို့ကြိုတယ်
နာကျင်မှုအတွက် တောက် ခေါက်သံက
ပခုံးအကျိုးပေါ်ကို လျှံကျ
ဒဏ်ရာတွေ အလန့်တကြားနဲ့နိုးထ
တစ္ဆေ တကောင်ခုန်ကနေသလို
နှလုံးသားကို လက်နဲ့ပွတ်သတ်မိတော့
ရင်ဘတ်အရိုး အက်ကြောင်းတွေက
လေပြင်းခတ် သစ်ကိုင်းတွေလို
တအစ်အစ် တဗျစ်ဗျစ်နဲ့
ဒဏ်ရာ အသစ်ဟောင်းတွေပေါင်းစပ်ရင်း
ရှေးဟောင်းနှောင်းဖြစ်
အတွေးတွေ နွံနစ်နေမိတိုင်း
သစ္စာတရားတွေ အရည်ဖျော်ခြေဆေးခံခဲ့ရသမျှ
ဒေါသတရားတွေ ပျောက်စေဖို့
အမေ့ကိုပဲ ထပ်ခါအောင်းမေ့မိတယ် အမေ …

ခန္တီစလက်ကျန်တရားတွေလည်း
ရင်ဘတ်ထဲက ရုံးထွက်ရှာနေတယ်
ဗြဟ္မစိုရ်တရားလေးပါးနဲ့ ယဉ်ပါးခဲ့ဘူးတယ်
လောကဓံတရားရှစ်ပါးနဲ့ အသားကျခဲ့ဘူးပါတယ်
ဒါပေမယ့်သားဟာ
အရိယာ ပုဂ္ဂိုလ်ထူးမဟုတ်လေတော့
မဂ္ဂင်ဖေါင် မစီးနိုင်သေးပါဘူး
အကြောင်းကြောင့်ဖြစ်တဲ့
အကျိုးတရားတွေလို့ဆိုရင်တော့
ဝဋ်ရှိလည်း ကျေပါစေတော့လို့ဆိုရမလား
အမှန်တရားတွေကို အသပြာနဲ့ရောလိပ်ပြီးမြိုချ
သစ္စာတရားတွေ လေလံတင်တဲ့စင်မြင့်ပေါ်မှာ
ဒဏ်ရာတွေပိုက်ရင်း
ငိုရှိုက်နေတဲ့ ရိုးသားမှု့တွေက
ဒီလောကကြီးကို ဂွတ်ဘိုင်လို့ပြောနေကြပီ အမေ …

မတရားမှု့တွေထွန်းကားတဲ့ ကမ္ဘာမြေမှာ
အကြင်နာတရားတွေခေါင်းပါးနေကြပြီ
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး
အခွင့်ကောင်းယူတဲ့ အတ္တနိုင်ငံတွေ
အနိုင်ကျင့်အာဏာရှင်တွေနဲ့ ပခုံးဖက်ပြီး
ကိုယ်ကျိုးရှာသူတွေ
အပြုံးလှ မျက်နှာဖုံးတွေစွပ်ပြီး
ယဉ်ကျေးမှု အတုတွေနဲ့
လူမိုက်အားပေးသူတွေ
တောမီးလောင် တောကြောင်လက်ခမောင်းခတ်
အကွက်ကျကျ အချောင်နှိုက်တတ်တဲ့
အာစီယံနိုင်ငံတွေ
အဆွယ်ကျိုးပြီး အူနေတဲ့
ယူအန်ဆိုတဲ့ကျားအိုကိုမှ
အမိအရ ဆွဲထားချင်သူတွေ
မြေပေါ်မြေအောက်
သယံဇာတအပြည့်မောက်ရှိတဲ့တိုင်ပြည်မှာ
အုပ်ချုပ်သူတွေ အိပ်တွေဖေါင်းရင်း
အခွင့်ထူးခံ လူတန်းစားတွေ
ရမ်းကားနေတဲ့သားတို့ပြည်မှာ
ကုန်းကောက်စရာမရှိတာကတော့ ပြည်သူတွေ
တတိုင်းပြည်လုံးကိုရောင်းစားပြီး
အများပြည်သူကို
လည်မြိုနင်းချစ်ပြတဲ့ အာဏာရှင်တွေ
ပခုံးပေါ်က ရွှေစတားတွေနဲ့
မဲတပြားရဘို့အတွက်
ရှိတာတွေ အကုန်ထုတ်ပေးပြီး
တရုပ်ကြီး အပြုံးပျက်မှာကြောက်နေတဲ့
မျိုးချစ်ဗိုလ်ချုပ်ကြီးတွေ
ကမောက်ကမ အတွေးခေါ်တွေနဲ့
လူပုံအလယ်ဟောက်စားလုပ်ရင်း
အထင်ကြီးခံချင်ကြသူတွေ
အာဏာရှင်အလိုကျ
ဘီလူးအကနဲ့ ရင့်ကျက်နေကြသူတွေ
ဝါရင့်ပညာရှင်တွေနဲ့
တော်လှန်ရေးဝဲဆွဲနေကြသူတွေ
သမိုင်းတာဝန်မကျေခဲ့ကြတာကို
နောင်တ တရားတွေဖွင့်ဟဆိုပြီး
ဝန်မခံလိုကြသူတွေ
ကျည်ဆံမဖေါက်တဲ့
ရဲရဲတောက်တချို့လဲ
ကိုယ့်နေရာနဲ့ကိုယ်
စိစ်ဖားယား အဆိုလေးနဲ့
အနေကျသူတွေ
ရှိသမျှအပြစ်ဗမာဖြစ်၏ဟု
လူမျိုးကြီးစကားလုံးနဲ့
ကော်ဆဲတတ်တဲ့ တော်လှန်ရေးသမားတချို့တွေ
အာဏာရှင်ကို တော်လှန်ရင်း
အာဏာရှင် လက်သစ် ပြန်ဖြစ်သွားကြသူတွေ
အနာဂါတ် ဒီမိုကရေစီမှာ
နေရာသစ်တွက် ခြေရာချဘို့ပြင်နေကြသူတွေ
စင်ပေါ်မှာ ထင်ပေါ်ချင်လှတဲ့
ဒီမိုအရူးပေါတွေ
ဒိုင်ယာလော့ အဆိုစကားကိုလက်ဆွဲပြီး
အကွဲပြဲနဲ့အချင်းများကြသူတွေ
တော်လှန်ရေး ခရီးရှည်မှာ
ရင်ဘတ်တွေ ပျောက်ဆုံးသွားတဲ့ ရဲဘော်တွေ
လူတွင်ကျယ်နဲ့ ပရောဂျက်
ရောယှက်ပြီး ချစ်နေကြသူတွေ
ဒုက္ခသည်အတုတွေက
နိုင်ငံတကာမှာ ဂွင်ဖန်နေရာရှာနေကြတာကတော့
အကြံကုန် ဂဠုန်ဆားချက်
စင်ပေါ်ခုန်တက်ပြီး
မဖြစ်စလောက်အလုပ်ကလေးနဲ့
နိုင်ငံရေးသမားလုပ်နေကြသူတွေ
ငါနဲ့မတူ င့ါရန်သူဟု
အယူတိမ်း၍ နတ်စိမ်းဖြစ်နေကြသူတွေ
ဘေးထိုင်ဘုပြော
ငါတကော ကောနေကြသူတွေ
အဲ့ဒီလူတွေကြားထဲမှာ
လူညံ့သားတယောက်ကတော့
ဘာမှမဟုတ်သေးဘူးအမေ …

တော်လှန်ရေး နယ်မြေထဲမှာ
အပြေးလွှားနဲ့ မွေးဖွား
ဗုံးသေနတ်သံတွေကြားမှာ အဖိုးကိုတွဲခိုရင်း
သူပုန်ဗိုလ်သမီးဖြစ်ခဲ့တဲ့ အမေက
နိုင်ငံရေးဆိုတာ နားမလည်တတ်ပေမယ့်
အမှန်တရားအတွက်တော့ ပြောပြတတ်တဲ့အမေ …

နောင်တနဲ့သင်္ခန်းစာ
ယူမကုန်နိုင်သေးတဲ့ လောကထဲမှာ
စစ်ဖိနပ်အောက်က တရားဥပဒေတွေနဲ့
ယမ်းငွေ့တွေဝေ လူသတ်ပွဲတွေကြား
မူးဝေရှုပ်တွလို့နေရင်း
အပြေးလွားနဲ့ ငြီးတွားခဲ့တာ
ဆယ်စုနှစ်များစွာ ကြာခဲ့ပီ အမေ …

ဓါးသွားထက် ထက်လွန်းလှတဲ့
ရဲရဲတောက်ခွတ်ဒေါင်းတွေနဲ့
အာဇာနည်တွေ နေတဲ့တိုင်းပြည်မှာ
ဝါရင့်တတ်သိ မဟုတ်တဲ့ အမေ့ကိုတော့
သမိုင်းတာဝန် မကျေခဲ့ဘူးလို့တော့ မပြောလိုတော့ပါ
ရင်နာစရာ အကြောင်းတွေနဲ့
ဟန်ဆောင်အပြုံးတွေ သုံးဆွဲနေတဲ့ လောကထဲမှာ
သားလည်း အတော်မုန်းတတ်လာပြီအမေ …

ကျော်စွာလင်း ( ရိုးမ )
ဝ၈.ဝ၈.၂ဝ၁ဝ
ဓါတ်ပုံ သရုပ်ဆောင် ( LA နိုင်ကြီး )


18.7.10

ငါတယောက်ထဲ



ငါတယောက်ထဲ

မတုန်မလှုပ်
ကျောက်ဆစ်ရုပ်လို
ငုတ်တုပ် ငေးမျှော်
အဖေါ်မဲ့ အထီးကျန်
အခန်းကျဉ်းလေးထဲမှာ
ငါတယောက်ထဲပါ ။
........................ ကျော်စွာလင်း ( ရိုးမ )
၁၇.ဝ၇.၂ဝ၁ဝ

2.7.10

မနက်ခင်းလိုအချစ်

မနက်ခင်းလိုအချစ်

ညအမှောင်ခရီးတွေထဲမှာ
အိမ်မက်တွေကို နှုတ်ဆက်ရင်း
မနက်ခင်းလေးကို လှုပ်နှိုးပေးဖို့
သတိရခြင်း ရထားတစင်းလို ခုပ်မောင်းလို့နေတယ် ...

ပင်လယ်ပြင် မနက်ခင်းတို့ရဲ့
နေခြည်နဲ့ လှိုင်းကလေးတွေလို
မင်းကိုလှုပ်နှိုးပြီး အနမ်းဦးလေးပေးပါရစေ …

ရင်ခုံသံတွေ စည်းချက်ညီတဲ့
နှစ်ဦးသား တွဲယှက်နေတဲ့အချိန်လေးတွေ
တစိမ်းဆန်ဆန် ပြေးထွက်မသွားဖို့
ဖမ်းဆုပ်လို့ပေးထားပါ…

မနက်ခင်းမှာ တွန်ချိုညှင်းတဲ့
ငှက်ကလေးများရဲ့ တေးချင်းတွေလဲ
တို့နှစ်ဦးရဲ့ ရင်ခုန်သံအောက်မှာ
ပျောက်ဆုံးလို့နေတယ် …

မနက်ခင်းပွင့်တဲ့ ပန်းကလေးတွေလဲ
သင်းရနံ့လေးတွေကို လမ်းခင်းလို့ပေးရင်း
မင်းရဲ့ကေသာအောက်မှာ
ဒူးထောက်လို့ခစားနေကြတယ် …

မနက်ခင်း နေခြည်ဥလေးတွေလို
အမြဲတမ်းနူးရွနေတဲ့ မင်းရဲ့အပြုံး
လောကအားလုံး အလှတရားတွေထက်
အမြတ်နိုးဆုံး အရာတခုပါ …

မနက်ခင်းမှာ မင်းနဲ့အတူသောက်တဲ့
ကာဖူချီနိုကော်ဖီခွက်ပေါ်က
ပန်းနုရောင် မင်းရဲ့နုတ်ခမ်းလေးတွေလည်း
ကိုယ့်ရဲ့ရင်ခုံသံတွေထဲမှာ
ရှင်သန်လှိုက်ခုံ ဖူငုံလို့နေတယ် …

အိုဘယ့် ချစ်သူရယ်
မင်းဟာကိုယ့်ဘဝရဲ့မနက်ခင်း
အလှတရားအားလုံးကိုဖန်စင်း
တသိပ်သိပ်ချစ်ခြင်းများနဲ့
ရင်ခုန်ခြင်း မနက်ခင်းတိုင်းရဲ့ မင်းရင်ခွင်မှာ
မှေးစက်လို့ခိုနားခွင့်ပြုပါ …

ကျော်စွာလင်း (ရိုးမ)
ဝ၃.ဝ၆.၂ဝ၁ဝ

ဆန္ဒ

ဆန္ဒ

ပြည့်စုံမှုမရှိပေမယ့်
ဖြူစင်ခြင်းရင်ခွင်တခုနဲ့ပဲ ချစ်ခွင့်လေးပေးပါ …

ရယူပိုင်ဆိုင်ဖြည့်စည်းခြင်းတွေထက်
အကြွင်းမရှိ ပေးဆပ်ခွင့်ပြုပါ …

ရင်ထဲမှာရှိသမျှ
အတ္တနဲ့မာနတရား
နှလုံးသားအပြင်ဘက်ကိုမောင်းထုတ်ရင်း
အထီးကျန်ခြင်း နေ့ရက်တွေရဲ့ တဘက်ခြမ်းမှာ
မင်းနဲ့အတူ လျှောက်လှမ်းခွင့်ပြုပါ …

ကျယ်ပြန့်နက်ရှိုင်းတဲ့ နှလုံးသားပင်လယ်ပြင်ထဲမှာ
မနက်ခင်းတို့ရဲ့ နေခြည်နဲ့မိုးစက်ကလေးတွေလို
ပန်းကလေးတွေကို ဖူးပွင့်လန်းဆန်းစေဖို့ …

မြေပြင်မှာ ကြွေလွင့်နေတဲ့
ပန်းချောက်ကလေးတွေကို
ရွရွကလေးကောက်
ဖွဖွကလေးနမ်းရင်း
ဝေဒနာအလွမ်းကလေးများ
ထပ်တူခံစားတတ်ဖို့ …

လေပြေအဝှေ့မှာ
ညည်းတွားငိုရှိုက်နေတဲ့
ကြွေလွင့်ဆဲသစ်ရွက်ကလေးတွေကို
သနားကြင်နာနွေးထွေးတတ်ဖို့ …

အဖေါ်မဲ့တဲ့ ငှက်ကလေးတွေကိုမြင်တဲ့အခါတိုင်း
အကြင်နာတရားတွေထားရင်း
ပျော်ရွှင်ခြင်းနှလုံးသားကို
မျှဝေအဖေါ်ပြုပေးတတ်ဖို့ …

ဝတ်မှုံလေးတွေကူးပေးရင်း
ပန်းကလေးတွေနဲ့ ကြည်နူးနေတတ်တဲ့
လိပ်ပြာကလေးတွေကိုမြင်တဲ့အခါတိုင်း
ထပ်တူခံစား အပြုံးများနဲ့ နှုတ်ဆက်တတ်ဖို့ …

ပင်လယ်ပြင်ကမ်းနဖူးပေါ်မှာ
ယှဉ်တွဲပျော်မြူးနေတဲ့
စင်ရော်မောင်နှံလေးတွေကိုမြင်တိုင်း
ရင်ထဲလှိုင်းခတ် ကြည်နူးနေတတ်ဖို့ …

အမှောင် ညနက်တွေထဲမှာ
သူတတ်စွမ်းသလောက်နဲ့
အလင်းစက်ကလေးတွေ မျှဝေပေးတဲ့
ပိုးစုန်းကြူလေးတွေနဲ့ ဆုံတဲ့အခါတိုင်း
ဖွင့်ဟခွန်းချို ကျေးဇူးစကားဆိုတတ်ဖို့ …

အာကာယံကောင်းကင်ထဲမှာ
လမင်းစန္ဒာနဲ့ ကြယ်တာရာတွေစုံတဲ့ညတိုင်း
ချစ်တဲ့သူတိုင်း ပေါင်းရစေသားလို့
တောင်းဆုချွေ ချစ်စကားလေးတွေနဲ့
နှလုံးသားတွေလှပစေဖို့ …

ချစ်သစ္စာအလှတရား
ကြင်သူ့အပေါ်မှာထားရှိရင်း
ကျောက်သားအသွင် အစဉ်ဖြစ်စေဖို့ …

အိုဘယ့် … ချစ်သူရေ
မင်းရဲ့ရင်ခွင်မှာ ချစ်ခြင်းတရားတွေကိုသင်ယူရင်း
မထင်မှတ်တဲ့ ချွတ်ယွင်းချက်လေးများရှိခဲ့မယ်ဆိုရင်
လမ်းပြလို့ခွင့်လွှတ်ပေးပြီး
ရှေ့ဆက်မဲ့ ချစ်ခရီးလမ်းတွေတွက်
မြစ်တစင်းလို ရှင်သန်ခွင့်ပြုပါ …

ကျော်စွာလင်း ( ရိုးမ ) ဝ၉.ဝ၆.၂ဝ၁ဝ

30.6.10

အလွမ်းကျိန်စာ


အလွမ်းတွေကို
အရက်တခွက်လို မြိုချလို့ရစတမ်းဆိုရင်
မနားတမ်းသောက်နေမိမှာပါ …

အရက်သောက်ရင်းနဲ့သာ
အလွမ်းတွေကို ဖျောက်လို့ရမယ်ဆိုရင်
မိုးစင်စင်လင်းတဲ့အထိ မူးပြစ်လိုက်ချင်တယ် …

မမူးပဲနဲ့ ကျော်ဖြတ်ခွင့်မရတဲ့ ညစဉ်တိုင်းမှာ
အရူးမီးဝိုင်းနေသလို
အလွမ်းတွေနဲ့ပဲ မိတ်ဖွဲ့လို့နေရတယ် …

အလွမ်းတံဆိပ်တွေ အပြည့်နှိပ်ထားတဲ့
အရက်ခွက်တွေနဲ့
သူ့ကိုတမ်းတရင်း
မိုးလင်းတဲ့နေများ အခါခါဖြစ်ခဲ့ပေါ့ …

ခေါက်ရိုးကျိုးနေတဲ့အလွမ်းတွေကို
မလွတ်တမ်း ဖမ်းဆုပ်ရင်း
မိုးလင်းထိပဲ ဆက်သောက်နေမိတယ် …

အကြွင်းမရှိ အချစ်များနဲ့
ပေးဆပ်ထားခဲ့လည်း
အလွမ်းတွေသာ ငါ့အတွက်သူထားခဲ့တယ် …

သူအနားရှိနေတဲ့အချိန်တွေမှာ
ပျော်စရာအတိဖြစ်ခဲ့မိသလောက်
ရည်ဝေမှုံဝါး သူ့အပြုံးလေးများကို မြင်ရောင်မိတိုင်း
ကြေကွဲခြင်းအပိုင်းစတို့နဲ့ပဲ ကျေနပ်နေမိပါတယ်…

အရက်ခွက်ထဲကအလွမ်းကမ္ဘာ
တမ်းတမှု့နဲ့ ရည်ဝေဝါး
အမူးများလည်း ထုံကျင်ခါးရင်း
နာကျင်ခြင်းရှိုက်သံတချို့သာ
မျက်ဝန်းတစုံထက်မှာ
ခိုလုံလို့နေကြတယ် ...

ဒီတညတော့
မငိုတော့ပါဘူး
မမူးတော့ပါဘူးရယ်လို့
ကြင်နာသူပြန်လာနိုးနဲ့
အပြုံးများနဲ့ စီးကြိုစိတ်ကူး
သူရှိခဲ့ဘူးတဲ့နေရာဟောင်းလေးမှာ
မပြောင်းလဲ စောင့်မြဲစောင့်နေရင်း
နောက်ဆုံးတော့
လွမ်းရက်ရှည် ဝေဒနာများနဲ့
အချစ်တွေ တိမ်ညို ဖုန်းလို့
အမုန်းမိုးတွေ ထပ်ခါသဲ
တန်းတသူသာ သည်းခြေပျက်ရင်း
အရက်ပုလင်းတွေကြားမှာ
နှလုံးသားသာ ကျိန်စာသင့်ခဲ့တယ် …

ကျော်စွာလင်း ( ရိုးမ )
၁၃.ဝ၆.၂ဝ၁ဝ