29.5.10

ပဲခူး ရိုးမ


ရိုးမ

ပဲခူးရိုးမရဲ့တောတန်း
လမ်းကြမ်းလို့မြူတွေဆိုင်း
ညို့မှိုင်းလို့နေတယ် …

အမှောင်ရယ်ကြီးဆိုး
ဝိုးတဝါးမပီပြင်
ငွေကြယ်စင် အလင်းအောက်
နှင်တံကိုမြှောင့်ရင်း
တတောက်တောက်နဲ့
လှည်းနဲ့ခရီးဆက်
ဝမ်းရေးအတွက်
တောတက်လို့သွားခဲ့တယ် ...

နေခြည်အု အလင်းဖြာ
ခုတ်ကွပ်ရဲ့ဘေးမှာလှည်းဖြုတ်
ပုဆိန်ကိုလက်မှာတင်းတင်းဆုပ်ရင်း
တောင်ဆင်းတောင်တက်
ချောက်ကိုဖြတ်ကျော်
ပုခုံးပေါ်ကထင်းထမ်း
ခတ်ကြမ်းကြမ်းလေးပေမယ့်
အသားမာနဲ့ထူပိန်း
မစိမ်းတော့တဲ့ဒဏ်ရာတွေနဲ့
လှည်းတစီးပြည့်ခဲ့တယ် …

ဖုန်ငွေ့နဲ့မွန်းဝေ
တောလမ်းတွေရဲ့ကြား
နေလောင်တဲ့အရေပြား
ကျွဲသရေအလားပေမို့
ယောင်လို့တောင်မပူအားခဲ့ …

ကျည်တောက်ထဲကရေကြည်အေး
ဖြေသိပ်မှုခဏပေးရင်း
ဝေးလံတဲ့ခရီး
ကြမ်းတမ်းတဲ့တောတောင်
ဆာလောင်မှုတွက် မငြီးခဲ့ …

ချိနဲ့တဲ့အဖေါ်
နွားအိုရော်တရှဉ်းနှင့်
ခတ်ပြင်းပြင်းနှင်
မညင်သာတဲ့ ဘဝနှစ်ခု
ပေါင်းစုလို့ရုန်းကန်
မနက်ဖန်တို့ရဲ့ မနက်ဖန်
နပ်မှန်ဖို့အရေး
ဘဝအားမာန်မွေးရင်း
ထင်းခုတ်လို့ကြွေးခဲ့တယ် …

ချွေးစက်နဲ့ရေချိုး
ရိုးသားခြင်းရဲ့ခွန်အား
တဝမ်းတခါးတွက်
ဘ၀မပျက်အောင်
တင်းတိမ်ရောက်ရဲ
ငါအမြဲ ကြိုးစားခဲ့တယ် …

မထယ်ဝါတဲ့ဘဝ
မခန်းနားတဲ့ဘဝ
မဆန်းပြားတဲ့ဘဝ
ဘဝ ဘဝ တွေနဲ့
လောကဓံကိုရင်ဆိုင်
ဘဝကိုမဏ္ဍိုင်ထား
သားသမီးအတွက်
ရှေ့ဆက်မယ့်ပညာရေး
ငါလိုဘဝနဲ့ ဝေးရအောင်
ရှေ့ဆောင်လို့လမ်းးညွှန်
အားသွန်လို့မနှေး
အကြွေးတွေကပတ်ချာ
မဆုံးသာတဲ့အတိုး
ဘဝဆိုးအောင်ဖြစ်လေရ
ကံကြမ္မာကခေလွန်းလေတော့
အမေရေ … မှန်းလို့သာကျွမ်းလို့
တောထွက်မဲ့လမ်း …

ကျော်စွာလင်း (ရိုးမ)
၁၉၉၂

No comments:

Post a Comment