ပြည့်စုံမှုမရှိပေမယ့်
ဖြူစင်ခြင်းရင်ခွင်တခုနဲ့ပဲ ချစ်ခွင့်လေးပေးပါ …
ရယူပိုင်ဆိုင်ဖြည့်စည်းခြင်းတွေထက်
အကြွင်းမရှိ ပေးဆပ်ခွင့်ပြုပါ …
ရင်ထဲမှာရှိသမျှ
အတ္တနဲ့မာနတရား
နှလုံးသားအပြင်ဘက်ကိုမောင်းထုတ်ရင်း
အထီးကျန်ခြင်း နေ့ရက်တွေရဲ့ တဘက်ခြမ်းမှာ
မင်းနဲ့အတူ လျှောက်လှမ်းခွင့်ပြုပါ …
ကျယ်ပြန့်နက်ရှိုင်းတဲ့ နှလုံးသားပင်လယ်ပြင်ထဲမှာ
မနက်ခင်းတို့ရဲ့ နေခြည်နဲ့မိုးစက်ကလေးတွေလို
ပန်းကလေးတွေကို ဖူးပွင့်လန်းဆန်းစေဖို့ …
မြေပြင်မှာ ကြွေလွင့်နေတဲ့
ပန်းချောက်ကလေးတွေကို
ရွရွကလေးကောက်
ဖွဖွကလေးနမ်းရင်း
ဝေဒနာအလွမ်းကလေးများ
ထပ်တူခံစားတတ်ဖို့ …
လေပြေအဝှေ့မှာ
ညည်းတွားငိုရှိုက်နေတဲ့
ကြွေလွင့်ဆဲသစ်ရွက်ကလေးတွေကို
သနားကြင်နာနွေးထွေးတတ်ဖို့ …
အဖေါ်မဲ့တဲ့ ငှက်ကလေးတွေကိုမြင်တဲ့အခါတိုင်း
အကြင်နာတရားတွေထားရင်း
ပျော်ရွှင်ခြင်းနှလုံးသားကို
မျှဝေအဖေါ်ပြုပေးတတ်ဖို့ …
ဝတ်မှုံလေးတွေကူးပေးရင်း
ပန်းကလေးတွေနဲ့ ကြည်နူးနေတတ်တဲ့
လိပ်ပြာကလေးတွေကိုမြင်တဲ့အခါတိုင်း
ထပ်တူခံစား အပြုံးများနဲ့ နှုတ်ဆက်တတ်ဖို့ …
ပင်လယ်ပြင်ကမ်းနဖူးပေါ်မှာ
ယှဉ်တွဲပျော်မြူးနေတဲ့
စင်ရော်မောင်နှံလေးတွေကိုမြင်တိုင်း
ရင်ထဲလှိုင်းခတ် ကြည်နူးနေတတ်ဖို့ …
အမှောင် ညနက်တွေထဲမှာ
သူတတ်စွမ်းသလောက်နဲ့
အလင်းစက်ကလေးတွေ မျှဝေပေးတဲ့
ပိုးစုန်းကြူလေးတွေနဲ့ ဆုံတဲ့အခါတိုင်း
ဖွင့်ဟခွန်းချို ကျေးဇူးစကားဆိုတတ်ဖို့ …
အာကာယံကောင်းကင်ထဲမှာ
လမင်းစန္ဒာနဲ့ ကြယ်တာရာတွေစုံတဲ့ညတိုင်း
ချစ်တဲ့သူတိုင်း ပေါင်းရစေသားလို့
တောင်းဆုချွေ ချစ်စကားလေးတွေနဲ့
နှလုံးသားတွေလှပစေဖို့ …
ချစ်သစ္စာအလှတရား
ကြင်သူ့အပေါ်မှာထားရှိရင်း
ကျောက်သားအသွင် အစဉ်ဖြစ်စေဖို့ …
အိုဘယ့် … ချစ်သူရေ
မင်းရဲ့ရင်ခွင်မှာ ချစ်ခြင်းတရားတွေကိုသင်ယူရင်း
မထင်မှတ်တဲ့ ချွတ်ယွင်းချက်လေးများရှိခဲ့မယ်ဆိုရင်
လမ်းပြလို့ခွင့်လွှတ်ပေးပြီး
ရှေ့ဆက်မဲ့ ချစ်ခရီးလမ်းတွေတွက်
မြစ်တစင်းလို ရှင်သန်ခွင့်ပြုပါ …
ကျော်စွာလင်း ( ရိုးမ ) ဝ၉.ဝ၆.၂ဝ၁ဝ
စာသားတွေ.. ကောင်းတယ်... :)
ReplyDeletei like all ur poem
ReplyDelete