25.8.14

သြော် .. ကိုရီးယား ဆိုပါယား (၂)



သြော် .. ကိုရီးယား ဆိုပါယား  (၂)

ကိုရီးယားတွေရဲ့ အနုပညာအပိုင်းမှာ ကြိုးစားအားထုတ်မှုဟာလည်း တကယ့်ကို မချီးကျူးလို့မရလောက်အောင် ကျိုးစားအားထုပ်မှုတွေ ရှိပါတယ်။ မြန်မာပြည်က အနုပညာသမားတွေက တစိတ်ရှိတိုင်း စိုးရကိုပဲ ပုံချပြောလေ့ရှိပါတယ်။ ကိုယ်ပိုင်သံစဉ်ဆိုဖို့ ဖန်တီးဖို့ အစိုးရက မတားစီးခဲ့သလို ကိုယ်ပိုင် ရုပ်ရှင် ဇာတ်လမ်းတွေ ရိုက်ဖို့လည်း မတားစီးခဲ့ပါဘူး။ မြန်မာပြည်က ရိုးသားတဲ့ပြည်သူတွေအပေါ်မှာ အချောင်အခွင့်ရေးယူပြီး ကိုယ်ကျိုးစီးပွားရှာတယ်လို့ပဲ ကျုပ်ကတော့ ရိုးရိုးလေးပဲမြင်တယ်။

မြန်မာပြည်မှာ နံမည်ကြီးတီးဝိုင်းက အဆိုတော်တွေကိုကြည့်ရင် တရုပ်ပြည်က နံမည်ကြီး သီချင်းတွေကို ကော်ပီးကူးပြီးခိုးချ၊ အနောက်နိုင်ငံတွေက နံမည်ကြီး သီချင်းတွေကို ကော်ပီးကူးပြီးခိုးချ စင်ပေါ်တက်ပြီး ဖင်ခေါင်းကျယ်ကြ။ ရုပ်ရှင်ဆိုလည်း ထိုနည်းလည်းကောင်း အနောက်နိုင်ငံက ဇာတ်လမ်းတွေကို ကော်ပီခိုးချ၊ ထိုင်းကား၊ တရုပ်ကား ၊ကိုရီးယားကားတွေကို ကော်ပီကူးခိုးချပြန်ရိုက် အဆင့်မှီအောင် လိုက်ရိုက်နိုင်တာလည်းမဟုတ်ပဲ ကိုယ့်အရှက် ကိုယ်ခွဲနေသလိုပါပဲ။ မြန်မာပြည်က ပြည်သူတွေကတော့ မူရင်း သီချင်းတွေ ဇာတ်လမ်းတွေ တော်ရုံကြည့်ရဖို့ နားထောင်ရဖို့ဆိုတာ မလွယ်ပါဘူး။ ဘာမှမသိကြတော့ ပြည်တွင်းက ကော်ပီတွေကိုပဲ အထင်ကြီး အဟုတ်ထင် ပြည်ပအနုပညာတွေနဲ့ ယှဉ်လိုက်တော့ မြန်မာ့ အနုပညာဆိုတာ နောက်မှာ အများကြီး ကျန်နေခဲ့ပြီဆိုတာလည်း အခုချိန်မှာတော့ အထိုက်အလျှောက်ပွင့်လင်းလာတော့ တဖြည်းဖြည်းနဲ့ သိလာကြပါပီ။
2NE1 ကိုလူငယ်တွေ သဘောကျကြတယ်ဆိုတဲ့ အကြောင်းပြချက်တွေထဲမှာ ကိုယ့်နိုင်ငံမှာရှိတဲ့ အဆိုတော်တွေနဲ့ အနုပညာ ဖန်တီးသူတွေရဲ့ ညံ့ဖျင်းမှုလည်းပါပါတယ်။ K-pop အဆိုတော်မလေးတွေဟာ ဘက်ပေါင်းစုံ ပြည့်စုံအောင် ကြိုးစားထားမှုလည်း ပါပါတယ်၊ အဆိုနဲ့အကတွင်သာမက ရုပ်ရည် ခန္ဒာကိုယ် အချိုးစား ပိုင်းဆိုင်ရာမှာလည်း ကြည့်လို့အတော်ကောင်းအောင် စွဲဆောင်မှု ရှိကြပါတယ်၊ နောက်ပြီး K-pop အဆိုတော် မိန်းကလေးတွေရဲ့ အဝတ်အစားကလည်း အတော်လန်းပါတယ် လန်းတာထက် ကျော်လွန်သွားတဲ့အခါ လန်းလွန်းလို့ လန်ထွက်နေတဲ့ ပုံတွေကလည်း ဘောင်းဘီတိုကို ခွအရင်းအထိ တိုပျက်ကပ် နေအောင်ဝတ်ပြ အပေါ်ရင်သားကိုလည်း မလုံတလုံ နဲ့ မြင်သူယောက်ကျား အပေါင်းတို့အား အာရုံခြောက်ပါးနဲ့ အကုန်ဖမ်းစားပြီး လိင်ပိုင်းဆိုင်ရာ ဦးစားပေး မြူဆွက်နေသလို ပုံစံမျိုးပေါက်နေတယ်။ အဲ့ဒီလို မလုံရေးချမလုံ ပုံစံတွေကိုတော့ မြန်မာမိန်းကလေး တချို့ အနုပညာလောက သရုပ်ဆောင်တွေ အဆိုတော်တွေလည်း အမှီလိုက်နေတာ တချို့တွေ့ရပါတယ် ( အရှေ့ကကြည့်လည်း မလုံမလုံ၊ အနောက်ကကြည့်လည်း မလုံမလုံ အထက်ကကြည့်လည်း မလုံမလုံ၊ အောက်ကကြည့်လည်း မလုံမလုံ၊ မလုံမလုံ မလုံမလုံ မလုံရေးချမလုံ အဲ့ဒီသီချင်းလေးကို သတိရပြီး ဒီစာရေးနေရင် တယောက်တည်း ဆိုမိတယ်)။ ပြီးခဲ့ သင်္ကြန်တုန်းက ထိုင်းနိုင်ငံက အကလာဖျော်ဖြေတဲ့ မိန်းကလေးတွေ တိုပျက်ကပ် ဝတ်ပြီးဖျော်ဖြေလို့ မြန်မာပြည်မှာ ဒီလိုဝတ်စားတာဟာ မြန်မာယဉ်ကျေးမှုနဲ့ ဆန့်ကျင်ရာရောက်တယ်ဆိုပြီး ဝိုင်းအော်ကြ မီဒီယာမှာပါ ဝိုင်းပြောကြ facebook မျက်နှာမှာပါ ပလူပျံအောင် ဝိုင်းဆဲဝေဖန်ကြပေမယ့် ကိုရီးယား  K-pop အဆိုတော်မလေးတွေ တိုပျက်ကပ်တွေနဲ့ လှုပ်ပြ ရမ်းပြ ခါပြတော့လည်း အတော်ကြည့်ကောင်းပြီး ဆွေမျိုးမေ့သွားလောက်အောင် ဘာအသံမှ မကြားရတော့ဘူး။ မြန်မာပြည်က ဘော်ဘော်တချို့ ကမေးကြတယ် ကိုရီးယားမတွေက အရမ်းချော အရမ်းလှတွေပဲလားတဲ့ ၊ ကိုရီးယားမတွေ အကုန်ချောလှနေတာတော့ မဟုတ်ဘူးနော်၊ ကျုပ်အလုပ်လုပ်နေတဲ့ ရုံးမှာ ကျုပ်ဘေးပတ်လည်မှာ ရှိတဲ့ ကွန်ပျူတာခုံတွေမှာ ထိုင်နေတဲ့ ကိုရီးယား ဝန်ထမ်းစာရေးမတွေကတော့ ကျုပ်အမြင်ပြောရရင် ကျုပ်အချစ်ကလေး ကိုကန့်မလေးလောက်ကို မလှကြဘူးဗျာ ဟဲဟဲ ကြားဖျက် အခမဲ့ကြော်ငြာ။  

ကိုယ်ပိုင်သံစဉ်တွေနဲ့ ပေါက်မြောက်အောင် အားထုတ်ရမယ့်အစား ဘယ်နိုင်က နာမည်ကြီး သီချင်းတွေကို ကော်ပီခိုးချရင်ကောင်းမလဲ၊ ဘယ်နိုင်ငံက နာမည်ကြီး အဆိုတော်တွေ ဘာသီချင်း အသစ်ထွက်မလဲ ဆိုတာပဲ ကူးချလိုက် ထိုင်စောင့်လိုက်နဲ့ ရှက်တတ်ဖို့ သိက္ခာကျဖို့ကောင်းပါတယ်။ မြန်မာပြည်က ကော်ပီသမား နာမည်ကြီး အဆိုတော်ကြီးကလည်း အရင်တုန်းက အင်တာဗျူးတခုမျာ ပြောလိုက်ပါသေးတယ်၊ ကော်ပီဆိုပေမယ့် ကြိုးစားအားထုပ်မှု့ ရှိရပါတယ်တဲ့ ၊ ရယ်စရာတော့ ကောင်းပါတယ် မြန်မာပြည်က လမ်းဘေးမှာ ဝါးဆစ်ဘူးတီး သီချင်းဆိုပြီး တောင်းစားနေရတဲ့ သူတောင်းစား ကလေးလေးတွေလည်း သူဟာနဲ့သူ ကြိုးစားအားထုပ်မှုတော့ ရှိကြတာပေါ့။ ကော်ပီသီချင်းတွေ မရှက်စတမ်း သီဆိုပြီး စီပွားရှာနေတဲ့ အဆိုတော်မကလည်း ကော်ပီတူ ကော်ပီ လုပ်တာကို တရားဆွဲရပြန်သတဲ့။ မြန်မာပြည်က မင်းသားတွေ နံမည်ကြီးပြီဆိုရင် ခန္ဒာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပြီး ထိန်းသိမ်းဖို့ထက် ပျက်စီးဖို့ကအများ အဆီရစ်တွေနဲ့ ဗိုက်ခေါက်အရွှဲသား၊ အခုခေတ် မြန်မာမင်းသားတွေရဲ့ ရူပါကတော့ အသက် ငါးဆယ်ကျော် ရောက်နေတဲ့ မင်းသားဟောင်းကြီး အကယ်ဒမီ စိုးသူရဲ့ လက်ရှိရုပ်ရည်ကို လုံးဝ မမှီဘူး။ ဒါကြောင့်မို့လည်း မြန်မာမလေးတွေ ကိုရီးယား မင်းသားလေးတွေကို အသဲစွဲနေတာလည်း ဖြစ်လောက်ပါတယ်၊ (ကြားဖျက် ကျနော့် အကြိုက်လေးတခု ကြုံလို့ ထည့်ပြောလိုက်ပါအုံးမယ်၊ ဘယ်တော့မှ မရိုးတဲ့ ဆရာ ဆိုင်းခမ်းလိပ် ရေးတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ အောင်မြင်ကျော်ကြားခဲ့ စိုင်းဆီးဆိုင် ကျုပ်အကြိုက်ဆုံး သီချင်းရေးဆရာနဲ့ အဆိုတော်ပေါ့၊ ဒါပေမယ့်လည်း ဆိုင်းထီးဆိုင်လည်း ကိုယ်ပိုင်သံစဉ်တွေနဲ့ နံမည်ရနေတာကို အာဏာသုံးပြီး ဖျက်လိုဖျက်စီးလုပ်ပြီး ဖျက်စီးပြစ်လိုက်သူကတော့  တပ်မတော် အရာရှိဟောင်း မြသန်းစံပဲဖြစ်ပါတယ်၊ ၎င်းဟာ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စစ်အစိုးရ ပေါ်လစီသီချင်းတွေရေး၊ ရေးတော့လည်း ကိုယ်ပိုင်သံစဉ်မဟုတ်တဲ့ ကော်ပီသီချင်းတွေရေး၊ ပြီးတော့ ကိုယ်ပိုင်သံစဉ်နဲ့နာမည်ကြီးနေတဲ့ စိုင်းထီးဆိုင်ကို အာဏာပါဝါသုံးပြီး မရရအောင် ဆိုခိုင်း၊ စိုင်းထီးဆိုင်က ငြင်းပါသေးတယ်၊ သူ့ဆရာ စိုင်းခမ်းလိပ်လည်း ပေါ်လစီ ကောပီသီချင်းတွေ မဆိုဖို့တားပါသေးတယ်  နောက်ဆုံးတော့လည်း အာဏာကို မလွန်ဆန်နိုင်လို့ ဆိုပေးလိုက်ရပါတယ်။ အဲ့ဒီနောက် စိုင်းထီးဆိုင်လည်း နာမည်ကျသွားတော့တာပါပဲ အဲ့ဒီအကြောင်းတွေကို မြသန်းစံရဲ့ စာအုပ်တအုပ်ထဲမှာ ဖတ်လိုက်ရပါတယ်၊ စိုင်းထီးဆိုင်ဟာ သူ့ကြောင့်ဖြစ်ခဲ့ရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူလည်း တပ်မတော်က အနားယူပြီး အားလုံးကို တော်တော်သံဝေဂ ရနေတဲ့ပုံပါပဲ။)

ကိုရီးယားတွေလည်း ဟိုတုန်းက ကော်ပီဆိုတာတော့ ရှိခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ မရှိတော့ဘူးလို့တောင် ပြောလို့ရပါတယ်။ မြန်မာပြည်က နာမည်ရ သရုပ်ဆောင်တွေ အဆိုတော်တွေ အနုပညာဖန်တီးသူတွေကိုလည်း  ပြောချင်ပါတယ်။ မြန်မာပြည်သူတွေကတော့ တိုင်းပြည်က နိပ်ကျနေတဲ့အချိန်မှာ ကိုရီးယားတွေ မြန်မာပြည်လာရင် အထင်တွေ စွတ်ကြီးနေကြ အလုပ်ကလေးရဖို့ မျက်နှာချိုသွေးရ၊ ဘယ်နိုင်ငံကြီးပဲလာလာ ဟိုလူလာလည်း မျက်နှာချိုသွေးရ ဒီလူလာလည်း မျက်နှာချိုသွေးရနဲ့ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီး ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ သတိရမိသေးသား၊ အုပ်ချုပ်သူ အာဏာရှင် အဆက်ဆက်ကလည်း တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်စီးခဲ့ကြ ပြည်သူတွေ လူလုံးမလှတော့ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရ၊ ဒီကြားထဲဗျာ မြန်မာပြည်မှာ စီးပွားလာရှာနေကြတဲ့ ကိုရီးယားတွေက သူတို့ကိုယ်သူတို့ ဘုရင်လို့ထင်၊ ကိုရီးယားမှာ အလုပ်လာလုပ်တဲ့ မြန်မာတွေကို ကိုရီးယားတွေက အငတ်တိုင်းပြည်ကလာတဲ့ ကျွန်တွေလို သဘောထားကြတာ သိတဲ့သူတွေ သိပါလိမ့်မယ်။ မြန်မာပြည်က ပြန်လာတဲ့ ကိုရီးယားတွေက ပြောပြကြတယ် မြန်မာပြည်မှာ ကိုရီးယား သီချင်းတွေကို မြန်မာအဆိုတော်တွေက ကော်ပီပြန်ဆိုကြ ရုပ်ရှင်တွေလည်း ကော်ပီပြန်ရိုက်ကြတယ်တဲ့ စပ်ဖြဲဖြဲနဲ့ ပြောကြတော့ ကျုပ်ကတော့ ရှက်လိုက်တာဗျာ၊ တခြားမြန်မာတွေလည်း ကျနော့်လိုပဲ ရှက်ကြမှာပေါ့ ကျနော်သိပါတယ်။ ကိုရီးယား ကော်ပီသီချင်းတွေ ရုပ်ရှင် ဗွီဒီယို တွေကို ရှာပြီး နားထောင်ကြည့်ရှု လိုက်တော့ သောက်တလွဲ သောက်ဆင့်မရှိ ရှက်လိုက်တာမှ လန်ထွက်နေတာပဲ။ မြန်မာ့ ရုပ်ရှင် အနုပညာ သမားတွေကတော့ နောက်ပိုင်း တိုးတက်လာတာတွေတော့ တွေ့ရပါတယ်၊ မိသားစုချင်းတောင် အတူမကြည့်ဝင့်လောက်အောင် အင်္ကျီဗလာနဲ့ ကုတင်ပေါ်တက်တဲ့ အခန်းတွေကိုတော့ နိုင်ငံခြား တိုင်းပြည်တွေထက်သာအောင် အားကြိုးမန်တက် ရိုက်ပြနေတာတွေတော့ တိုးတက်ပါတယ်။ မြန်မာပြည်က အနုပညာသမားတွေကို ပြောချင်ပါတယ် ကိုရီးယား ရုပ်ရှင်နဲ့ သီချင်းတွေကို အရှက်မရှိ  ကောာ်ပီခိုးချနေတာဟာ ကိုရီးယားမှာ အလုပ်လာလုပ်နေတဲ့ မြန်မာတွေကို မျက်နှာပူအောင် အရှက်ရအောင် လုပ်နေသလိုပါပဲ၊ နဂိုထဲကမှ ကျွန်သာသာ မျက်နှာမွဲ အနှိမ်ခံဘဝတွေ ဖြစ်နေရတဲ့အထဲ ခင်ဗျားတို့ကြောင့် ထပ်ပြီး သိက္ခာမကျရပါစေဗျာ။ မြန်မာပြည်က လူငယ် လူလတ်တွေကိုလည်း ပြောပြချင်တယ်။ ကိုရီးယားတွေကို ပဲဖြစ်ဖြစ် ဂျပန်ပဲဖြစ်ဖြစ် အမေရိကန်ပဲ ဖြစ်ဖြစ် အင်္ဂလန်ကိုပဲဖြစ်ဖြစ် အလွန်အကျွံ အထင်ကြီးနေတာဟာ မိမိကိုယ်မိမိ တိုင်းတပါးတွေရဲ့ အထင်သေးခံနေရခြင်းသာဖြစ်တယ်၊ ဘယ်နိုင်ငံမှ ကိုယ်နိုင်ငံကို သူတို့အတွက် အကျိုးမြတ် တစုံတရာ မရှိပဲ မကူညီဘူးဆိုတာ သိထားရမယ်။ အထင်ကြီးစရာတွေကိုသာ အထင်ကြီးရမယ်၊ သူတို့နိုင်ငံကို ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ၊ ဒီမိုကရေစီရအောင် ဘယ်လိုတော်လှန်ခဲ့ကြသလဲ၊ မျိုးချစ်စိတ်ဓါတ် ဘယ်လောက်ရှိတယ် ဘယ်လိုစည်းရုံးတယ် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားအောင် ဘယ်လိုလုပ်ကြသလဲ။ သူတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုကြိုးစားကြသလဲဆိုတာတွေကို အထင်ကြီးရမယ် အားကြရမယ် အတုယူရမယ် ဆိုတာ သတိထားစေချင်ပါတယ်။ ကိုရီးယားနဲ့ ပတ်သတ်တာတွေ လေ့လာမှတ်ယူစရာတွေကို ပုံစံမျိုးစုံဖြင့် ဆက်လက်ရေးသားဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပါမည်

ကျော်စွလင်း(ရိုးမ)
၂၅.၀၈.၂၀၁၄

No comments:

Post a Comment