14.10.14

သြော် .. ကိုရီးယား ဆိုပါလား (၃)


ကိုရီးယားနဲ့ မြန်မာပြည်က လူငယ်တွေအကြောင်း နှိုင်းယှဉ်ကြည့်ရင်လည်း မြန်မာပြည်မှာဆိုရင် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ အတော်လေး ထိခိုက်ပျက်စီးနေတာတွေ့ရတယ်၊ အုပ်ချုပ်သူတွေကိုယ်တိုင် ပြည်သူတွေပေါ်မှာ စေတနာမမှန်လေတော့ ငါတဘို့ထဲအတွက်ပဲ စဉ်းစားပြီး စည်းကမ်းမရှိ ဓါးမိုးအုပ်ချုပ်နေသမျှတော့ စည်းကမ်းရှိပြီး အသိပညာကြွယ်ဝတဲ့ ပြည်သူတွေဖြစ်ဖို့ လူငယ်တွေကို ပြုစုပျိုးထောင်ရတဲ့ အလုပ်ဟာလည်း မြန်မြန်နဲ့ လွယ်ကူလိမ့်မယ့် ကိစ္စတော့ မဟုတ်လောက်ပါဘူး။ ပညာရေးပိုင်းမှာကြည့်ရင်လည်း မြန်မာပြည်မှာ စီးပွားရေး အခက်ခဲကြောင့် ပညာမသင်ကြားနိုင်တဲ့ လူငယ်တွေ၊  မူလတန်း၊ အလယ်တန်း  ပညာရေးအဆင့်တောင် ပညာရေး မပြည့်စုံတဲ့ လူငယ်တွေ၊ အာဏာရှင် အစိုးရ အဆက်ဆက် တိုင်းပြည်ရဲ့ ပညာရေးနဲ့ ကျမ္မာရေးစားရိပ်ကို အနဲဆုံးသုံးပြီး စစ်သုံးစားရိပ်ကို တိုင်းပြည်ဘတ်ဂျက်ရဲ့ တဝက်လောက်သုံးစွဲ၊ လူငယ်တွေရဲ့ အနာဂါတ်ဟာ တိုင်းပြည်ရဲ့ အနာဂါတ်ဆိုတာ နားမလည်ချင်ယောင်ဆောင်ပြီး ဖျက်စီး၊ ကိုယ်အာဏာတည်မြဲဖို့ ကိုယ်အသိုင်းဝိုင်းတစု ကောင်းစားဖို့လောက်ပဲသိတဲ့ အာဏာရှင်တွေကြောင့် အနာဂါတ်မဲ့နေတဲ့ လူငယ်တွေ မွန်းကျပ်မှုတွေ အပြည့်နဲ့ အသိပညာ နည်းပါးတဲ့ လူငယ်တွေဟာ တခါတခါမှာတော့ အထိန်းအကွပ်မရှိ လေလွင့်ခြင်း ပေါက်ကွဲခြင်းတွေ ဖြစ်တတ်စမြဲပါ။ နိုင်ငံတိုင်းမှာတော့ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ လူတွေရှိတတ်ကြပါတယ်။ ကိုရီးယားမှာလည်း ရှိတတ်ကြပါတယ်။ အရေအတွက်ရ ကြည့်မယ်ဆိုရင်တောင် မြန်မာပြည်မှာ ပျက်စီးနေတဲ့ လူငယ်တွေက ကိုရီးယားထက် အဆမတန် ပိုများပါတယ်။ အရမ်းရိုင်းတတ်ပါတယ်ဆိုတဲ့ ကိုရီးယားတွေလည်း မြန်မာတွေထက်ပိုပြီး ယဉ်ကျေးမှု နားလည်တဲ့နေရာတွေလည်း ရှိပါတယ်။ ကိုရီးယားမှာ ရိုးရာပွဲတော်တွေလုပ်တာပဲဖြစ်ဖြစ် ဂီတပွဲတော်တွေ လုပ်တာပဲဖြစ်ဖြစ် ပရိတ်သတ်တွေဟာ အားပေးကြတဲ့ ကိုရီးယား လူကြီး လူလတ် လူငယ်တွေဟာ တည်ငြိမ်စွာနဲက ပျော်ပျော်ပါးပါး အားပေးတတ်ကြတာကိုတွေ့ရပါတယ်။ မြန်မာတွေကတော့ ပွဲလုပ်တိုင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် မူးယစ်ရမ်းတဲ့သူတွေ ရန်ဖြစ်တဲ့သူတွေဟာ ပွဲလုပ်တိုင်းလိုလိုမှာ တွေ့ဖူးတယ်၊ မြန်မာပြည်က အဆိုတော်တွေကို ကိုရီးယားကို ခေါ်ပြီး ပွဲလုပ်တိုင်း မူးယစ်ရမ်းကား ပြဿနာရှာ ရန်ဖြစ်တတ်တာကတော့ ပွဲလုပ်တိုင်းပါပဲ၊ တနှစ်တခါ ကိုရီးယားမှာ သင်္ကြန်ပွဲ လုပ်လည်း နှစ်တိုင်း ရန်ဖြစ်ကြတာပဲ၊ အခုနောက်ပိုင်း မြန်မာတွေ စတိတ်ရှိုးပွဲလုပ်မယ်ဆိုရင်တောင် ငှားခဲ့ဖူးတဲ့ ခန်းမတွေက မြန်မာတွေအကြောင်း သိနေကြလို့ ခန်းမငှားဖို့ဆိုတာ မလွယ်သလောက်ပါပဲ။
ကိုရီးယားလူငယ်တွေအတွက် သူတို့ရဲ့ အနာဂါတ်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးဖို့ အခွင့်ရေးတွေ မျောက်များစွာရှိပါတယ်၊ ပညာရေးပိုင်းမှာဆိုရင် လူတိုင်း လူငယ်တိုင်း အခြေခံပညာ အထက်တန်းအထိကို အခမဲ့ မသင်မနေရ နိုင်ငံတော်က စည်းကမ်းနဲ့ ဥပဒေနဲ့ ကြပ်မတ်ထားပါတယ်၊ ကျနော်တို့နိုင်ငံမှာတော့ အဲ့ဒီလို ဥပဒေတွေ ဘယ်တော့မှ မရှိဘူး၊ အာဏာရှင် အစိုးရ အဆက်ဆက် ပြည်သူတွေကို အမှောင်ထဲမှာထား ဘာမှမတတ်လေ ဘာမှမသိလေ သူတို့အာဏာ တည်မြဲလေဆိုတဲ့ အတွေးပေါက်နေကြပြီး သူတို့သားသမီးတွေကြတော့ နိုင်ငံခြားတိုင်းပြည်မှာ သူတို့ခိုးဝှက်ထားတဲ့ နိုင်ငံတော် ဘဏ္ဍာတေနဲ့ ကျောင်းထားကြ ၊ကိုရီးယားနိုင်ငံအပါဝင် ဒီမိုကရေစီနိုင်ငံတွေမှာ သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွတ်တော်အမတ်တွေ အစရှိတဲ့ အုပ်ချုပ်သူတွေဟာ ၎င်းတို့၏ပိုင်ဆိုင်မှုတွေကို အတိအလင်း ဥပဒေ ပြဌာန်းပြီး ဖေါ်ပြရပါတယ်၊  မြန်မာပြည်က သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရ ဖြစ်ရမယ်ဆိုတဲ့  ဦးသိန်းစိန်ရဲ့ လွှတ်တော်ကြီးထဲမှာ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့ ပြဌာန်းပြီး ဖေါ်ပြဖို့ အတိုက်ခံလွတ်တော်အမတ် တဦးက အဆိုတင်သွင်းတော့ အာဏာရ ကြံခိုင်ရေးပါတီက ကြိုတင်မဲ ဘောင်းဘီချွတ် အမတ်တွေအားလုံး တညီတညွတ်တည်း ဝိုင်းကန့်ကွက်လိုက်ကြတယ်၊ အဖြေကရှင်းပါတယ် လမ်းဘေးက ကလေး သွားမေးတောင်သိပါတယ်။ နိုင်ငံတော်ရဲ့ ပြည်သူ့ဘဏ္ဍာတွေကို အာဏာရှင်တွေ ညီညွတ်စွာနဲ့ ခိုးဝှက်ထားတွေ အကုန်ပေါ်ကုန်မှာ ကြောက်နေကြတယ်ဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့ သတ္တိမရှိတဲ့ သူခိုးတွေပေါ့ဗျာ။  ခိုးရုံတင်မကဘူး တိုင်းပြည်ကို လက်ညှိုးထိုးပြီး တရုပ်ကြီးကိုရောင်းစား၊ လက်ပန်းတောင်းတောင်ကို ပြည်သူတွေဘာမှမသိပဲနဲ့ အနှစ်ခြောက်ဆယ် တရုပ်ကိုရောင်းစား၊ ဧရာဝတီမြစ်စုံကို တရုပ်ကိုရောင်းပြီး လယ်မြိုကို အနင်းခံထားရ၊ အခု ရန်ကုန်မြို့ရဲ့ တဖက်ကန်းမှာရှိတဲ့ မြို့သစ်စီမံကိန်းမှာ စစ်တပ်အနွယ်ဝင် ခရိုနီတချို့နဲ့ တရုပ်ပြည်က ငွေမဲသူဌေးတွေနဲ့ပေါင်းပြီး မြန်မာမှာ ငွေမဲတွေခဝါချရင်း ဘယ်လိုပုံမျိုးနဲ့ မြို့သစ်ကိုပုံအပ်ရင်း ထပ်ပြီးတရုပ်ကို ရောင်းစားအုံးမလည်းဆိုတာ နားလည်နေသလိုပါပဲ၊ မြင်သမျှ သိသမျှပြောနေရင်လည်း ကုန်မှာမဟုတ်ပေ၊ အခုဆိုရင် တရုပ်ပြည်မှာ မိန်းမ မလောက်တော့လို့၊  မြန်မာပြည်က မိန်းကလေးတွေကလည်း ဝင်ငွေအလွန်နဲပါးလို့၊ အလုပ်ကိုင်ရှားပါးလို့၊ တရုပ်ပြည်ဘက်မှာ အလုပ်ကိုင်ကောင်းလေး ရလိုနိုးနဲ့ မအူမလည် ပွဲစားတွေနဲ့ ရောက်သွားမှ ပြည့်တန်စာ ဖြစ်သွားသူတွေ၊ တရုပ်အဖိုးကြီး မယားဖြစ်သွားသူတွေ အဖြစ်နဲ့ ရောင်းစားခံနေရတဲ့ သတင်း အမြဲလို ကြားနေရတယ်။ ဒီကြားထဲ အခြေခံပြည်သူတွေရဲ့ လစာဟာ တသိန်းတောင်မရှိတဲ့ဟာ အကြောင်းကိစ္စကြောင့် ဌာနဆိုင်ရာတွေကို သွားရတဲ့အခါတိုင်း ငွေမပေး လာဒ်မထိုးရင် ဘာမှမလုပ်ပေးတတ်တဲ့ အကျင့်နဲ့စနစ်တွေကြောာင့် သာမန်ပြည်သူတွေ အမြဲအခက်တွေ့နေရတဲ့ကြားထဲ အမှတ်ကောင်းတွေ အပေးခံနေရတဲ့ သမ္မတကြီး ဦးသိန်စိန်က သုံးသိန်းအောက်ကို တရားဝင် လက်စားခွင့်ပြုလိုက်တာ အတော်လေးကို အံသြစိတ်ပျက်မိတယ်၊ ဘယ်အချိန်ထိ အကျင့်ဆိုးတွေကို သယ်ဆောင်သွားကြမလဲမသိဘူးဗျာ။

ကိုရီးယားမှာဆိုလျင် လူမှုအဖွဲ့စည်းတွေကပဲဖြစ်ဖြစ် အသံလွှင့်ဌာနတွေကပဲဖြစ်ဖြစ် လူငယ်တွေနဲ့ ပြည်သူတွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအထွေထွေကို အသိပညာပေးခြင်း၊ ဟောပြောပို့ချခြင်းတွေဟာ အများအပြားရှိသလို လွတ်လပ်မှုလည်း အပြည့်ရှိကြပါတယ်။ ကျနော်တို့ မြန်မာပြည်လား အာဏာရှင် အစိုးရခေတ် အဆက်ဆက် ပြည်သူတွေ လူစုမှာကို အလွန်ကြောက်ခဲ့ကြတယ်၊ ပြည်သူတွေ မျက်စိပွင့် နားပွင့် သွားမှာကို လုံးဝမလိုလား ပြင်ပကမ္ဘာကြီး နဲ့ ဆယ်စုနှစ်များစွာ အမှောင်ထဲမှာ အဆက်သွယ် ဖျက်ထားခဲ့ကြတာကြောင့် လည်းပါတယ်။ ကိုရီးယားမှာ သူတောင်းစား အလွန်ရှားပါတယ်၊ အသက်ကြီးလို့ ထောက်ပံ့မယ့်သူမရှိရင် နိုင်ငံတော်က နေရာထိုင်ခင်း နားခိုစရာပေး ကျွေးမွေးစောင့်ရှောက်ပေးပါတယ်၊ မပြည့်စုံတဲ့ကလေး မိဘမဲ့ကလေးတွေကိုလည်း နိုင်ငံတော်က ပညာရေး ကျမ္မာရေး အပြည့်ဝစောင့်ရှောက်ပေးပါတယ်။ မြန်မာပြည်မှာတော့ဗျာ ပြောရရင်လည်း မကုန်နိုင်တော့ပါ၊ မိဘမဲ့ကလေးတွေဆိုလည်း ဘုန်းတော်ကြီး ကျောင်းတွေက အများဆုံး စောင့်ရှောက်ထားတာ ထောင်သောင်းမကတဲ့ မိဘမဲ့ကလေးတွေဟာ လမ်းဘေးနေကလေးတွေဟာ နိုင်ငံတော်က တာဝန်မယူတဲ့ နိုင်ငံတော်ရဲ့ အသီးအပွင့်တွေဆိုတာလည်း အာဏာရှင် နိုင်ငံတော်ကြီးက လုံးဝ မျက်စီမှိတ်နေခဲ့တာလည်း ယနေ့ထိပါပဲ။

ဂျွန်လ(၉) ရက်နေ့ည လှိုင်သာယာက စားသောက်ဆိုင်မှာ လူသတ်မှုဖြစ်သွားတဲ့ အမှုခင်းကို စီစီတီဗွီမှတ်တမ်းနဲ့ Internet facebook မှာကြည့်လိုက်ရတာ အင်မတန် တုန့်လှုပ် စိတ်မချမ်းမြေ့စရာ မြင်းကွင်းပါ။ ဓါးထိုးတဲ့သူကလည်း အသက် (၁၈) နှစ် ၊ ဓါးထိုးမှု ကျူးလွန်သူတွေထဲမှာ အသက်အကြီးဆုံးက ထိုးတဲ့သူ (၁၈) နှစ်၊ ကျန်တဲ့သူက (၁၇)နှစ် (၁၆)နှစ် ၊ အထိုးခံရသူကလည်း အသက် (၃၀)ကျော် အကြောင်းတွေကတော့ ပုံစံမျိုးစုံ ထောက်မျိုးစုံကနေ သတင်းတွေ ဖတ်လိုက်ရပါတယ်၊ ကြီးတဲ့သူတွေကလည်း လူငယ်တွေကို နားဝင်ချိုအောင်၊ လက်ခံနားလည်းအောင်၊ ရိုသေလာအောင် ပြောတတ်ာတဲ့ အလေ့ကျင့်ပညာ ရှိဖို့လိုသလို ယနေ့အသက်ငယ်သူတွေထဲမှာလည်း လူကြီးသူမတွေကို ရိုသေလေးစားရမှန်း မသိတော့တာတွေ အပြောဆို အမူရာတွေ ရိုင်းစိုင်းလာတာတွေကိုလည်း မကြာခဏကြုံဖူးပါတယ်၊ အဲ့ဒီလိုမျိုး အကျင့်တွေဟာ လူငယ်တွေအတွက် အဆင်လာသဘောနဲ့ မှတ်ယူသွားရင် အနာဂါတ် လူငယ်တွေအတွက်လည်း ရင်လေးစရာ ဖြစ်သွားကြမှာပါ။ လူငယ်တွေကလည်း အရွယ်နဲ့ မလိုက်အောင် သောက်တတ် စားတတ်လာတဲ့ အကျင့်တွေနဲ့ ထိန်းချုပ်မှုမရှိ မဖြစ်သင့်တာတွေ မလုပ်သင့်တာတွေ မမှားသင့်တာတွေ ဖြစ်ကြ၊ အဖျက်စီးခံထားရတဲ့ ခေတ်စနစ်ကြီးဖြစ်နေတာကလည်း အားနည်းချက်၊ အလုပ်အကိုင် ရှားပါးတဲ့ ခေတ်ကြီးမှာ နိုင်ငံတော်ကြီးကလည်း လူငယ်တွေအတွက် ဘာအခွင့်လမ်းကောင်းမှ မဖန်တီးပေးနိုင်သလို အခြေခံကြတဲ့ လူငယ်တွေဟာလည်း သူတို့ရဲ့ အနာဂါတ်ကို အတောက်ပဆုံး အလှပဆုံးဖြစ်အောင် အိမ်မက်မက်ပိုင်ခွင့် ဖန်တီးကြိုးစားနိုင်ခွင့်တွေဟာလည်း အလွန်ရှားပါးတဲ့ လက်တွေ့ဘဝ၊ မိဘတွေနဲ့အတူ တနေ့လုပ် တနေ့စားဘဝနဲ့ အရွယ်မရောက်ခင်ကတည်းက မွန်းကျပ်နေတဲ့ လူငယ်တွေအတွက် သူတို့ဘဝတွေဟာ စိတ်အခန့်မသင့်တာနဲ့ ပေါက်ကွဲပျက်ရှ လွယ်သွားပါတော့တယ်။ ဒါပေမယ့်လည်း ခေတ်လူငယ်တွေ အကုန်ပျက်စီးနေတာတော့ မဟုတ်ကြပါဘူး မြန်မာလူမျိုးတွေရဲ့ မူရင်းစိတ်အမှန်တွေကတော့ ပုံမှန်အတိုင်း အများရှိနေပါတယ်၊ အထိုက်အလျောက် ပွင့်လင်းလာတဲ့ ယနေ့ခေတ်ထဲမှာ အမှန်တရားကို မြတ်နိုးတဲ့သူတွေ သတ္တိရှိရှိ မဟုတ်ရင်မခံတဲ့စိတ်ဓါတ်တွေလည်း ရှင်သန်ကြီးထွားလို့နေပါတယ်၊ ကိုယ်နည်းကိုယ်ဟန်နဲ့ တပိုင်တနိုင် လူမှု့ရေးတွေ ပရဟိတ လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတာကိုလည်း လေးစားဂုဏ်ယူစွာ တွေ့မြင်လာရပါတယ်၊ ဒါကတော့ အကောင်းဘက်က မြင်တွေ့နေရတဲ့ ပကတိ အခြေနေဖြစ်ပါတယ်။

နောက်ပြီး မြန်မာပြည်က လူကြီးတွေက ကလေးတွေကို အရက်၊ဆေးလိပ် ဝယ်ခိုင်းတာက အလေ့ကျင့်တခုလို ဖြစ်နေတယ်၊ ကျုပ်ကိုယ်တိုင်လည်း ကလေးဘဝက ကျနော့်အဖေနဲ့ ဦးလေး ဘကြီးတွေက အရက်ဝယ်ခိုင်းတာတို့ ဆေးလိပ်ဝယ်ခိုင်းတာတို့ မကြာခဏ ခိုင်းတာ ဝယ်ပေးခဲ့ရဖူးတယ်။ လုံးဝ လုံးဝ လုံးဝ မကောင်းတဲ့ အကျင့်ဆိုး တခုပါပဲ၊ အဖေနဲ့ ဦးလေး ဘကြီးတွေလည်း အဲ့ဒီအလေ့ကျင့်ဟာ မကောင်းဘူးဆိုတာ တောမှာနေတဲ့ သူတို့အတွက်တော့ ဝေခွဲတတ်ခဲ့ကြမှာ မဟုတ်ပါဘူး။ အဲ့ဒီမှာ ကိုရီးယားနဲ့ မတူတဲ့အချက် လူငယ်တွေ လူကြီးတွေ လေ့လာရမယ့် အချက် ထပ်ပြောပြပါ့မယ်။ ကိုရီးယားမှာ အသက် (၁၉) နှစ်ပြည့်မှ ဆေးလိပ်ဝယ်လို့ရတယ်၊ အရက်ဝယ်လို့ရတယ်၊ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တယ်။ အသက်(၁၉)နှစ် မပြည့်သေးတဲ့ လူငယ်တွေကို ဆေးလိပ်ရောင်းသည့် ဆိုင်ဖြစ်စေ အရက်ရောင်းသည့် ဆိုင်ဖြစ်စေ ဝင်ရောက်စစ်ဆေးတွေ့ရှိပါက ဆိုင်ရှင်ကို ငွေဒဏ်အပြင် ဆိုင်ကိုလည်း (၃) လဖြစ်စေ (၆) လဖြစ်စေ ၊ (၆) လ နှင့်အထက်ဖြစ်စေ ဆိုင်ပိတ်ခြင်းကို ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ (အခုချိန်မှာတော့ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှု့ အားနည်းနေလို့လားတော့ မသိပါ တခါတလေ လမ်းဘေးမှာ စည်းကမ်းမဲ့ ဆေးလိပ်သောက်နေတဲ့ ဆယ်ကျော်သက် လူငယ်တွေကို မကြာခဏတွေ့လာရတာဖြစ်သလို ၊ သက်ကြီးပိုင်းတွေကတော့ နည်းစနစ်မျိုးစုံနဲ့ ဆေးလိပ်ပျက်သွားကြတဲ့သူတွေ များလာကြပါတယ်၊ ကိုရီးယား TV လိုင်းတွေက ပြသနေတဲ့ ဒရမ်းတွေထမှာပဲ ဖြစ်ဖြစ်၊ သတင်းတွေထဲမှာပဲ ဖြစ်ဖြစ်၊ ဆေးလိပ်သောက်တဲ့ အခန်းကို လုံးဝရိုက်ပြခွင့်မရှိသလို ဆေးလိပ်သောက်တဲ့ နေရာတွေကိုလည်း အများကြီး ကန့်သတ်ပြစ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုရီးယားနိုင်ငံမှာ စည်းကမ်းဥပဒေတွေနဲ့တော့ ကန့်သတ်တားမြစ်ထားပါတယ်။) ကျုပ်ကိုရီးယားကို ရောက်ခါစတုန်းကပေါ့ဗျာ သူငယ်ချင်းတွေတဲ့ ဘီယာဆိုင်သွားထိုင်ကြတော့ တချို့ ကိုယ့်ထက် လေးငါးနှစ် ငယ်တဲ့သူတောင်ပါသေးတယ်၊ အားလုံး(၂၀)ကျော်ကြီးပါပဲ ၊ ကျုပ်မျက်နှာက ကလေးရုပ်များ ထွက်နေလားတော့မသိပါဘူး ကျုပ်တယောက်ထဲကိုပဲ ဆိုင်တံခါးဝမှာ အဝင်မခံဘူး အသက်မပြည့်သေးလို့တဲ့ မှတ်ပုံတင်ပြပါတဲ့ ဆိုင်ရှင်က လုံးဝ ဆိုင်ထဲကို အဝင်မခံဘူး၊ ခဏခဏကြုံခဲ့ရဘူးတယ်၊ အဲ့ဒီတုန်းက ဆိုင်ထဲအဝင်မခံပဲ အရစ်ခံရတာကို စိတ်အတော်ဆိုးမိတယ်၊ နောက်တော့ ပြန်စဉ်းစားကြည့်တော့်မှ အတော့်ကို လေးစားမိတယ်၊ ကျုပ်တို့ ဗုဓ္ဒဘာသာ ထွန်းကားတဲ့ မြန်မာပြည်မှာ ဒါမျိုးတွေ လုံးဝမရှိ၊ ဆေးလိပ် အရက်လောက်ကတော့ ပျင်းတောင်ပျင်းသေး မူးယစ်ဆေးဝါး ဖောချင်းသောချင်း အကုန်ရနေတဲ့နိုင်ငံ၊ ကဲ ဘယ်လိုလုပ်ကြမလဲ၊ အနည်းဆုံး  ကျနော်တို့ နိုင်ငံမှာလည်း ဆေးလိပ်၊ အရက်နဲ့ ပတ်သက်လာရင် လူငယ်တွေအတွက် ကိုရီးယားလို ဥပဒေမျိုးကို ပြဌာန်းသင့်ပါတယ်။ လွှတ်တော်ထဲက ဘူးသီးဖတ်ကြီးများ အဲလေ မှားလို့ မူးကြီး မတ်ကြီးလဲ ဘူးခံပြီး မသိဘူးဆိုပြီး ဘူးသီးဖတ် လုပ်ပြီးအိပ်ပျော်မနေကြပါနဲ့ ဥပဒေနဲ့ ပြဌာန်းနိုင်အောင်ကြိုးစားကြပါ။
ဆက်လက်ဖေါ်ပြပေးပါမည်။

ကျေးဇူးတင်စွာဖြင့်
ကျော်စွာလင်း (ရိုးမ)
www.kslinn21.blogspot.com
၁၀.၀၉.၂၀၁၄

No comments:

Post a Comment